Monday, April 3, 2023

“ဂါရဝေါ စ၊ နိဝါတော စ” မင်္ဂလာတရားနှင့်အညီ

 

မြတ်စွာဘုရားရှင်သည် လောကလူသားများ ကောင်းကျိုးချမ်းသာဖြစ်စေသည့် ကောင်းမြတ်မှန်ကန်သော မင်္ဂလာတရား (၃၈)ပါးကို ဟောကြားတော်မူခဲ့သည်။ (၃၈)ဖြာမင်္ဂလာတရားတော်တွင် “ပူဇာ စ ပူဇနေယျာနံ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ “ဂါရဝေါ စ ရိုသေထိုက်သူတို့ကို ရိုသေခြင်း၊ “နိဝါတော စ မာန်မာန မရှိခြင်းဟူသည့် မင်္ဂလာတရားကို ကျင့်သုံးသောသူတို့သည် ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာကောင်းကျိုးများကို တိုးပွားဖြစ်ထွန်းစေသည်။

ပူဇာ စ ပူဇနေယျာနံ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်းဆိုရာ၌ ပူဇော်ထိုက် သော ရတနာသုံးပါး၊ မိဘ၊ ဆရာသမားနှင့် မိမိထက် အသက်၊ ဂုဏ်၊ သိက္ခာကြီးသူ များသည် ပူဇော်ထိုက်သောသူများဖြစ်သည်။ ရတနာသုံးပါး၊ မိဘ၊ ဆရာသမားများကို ပူဇော်ခြင်းမှာ ဆိုဖွယ်ရာမရှိပြီ။ အသက်၊ ဂုဏ်၊ သိက္ခာကြီးမြင့်သောသူတို့ကိုရတနာသုံးပါး၊ မိဘ၊ ဆရာသမားများကဲ့သို့ သဘောထားခြင်းဖြစ်သည်။ ပူဇော်ရာတွင် “အာမိသပူဇာ ဝတ္ထုပစ္စည်းတို့ဖြင့် ပူဇော်ခြင်း၊ “ဓမ္မပူဇာ အကျင့်တရားဖြင့် ပူဇော်ခြင်းတစ်မျိုးမျိုးဖြင့် ပူဇော်ခြင်းသည် မင်္ဂလာတရားမည်ပါသည်။ “ဂါရဝေါစ ရိုသေထိုက်သူတို့ကို ရိုသေခြင်းဆိုရာ၌ ရိုသေခြင်းဟူသည် လေးလေးစားစား အမြတ်တနိုးပြုမူဆောင်ရွက်ခြင်း၊ အလေးထားဂရုစိုက်ခြင်းဖြစ်သည်။

အလေးထားလေးစားထိုက်သူတို့မှာ ရဟန်းသံဃာများ၊ ဆရာ၊ မိဘ၊ ဘိုးဘွား၊ ဘကြီး၊ ဘထွေး၊ အဒေါ်၊ အရီး၊ အစ်ကို၊ အစ်မတို့နှင့် မိမိတို့ထက် အသက်၊ ဂုဏ်၊ သိက္ခာကြီးသူများဖြစ်သည်။ ထိုပုဂ္ဂိလ်များကို အာမိသပူဇာ၊ ဓမ္မပူဇာတို့အပြင် ထိုပုဂ္ဂိုလ်များကိုတွေ့လျှင် လမ်းရှောင်ပေးခြင်း၊ ကား၊ ရထားစသည်တို့၌ မိမိနေရာကို ဖယ်ပေးခြင်း၊ ထိုသူတို့အနီးမှ ဖြတ်သွားလျှင် ခပ်ယို့ယို့ကုန်း၍သွားခြင်း၊ လက်နှစ်ဖက်ဖြင့် လေးလေးစားစား ပေးခြင်း၊ ယူခြင်း၊ ထိုသူတို့၏အထက် အမြင့်နေရာ၌ မထိုင်ခြင်းသည် ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်းဖြစ်သည်။ ထိုသို့ရိုသေလေးစားခြင်းသည် မင်္ဂလာမည်ပါပေသည်။ “နိဝါတော စ မာန်မာန မရှိရခြင်းဆိုသည်မှာ ရိုသေလေးစားသော အမူအရာရှိရုံမျှသာ မဟုတ်သေးဘဲ မိမိ၏ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးကို နှိမ့်ချထားခြင်းဖြစ်၍ မင်္ဂလာတရားမည်ပါပေ သည်။

မျက်မှောက်ကာလတွင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် အဆိုပါမင်္ဂလာ တရားတော်နှင့်အညီ ကျင့်ကြံပွားများလုပ်ဆောင်နေသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပီတိဖြစ်ရပါသည်။ အခြားသူတို့ကလည်း ထိုသို့ပင် ကျင့်ကြံလုပ်ဆောင် နေကြသည်ကို မြင်တွေ့ရသဖြင့် လောကလူသား ကောင်းကျိုးချမ်းသာများတိုးပွား လာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် မြတ်စွာဘုရားရှင် ဟောကြားထားတော်မူ သော မင်္ဂလာတရားတော်နှင့် အစဉ်အဆက် လိုက်နာကျင့်သုံးလာခဲ့သည့်နိုင်ငံ ဖြစ်သည်။ လက်ရှိကာလတွင် မင်္ဂလာတရားတော်နှင့်မညီသည့် လောကအကျင့် တရားများ ခေါင်းပါးလာသောအခါတွင် ထိုကဲ့သို့ ကောင်းမြတ်သော မင်္ဂလာ အစဉ်အလာများကို ရှေ့ဆောင်လမ်းပြပြုလုပ်ကြသဖြင့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံ သောနိုင်ငံဖြစ်လာပေလိမ့်မည်။

(၃၈)ဖြာ မင်္ဂလာတရားတို့ကို ပြုကျင့်လိုက်နာသူတို့သည် အရာရာ ရန်ဟူသမျှတို့ကို အရှုံးမရှိ အနိုင်ရ၍ မည်သည့်အရပ်တွင်မဆို ချမ်းသာသုခအမျိုးမျိုးတို့ကို ရရှိပိုင်ဆိုင်နိုင်သည်။ မင်္ဂလာတရား (၃၈)ပါးတို့ကို လိုက်နာကျင့်ကြံသူတို့အတွက် ကြီးပွားချမ်းသာကြောင်းဖြစ်၍ မင်္ဂလာတရားတော်များနှင့်အညီ ကျင့်ကြံလိုက်နာ နေထိုင်ကြရမည်ဖြစ်သည်။ မင်္ဂလာတရားတော်များကို လိုက်နာကျင့်သုံးခြင်းသည် လောကလူသားများ ကောင်းကျိုးချမ်းသာဖြစ်စေပြီး မင်္ဂလာတရားများကိုမကျင့်သုံးပါက ဆုတ်ယုတ်ပျက်စီးသော အကြောင်းတရားများဖြစ်စေသည်။ ဆုတ်ယုတ် ပျက်စီးစေသော အကြောင်းတရား ၁၂ ပါးတွင် ဒုစရိုက် ၁၀ ပါးကိုပြုကျင့်ခြင်း၊ သူယုတ်မာတို့နှင့်ပေါင်းသင်းဆက်ဆံခြင်း၊ ယုတ်မာသောတရားနှင့်အယူဝါဒများကို နှစ်သက်ကျင့်သုံးခြင်းကိုဖြစ်စေသဖြင့် ဆုတ်ယုတ်ပျက်စီးခြင်းအကြောင်းများ ဖြစ်စေသည်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က မင်္ဂလာတရားနှင့်ပတ်သက်၍ လူတို့၌ သုံးအုပ်စုကွဲပြားကာ အငြင်းပွားကြကုန်ရာ နောက်ဆုံးတွင် နတ်သားတစ်ပါးက မြတ်စွာဘုရားရှင်ထံရောက်ရှိပြီး ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားကို ဟောကြားပေးပါရန် တောင်းပန်သဖြင့် မြတ်စွာဘုရားရှင်သည် (၃၈) ဖြာ မင်္ဂလသုတ်တော်ကို ဟောကြားတော်မူခဲ့သည်။ ကြီးပွားချမ်းသာရေး တရားတော်များကို ခြုံငုံသုံးသပ်ကြည့်လျှင် ကုသိုလ်ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေး၊ အိမ်ထောင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကျန်းမာရေးစသည့် အမျိုးဘာသာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအားလုံးပါဝင်နေသည်။ ဤ(၃၈)ဖြာသော ကြီးပွားချမ်းသာရေး မင်္ဂလာတရားတော်တို့သည် လူမျိုးဘာသာမရွေး ကြီးပွားချမ်းသာလိုသူတိုင်း လိုက်နာကျင့်သုံးအပ်သော နည်းလမ်းများဖြစ်သည်။

သို့ဖြစ်ရာ လောကလူသားများ ကောင်းကျိုးချမ်းသာတို့ကိုဖြစ်စေနိုင်သည့် “ပူဇာ စ ပူဇနေယျာနံ “ဂါရဝေါ စ၊ နိဝါတော စ အပါအဝင် (၃၈) ဖြာ မင်္ဂလာတရား တော်များနှင့်အညီ လိုက်နာကျင့်ကြံ ပွားများအားထုတ်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။       

No comments:

Post a Comment