Thursday, April 6, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်းမြင့်ဆန်များ အောင်မြင်စွာတင်ပို့ပြီးစီးခဲ့သည့်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပ

 


နေပြည်တော်   ဧပြီ 

၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်းမြင့် ဆန်များ အောင်မြင်စွာ တင်ပို့ပြီးစီးခဲ့သည့် အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုးနှင့် ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ဒေါ်သန်းသန်းလင်း၊ ဒေါက်တာအောင်ကြီးနှင့် ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ များ၊ အလုပ်အမှုဆောင်များ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား G to G စနစ်ဖြင့် ဆန်ရောင်းဝယ် နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာ နိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအကြိမ် ဆန်တန်ချိန် တစ်သိန်းကို ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ် ဆန်တန်ချိန်တစ်သိန်းကို ၂၀၂၁ ခုနှစ်တွင် လည်းကောင်း အောင်မြင်စွာ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ ယခုတတိယအကြိမ် ဆန်တန်ချိန်နှစ်သိန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော်နှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ငါးနှစ်စာချုပ် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။  

ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Honorable Md. Ismiel Hossail က Video Clip ဖြင့် နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ဂုဏ်ပြုစကား ပြောကြားသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်းမြင့် ဆန်များ အောင်မြင်စွာ တင်ပို့ပြီးစီးခဲ့သည့် အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့ရေး လုပ်ငန်းစဉ်အဆင့်ဆင့် အောင်မြင် စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခင်အစိုးရအဆက်ဆက်က ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိသော ပို့ကုန်ထောက်ပံ့ငွေအဖြစ် ယခင်နှစ်တွင် ငွေကျပ်ဘီလီယံ ၃၀ ကို လည်းကောင်း၊ ယခုနှစ်တွင် ငွေကျပ် ၇၉ ဘီလီယံကိုလည်းကောင်း ထောက်ပံ့ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment