Friday, April 14, 2023

ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၂)ကြိမ်မြောက်ရိုးရာ မဟာသင်္ကြန် မင်္ဂလာစည်တော်ပို့ဆောင်ပွဲ

 



နေပြည်တော် ဧပြီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၂)ကြိမ်မြောက်ရိုးရာ မဟာသင်္ကြန်မင်္ဂလာစည်တော်ပို့ဆောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ စပ်လုံကတ်အောင်မြေနတ်နန်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံရှမ်းတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၂)ကြိမ်မြောက် ရိုးရာမဟာသင်္ကြန်မင်္ဂလာစည်တော်ပို့ဆောင်ပွဲတွင် နန္ဒဘေရီစည်တော်နှင့် သိကြားမင်းရုပ်ထုအား ကင်မွန်းရည်၊ အမွေးနံ့သာရည်များ ပတ်ဖြန်းကြသည်။ ထို့နောက် တက်ရောက်လာကြသူများအား သင်္ကြန်အတာရေများဖြင့် ပက်ဖျန်းကြကာ နန္ဒဘေရီစည်တော်နှင့် သိကြားမင်းရုပ်ထုအား စပ်လုံကတ်အောင်မြေနတ်နန်းမှ မြို့အတွင်းသို့ လှည့်လည်ကာ “လောင့်ကုပ်” နမ့်ခင်ချောင်းသို့ ပို့ဆောင်ခဲ့ကြပြီး လမ်းတစ်လျှောက်တွင် ဒေသခံတိုင်းရင်းသားများက စိတ်ချမ်းမြေ့စွာ သင်္ကြန်အတာရေများဖြင့် ပက်ဖျန်း၍ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ အဆိုပါ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၂)ကြိမ်မြောက် ရိုးရာမဟာသင်္ကြန် မင်္ဂလာနန္ဒဘေရီစည်တော်နှင့် သိကြားမင်းရုပ်ထုအား ပို့ဆောင်ပွဲအခမ်းအနားကို တစ်နှစ်လျှင်တစ်ကြိမ် ရိုးရာမပျက် ကျင်းပလျက်ရှိရာ ယခုဆိုလျှင် (၆၁၂)ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment