Sunday, April 2, 2023

လူမှုစီးပွားဘဝ အဆင်ပြေစေရေး စီမံကိန်းများအကောင်အထည်ဖော်

 



လျှပ်စစ်သည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအပါဆုံးအရာ ဖြစ်သည်။ လျှပ်စစ်ဖြင့် လောကသစ်ကိုတည်ဆောက်နိုင်ပြီး လျှပ်စစ်မရှိလျှင် အမှောင်အတိကျ၍ အကျည်းတန်သောဘဝတွင် နေရသလိုဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်တိုးပွားလာသောလူဦးရေနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများမြင့်မားတိုးတက်လာမှုတို့ကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များလာသည်။ လျှပ်စစ် ကဏ္ဍတွင် အခက်အခဲများရှိ၍ ဝန်နှင့်အားမျှတမှုရှိစေရေးအတွက် ထိန်းညှိမောင်းနှင် ရသည်။ မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခြင်းကို အပိုင်းအလိုက်၊ အချိန်အလိုက် အချိုးကျဆောင်ရွက်နေသည်ကိုတွေ့ရသည်။

ပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ယမန်နှစ်က ထုတ်လုပ်မှုအနေဖြင့် ရေအားနှင့်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ ၆၆၇ ဒသမ ၈ မဂ္ဂါဝပ်ခန့်၊ ဓာတ်ငွေ့သုံး အပူစွမ်းအင်ဓာတ်အားပေးစက်ရုံများနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများမှ ၁၅၀၀ ဒသမ ၃ မဂ္ဂါဝပ်ခန့်နှင့် ဒီဇယ်ဓာတ်အားပေးစက်ရုံများမှ ၈ ဒသမ ၉ မဂ္ဂါဝပ်ခန့် စုစုပေါင်း ၂၁၇၇ မဂ္ဂါဝပ်ခန့် ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လွှတ်ပေးခဲ့ပြီး နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားများကို တစ်နိုင်ငံလုံးမှ တစ်ရက်ပျမ်းမျှသုံးစွဲမှုအနေဖြင့် နေ့ဘက်တွင် အများဆုံးမဂ္ဂါဝပ် ၃၄၀၀ ခန့်၊ ညဘက်တွင် အများဆုံးမဂ္ဂါဝပ် ၃၆၀၀ ခန့်ရှိပြီး တစ်ရက်တာပျမ်းမျှဓာတ်အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၆၀၀ ခန့်သုံးစွဲခဲ့သည်။

သို့သော် အများဆုံးထုတ်လုပ်သည့် ဓာတ်ငွေ့အပူသုံး ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု မဂ္ဂါဝပ်များအနက် အချို့လျှပ်စစ်ကဏ္ဍများမှာ ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဘီလူးချောင်း၊ တီကျစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လွှတ်သည့် ဓာတ်အားလိုင်းအချို့ကို အကြမ်းဖက်သမားများကဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးယူ၍ ပြင်ဆင်ဆောင်ရွက်နေရခြင်းတို့ကြောင့် နိုင်ငံတော် ဓာတ်အားလိုင်းစနစ်သို့ ပုံမှန်ပို့လွှတ်လျက်ရှိသော ဓာတ်အားအချို့ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်မှုများရှိနေပြီး ဓာတ်အားလျော့နည်းလာသောကြောင့် ဝန်အားထိန်းညှိခြင်း ဆောင်ရွက်ရသဖြင့် အလှည့်ကျဓာတ်အားပေးစနစ်ဖြစ်ပေါ် လာသည်ကို ယနေ့ကြုံတွေ့နေရသည်။

ပြည်သူလူထုအနေဖြင့် နေ့စဉ်လူမှုဘဝ၌ လျှပ်စစ်ကို မရှိမဖြစ်လိုအပ်နေသည်။ လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပြတ်တောက်ခြင်းနှင့်ပတ်သက်၍ အခက်အခဲများ ရှိနိုင်ပေသည်။ လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းအပိုင်း၌ အကြောင်းအမျိုးမျိုးဖြင့် အခက်အခဲများရှိနေသဖြင့် လတ်တလောတွင် အချိန်ပိုင်းဖြတ်တောက်နေရသော်လည်း အနာဂတ်တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စီမံကိန်းများချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် လေအားနှင့်အသေးစား ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာတို့ကို ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် အလားအလာကောင်းများရှိလာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ရေအားလျှပ်စစ်ကဏ္ဍတွင် အသေးစားစီမံကိန်းများနှင့် အကြီးစားရေအားလျှပ်စစ် စီမံကိန်းများအပြင် လေအားလျှပ်စစ်ကဏ္ဍကိုလည်း နိုင်ငံတစ်ဝန်းရှိ ဇုန်ခြောက်ခုတို့၌ စုစုပေါင်း တပ်ဆင်အင်အား မဂ္ဂါဝပ် ၈၀၀၀ ကျော်အထိ တင်ဒါခေါ်ယူမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း အသိပေးနိုင်ခဲ့သည်။ ယင်းစီမံကိန်းနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် ပုပ္ပါးဒေသ၌ မဂ္ဂါဝပ် ၂၀၀၊ မင်းလှဒေသ၌ ၁၁၆ မဂ္ဂါဝပ်နှင့် မင်းတုန်းဒေသ၌ ၅၆ မဂ္ဂါဝပ်တို့အတွက် လာရောက်တင်ပြသဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အပူစွမ်းအင်သုံးစီမံကိန်းများနှင့်ပတ်သက်၍ လာမည့်ဇွန်လတွင် ဆောင်ရွက်နိုင်မည့်အစီအစဉ်များရှိသည်။ ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ ၂၀ မဂ္ဂါဝပ် ထွက်ရှိနိုင်မည့် အစီအစဉ်များကိုလည်း ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။ အသေးစားလျှပ်စစ် ဓာတ်အားတစ်မဂ္ဂါဝပ်အောက် ထုတ်လုပ်နိုင်သော စက်ပစ္စည်းများ အသင့်ရှိနေ သည်။ ယခုဆောင်ရွက်မည့် လေအားလျှပ်စစ်စီမံကိန်းများကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းအပြင် ပြည်သူများဝင်ရောက်လေ့လာနိုင်သည့် အစီအစဉ်များလည်းရှိသည်။ ပူတာအိုဒေသတွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းများကို ဆောင်ရွက်နိုင်သဖြင့် ရင်းနှီးမြှုပ်နှံမှုများ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရမည်ဖြစ် သည်။

သို့ဖြစ်ရာ လျှပ်စစ်ဓာတ်အားပေးဝေရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ပြီး ပြည်သူများလိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို လာမည့်ကာလတွင် လျင်မြန်စွာဖြည့်ဆည်းပေးနိုင်ရေးအတွက် အောင်မြင်စွာဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

No comments:

Post a Comment