Wednesday, April 19, 2023

နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ

နိဒါန်း

နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည် လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရားတစ်ရပ်အပေါ်တွင် အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြု ထားသောအဖွဲ့အစည်း ဖြစ်သည်။ နိုင်ငံရေးပါတီများတွင် ပြည်ထောင်စုတစ်ဝန်းလုံး၌ စည်းရုံးဆောင်ရွက်မည့် နိုင်ငံရေးပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း၌ စည်းရုံးဆောင်ရွက်မည့် နိုင်ငံရေးပါတီဟူ၍ ရှိသည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်(၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့် စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/ ၂၀၂၃)၊ (၃/ ၂၀၂၃) တို့ဖြင့်လည်းကောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

ပါတီစုံဒီမိုကရေစီစနစ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ နိုင်ငံတော်၏အခြေခံမူများအခန်း၊ ပုဒ်မ ၇ တွင် နိုင်ငံတော် သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ပြဋ္ဌာန်းထားသည်။ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် နိုင်ငံရေးပါတီများသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်သည်။ နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ပါတီ၏ နိုင်ငံရေးဝါဒသဘောတရားနှင့်လုပ်ငန်းစဉ်၊ ပါတီစည်းမျဉ်းနှင့်ဖွဲ့စည်းပုံ၊ ဘဏ္ဍာရေးစည်းမျဉ်း စသည်တို့ ခိုင်မာစွာရှိရမည်ဖြစ်သည်။ နိုင်ငံရေးပါတီတစ်ရပ်သည် ပြည်သူလူထု၏ ရွေးကောက်တင်မြှောက် မှုကြောင့် အစိုးရအဖွဲ့အစည်းအဖြစ်သို့ ပြောင်းလဲဖွဲ့စည်း ဖြစ်ပေါ် လာနိုင်သည်။ ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူလူထုက ရွေးကောက် တင်မြှောက်သော ဒီမိုကရေစီအစိုးရ တစ်နည်းအားဖြင့် ပြည်သူ့အစိုးရ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ပါတီစုံစနစ်ဆိုသည်မှာ ရွေးကောက်ပွဲများတွင် နှစ်ပါတီနှင့်အထက် ကိုယ်စားပြုရွေးကောက်တင်မြှောက်ခံကြ ခြင်းကို ခေါ်သည်။ အများအားဖြင့်ပါတီသုံးပါတီထက် ပိုမိုပါဝင်သောကြောင့် ပါတီတစ်ခုတည်းက နိုင်ငံတော်အာဏာကို လွှမ်းမိုးထားနိုင်ခြင်းမရှိဘဲ ပြည်သူလူထု၏ ထောက်ခံမှုအပေါ်မူတည်၍ နိုင်ငံတော် အာဏာရရှိနိုင်မည်ဖြစ်သည်။ သြစတြေးလျ၊ ကနေဒါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ အိုင်ယာလန်၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် နော်ဝေ နိုင်ငံတို့သည် ခိုင်မာသောနှစ်ပါတီနှင့် အခြားပါတီငယ်များ ပါဝင် ကိုယ်စားပြုသောစနစ်ကို ကျင့်သုံးနေသော နိုင်ငံများဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် သမ္မတစနစ်ကို စတင်အကောင် အထည်ဖော်ကတည်းက ရှေးရိုးစွဲရီပတ်ဗလစ်ကန်ပါတီနှင့် ခေတ်သစ် ဒီမိုကရက်တစ်ပါတီတို့ အပြန်အလှန်နိုင်ငံတော်အာဏာရယူခဲ့ကြသည်။ ပါတီငယ် သို့မဟုတ် တတိယပါတီများရှိသော်လည်း ထောက်ခံအားပေးမှု အနည်းငယ်သာရှိသောကြောင့် အောင်နိုင်သည့်အဆင့်အထိ ရောက်မလာခဲ့ပါ။ ဗြိတိန်နိုင်ငံသည်လည်း နှစ်ပါတီစနစ်ကိုအသုံးချ သော နိုင်ငံတစ်ခုဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြပြီး အချုပ်အခြာအာဏာကို လေဘာပါတီနှင့် ကွန်ဆာဗေးတစ်ပါတီတို့ တစ်လှည့်စီရယူခဲ့ကြသည်။ ပါလီမန်အတွင်းတွင် အခြားသော နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလပါလီမန်အမတ်များလည်း ပါဝင်သည်။ ထို့ကြောင့် နိုင်ငံတော်အာဏာကိုရယူလိုသော နိုင်ငံရေးပါတီများသည် အင်အားတောင့်တင်းခိုင်မာစေရန်အတွက် ပါတီ၏နိုင်ငံရေး ဝါဒ၊ သဘောတရားနှင့် လုပ်ငန်းစဉ်တူညီသော နိုင်ငံရေးပါတီများ စုစည်း၍ စည်းလုံးညီညွတ်စွာ အကောင်အထည်ဖော်ရေးသည် အရေးအကြီးဆုံး အကြောင်းအရပ်တစ်ခုသာဖြစ်သည်။

နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ

ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများသည် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်သည်။ နိုင်ငံရေးပါတီတစ်ရပ်သည် အစိုးရ ကောင်းတစ်ရပ်ဖြစ်ရန် အရည်အချင်းရှိသည့် ကိုယ်စားလှယ်လောင်း များလိုအပ်သည်။ အရည်အချင်းရှိသည့် ကိုယ်စားလှယ်လောင်းများကို နိုင်ငံရေးပါတီများက ရွေးချယ်မွေးထုတ်ရန်လိုအပ်သည်။ နိုင်ငံရေးပါတီကောင်းမှ အစိုးရကောင်းရရှိမည်ဖြစ်ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။

ပြည်သူ့အတွက် ရွေးကောက်ပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် ယခင် NLD အစိုးရ၏ ရွေးကောက်ပွဲ မဲမသမာမှုများမှတစ်ဆင့် နိုင်ငံတော်အာဏာ ကို မသမာသောနည်းလမ်းဖြင့် အဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကို တားဆီးရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ် အခြေအနေကြေညာပြီး ပေါ်ပေါက်လာသော အစိုးရဖြစ်သည်။ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကို ပြန်လည်ကျင်းပချိန်တွင် ကော်မရှင်ကမှတ်ပုံတင်ခွင့် ပြုထားသော နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိမှသာ နိုင်ငံ တစ်ဝန်းလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲဆောင်ရွက်နိုင်မည် ဖြစ်သည်။ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနှင့် ဖွဲ့စည်းခဲ့သည့် CRPHNUG မှ ပေါက်ဖွားလာသည့် PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့ကို ကူညီနေသော EAO များ၏ နိုင်ငံတော်အပေါ် ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှုများ လျော့နည်းပပျောက်၍ လုံးဝရပ်စဲသွားစေရန်အတွက် နိုင်ငံရေးပါတီများအနေဖြင့် ဆောင်ရွက် ရန်လိုအပ်သည်။ နိုင်ငံရေးပါတီများသည် ပြည်သူလူထုနှင့်အတူ ပြည်သူများကြားတွင် ရပ်တည်နေထိုင်ကြသည့် အဖွဲ့အစည်းများ ဖြစ်ကြသည်။ CRPHNUG နှင့် နိုင်ငံရေးသမားအချို့၏ ဖြားယောင်း လှုံ့ဆော်တိုက်တွန်းမှုများကြောင့် PDF အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု ထိခိုက်နစ်နာစေရန် သေကျေပျက်စီးဆုံးရှုံးမှုများ ဖြစ်စေရန်အတွက် အကြမ်းဖက်မှုများ၊ အဖျက်အမှောင့်လုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ NUG/ PDF အမည်ခံအကြမ်းဖက်သမားများ ကြောင့် ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်း များ၊ အုပ်ချုပ်ရေးမှူးများ၊ အပြစ်မဲ့ပြည်သူလူထု ၅၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီဖြစ်ကြောင်းကိုလည်း သိရှိရသည်။ သတ်ဖြတ်ခံရ သည့် အရေအတွက်မှာ ကလေးသူငယ် ၁၅၆ ဦး ၊ ပညာရေးဝန်ထမ်း ၇၁ ဦး၊ ဆေးဘက်ဆိုင်ရာ၀န်ထမ်း ၁၅ ဦး၊ ဒေသခံအုပ်ချုပ်ရေးမှူး ၇၄၄ ဦးနှင့် ရဟန်းသံဃာများ အပါအ၀င် အပြစ်မဲ့ပြည်သူ ၅၂၄၇ ဦးခန့် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ အကြမ်းဖက်မှုများ၊ အဖျက်အမှောင့်များ တားဆီးကာကွယ်နိုင်ရန်နှင့် ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှု ထပ်မံမဖြစ်ပွားစေရေးအတွက် သတင်းပေးခြင်း၊ လုံခြုံရေးအဖွဲ့အစည်းများနှင့်အတူ မိမိတို့၏ ရပ်ရွာ ဒေသ ငြိမ်းချမ်းသာယာရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံရေးပါတီအသီးသီးက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး တို့အတွက် ပူးပေါင်းဆောင်ရွက်မှသာ တိုင်းပြည်တစ်ဝန်းလုံး တည်ငြိမ် အေးချမ်းသာယာမည်ဖြစ်သည်။ ပြည်သူလူထု၏အေးချမ်းသာယာရေးနှင့် နေထိုင်မှုဘဝဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူလူထု ၏ထောက်ခံမှုကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ ပြည်သူလူထု၏ ထောက်ခံမှုသည် နိုင်ငံရေးပါတီများအတွက် ရေရှည်ရပ်တည်နိုင်ရန် အဓိကလိုအပ်သည်။

အကြမ်းဖက်အဖွဲ့အစည်းနှင့် အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးမှုများသည် အစိုးရတစ်ရပ်အတွက် နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်၏ရှေ့ဆက် လျှောက်လှမ်း မည့် အမျိုးသားအကျိုးစီးပွား နစ်နာမှုဖြစ်ကြောင်းကို နားလည် သဘောပေါက်ရန် လိုအပ်သည်။ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူလူထုက ၎င်းတို့ကိုကိုယ်စားပြုမည့်သူများကို ကိုယ်တိုင်ရွေးချယ်သည့် စနစ်ဖြစ်သောကြောင့်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ပြည်သူလူထုများ၏ ရွေးကောက်ပွဲဖြစ်သကဲ့သို့ အနာဂတ်မြန်မာနိုင်ငံတော်ကို ပုံဖော်ဖန်တီးသွားရမည်ဖြစ်သည့်အတွက် နိုင်ငံရေးပါတီများနှင့် နိုင်ငံသားအားလုံးအသိတရားရှိရှိ အမြော်အမြင်ကြီးစွာ ဆောင်ရွက် ရမည်ဖြစ်သည်။

တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးပါတီများ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသောပါတီ ၁၃ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ အရနိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀ ရှိသဖြင့် နိုင်ငံရေး ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင် ရေး စိစစ်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေးပါတီ ၆၃ ပါတီ ရှိသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများကို သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ စစ်ဆေးပြီးနောက် သတ်မှတ်ချက်နှင့်ညီညွတ်ပါက မှတ်ပုံတင်ခွင့်ပြုနိုင်သည် သို့မဟုတ် သတ်မှတ်ချက်နှင့် ညီညွတ်ခြင်းမရှိပါက မှတ်ပုံတင်ခွင့်ပြုရန် ငြင်းပယ် နိုင်သည်။ နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်လိုသူများသည် ပါတီတည်ထောင်ခွင့်အား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ဆက်လက်လျှောက်ထားဆောင်ရွက်နိုင်သည်။

ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် နိုင်ငံရေးပါတီများနှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီအနက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ ၁၂ ပါတီဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၅၁ ပါတီဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်း လုံးစည်းရုံးမည့်ပါတီများသည် ရွေးကောက်ပွဲတွင် ရွေးချယ်ခံရပါက ပြည်ထောင်စုအစိုးရအဖွဲ့ကို ကိုယ်စားပြု၍ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းစည်းရုံးမည့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးချယ်ခံရပါက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ပါဝင်ခွင့်ရရှိမည် ဖြစ်သည်။

ပြည်ထောင်စုအဆင့်လွှတ်တော်များ၊ အစိုးရအဖွဲ့များတွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်းကောင်း ပြည်သူကိုကိုယ်စားပြုခွင့်ရရှိမည့် အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထုအကျိုးစီးပွားအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ အခြေခံလူတန်းစားများဘဝမြင့်မားအောင် ဆောင်ရွက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် အကြမ်းဖက်မှုများ၊ ဥပဒေမဲ့လုပ်ရပ်များ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို နှောင့်ယှက်ဖျက်ဆီးနေမှုများအား ပြည်သူလူထုနှင့်အတူ ဝိုင်းဝန်းကာကွယ်တားဆီးကြရမည်။ မိမိတို့ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုကို စောင့်ရှောက်ကြရမည်ဖြစ်သည်။ တိုင်းပြည်အတွက် ပြည်သူအတွက်မိမိတို့ဒေသအတွက် အစိုးရကောင်းတစ်ရပ်အဖြစ် ရပ်တည်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထမ်းဆောင်ကြရမည် ဖြစ်သဖြင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများသည် ခိုင်မာအားကောင်း သည့် နိုင်ငံရေးပါတီများအဖြစ် ဖွဲ့စည်းတည်ဆောက်ရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများ စောင့်ထိန်းလိုက်နာရမည့်အချက်များ

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားသည့်အခါ အောက်ပါအချက်များအား စောင့်ထိန်းလိုက်နာမည် ဖြစ်ကြောင်း လျှောက်လွှာတွင်ဖော်ပြရပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည် -

            (က)     ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် မှုမပြိုကွဲရေးနှင့် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး ကို ထိန်းသိမ်းစောင့်ရှောက်ရေး၊

            (ခ)       တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊

            (ဂ)       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာရေး၊

            (ဃ)     လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ် စေနိုင်သည့် သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင် သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံး လှုံ့ဆော်မှု မပြုလုပ်ရေး၊

            (င)       ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မပြုလုပ် ရေး၊

            (စ)       နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာ ရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်း မပြုရေး။

နိုင်ငံရေးပါတီများစစ်ဆေးတွေ့ရှိမှု

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၃-၈-၂၀၂၁ ရက်နေ့ မှ ၃-၇-၂၀၂၂ ရက်နေ့အထိ နိုင်ငံရေး ပါတီ ၉၂ ပါတီ၏ပါတီရုံးခန်းများ၊ ပါတီဝင်အင်အားနှင့် ဘဏ္ဍာငွေသုံးစွဲမှုအခြေအနေများကို စစ်ဆေးခဲ့ရာ အောက်ပါအတိုင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်-

            (က)     ပါတီရုံးခန်းများဖွင့်လှစ်ထားရှိမှုအခြေအနေ

                        နိုင်ငံရေးပါတီ ၉၂ ပါတီ၏ ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေမှာ

                        (၁)       ရုံးခန်း ၁၀၀ နှင့်အထက်ရှိသော -                       ၄ ပါတီ

                                    နိုင်ငံရေးပါတီ                          

                        (၂)        ရုံးခန်း ၅၀ နှင့်အထက်ရှိသော    -           ၃ ပါတီ

                                    နိုင်ငံရေးပါတီ                          

                        (၃)       ရုံးခန်း ၅၀ အောက်ရှိသော         -           ၇၀ ပါတီ

                                    နိုင်ငံရေးပါတီ                          

                        (၄)       ရုံးခန်း ၁ ခန်းသာရှိသော            -           ၁၅ ပါတီ

                                    နိုင်ငံရေးပါတီ  

            (ခ)       စည်းရုံးရရှိပြီးသော ပါတီဝင်အင်အားစာရင်း

                        နိုင်ငံရေးပါတီ ၉၂ ပါတီ၏ စည်းရုံးရရှိပြီးသော

                        ပါတီဝင်အင်အားစာရင်းမှာ-

                        (၁)       ပါတီဝင်အင်အား တစ်သိန်းနှင့်               ၄ ပါတီ

                                    အထက်နိုင်ငံရေးပါတီ                                       (မစိစစ်ရသေးသည့် NLD ပါတီ၏ ခန့်မှန်းအင်အား ပါဝင်ပါသည်။)

                        (၂)        ပါတီဝင်အင်အား တစ်သောင်းနှင့်          ၄ ပါတီ

                                    အထက် နိုင်ငံရေးပါတီ             

                        (၃)       ပါတီဝင်အင်အား တစ်ထောင်နှင့်                       ၇၆ ပါတီ

                                    အထက် နိုင်ငံရေးပါတီ             

                        (၄)       ပါတီဝင်အင်အား ငါးရာနှင့်                    ၈ ပါတီ

                                    အထက် နိုင်ငံရေးပါတီ             

            (ဂ)       ပါတီရန်ပုံငွေတည်ရှိမှုစာရင်း

                        နိုင်ငံရေးပါတီ ၉၂ ပါတီ၏ ပါတီရန်ပုံငွေတည်ရှိမှုစာရင်းမှာ

                        (၁)       သိန်းတစ်ထောင်နှင့်အထက်                  ၂၁ ပါတီ

                                    နိုင်ငံရေးပါတီ              

                        (၂)        သိန်းတစ်ရာနှင့်အထက်                        ၃၀ ပါတီ

                                    နိုင်ငံရေးပါတီ              

                        (၃)       သိန်းတစ်ရာအောက်                 ၂၀ ပါတီ

                                    နိုင်ငံရေးပါတီ  

                        (၄)       ရန်ပုံငွေမရှိသည့် နိုင်ငံရေးပါတီ             ၁၄ ပါတီ

                        (၅)       စစ်ဆေးရန်ကျန် နိုင်ငံရေးပါတီ               ၇ ပါတီ

                                    (ဘဏ္ဍာငွေမသိရှိပါ)                

အဆိုပါ နိုင်ငံရေးပါတီအများစုသည် ၂၀၁၀ ပြည့်နှစ် မတိုင်မီက တည်ရှိခဲ့သည့် ပါတီအချို့ ပါဝင်သလို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ် ကာလများနှင့် ၂၀၂၀ ပြည့်နှစ်မတိုင်မီထိ တည်ထောင်ခဲ့ကြသည့် ပါတီများဖြစ်ကြပြီး သက်တမ်းကာလအားဖြင့် ဆယ်စုနှစ်ကျော် သက်တမ်းရှိသည့် ပါတီများရှိသကဲ့သို့ အနည်းဆုံးကာလအားဖြင့် သုံးနှစ်ကျော် လေးနှစ်နီးပါးရှိကြပါသည်။ စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံရေးပါတီများအနေဖြင့် ပါတီရုံးခန်းများ ဖွင့်လှစ်ခြင်း၊ ပါတီရန်ပုံ ငွေ၊ ပါတီဝင်အင်အားများနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီတစ်ရပ်နှင့် ညီညွတ်အောင် ဆောင်ရွက်နိုင်မှုများ အားနည်းသည်ကို တွေ့ရှိရ သည်။

ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောနိုင်ငံရေးပါတီများနှင့် အနိုင်ရပါတီများ

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၃၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ၂၂ ပါတီ၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ၂၂ ပါတီ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ၈၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ၁၉ ပါတီ ရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၁၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီသုံးပါတီ၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၂၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ငါးပါတီနှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၂၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရ ပါတီလေးပါတီ ရှိခဲ့သည်။

ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေ

ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့မှုများကို လေ့လာကြည့်ပါက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၉၁ ပါတီ ဝင်ရောက် ယှဉ်ပြိုင် ရာ ပြည်ထောင်စုတစ်ဝန်းစည်းရုံးမည့်ပါတီ ၆၆ ပါတီရှိပြီး ၎င်းတို့အနက် ကိုယ်စားလှယ်လောင်းဦးရေ ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် သည့်ပါတီနှစ်ပါတီ ၊ ၇၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီတစ် ပါတီ ၊ ၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ တစ်ပါတီ ၊ ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီနှစ်ပါတီ ၊ ၁၀၀ ကျော်ဝင်ရောက် ယှဉ်ပြိုင်သည့်ပါတီသုံးပါတီ ၊ ၁၀၀ နှင့် ၅၀ ကြား ဝင်ရောက်ယှဉ်ပြိုင် သည့်ပါတီ ငါးပါတီ၊ ၅၀ နှင့် ၁၀ ကြား ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၂၆ ပါတီ နှင့် ၁၀ ဦးအောက် ယှဉ်ပြိုင်နိုင်သည့်ပါတီ ၂၆ ပါတီ ရှိခဲ့ပြီး ၎င်းတို့ အနက် အနည်းဆုံးသတ်မှတ်ချက်ဖြစ်သည့် သုံးဦးသာယှဉ်ပြိုင် နိုင်သည့်ပါတီခုနစ်ပါတီရှိကြောင်း တွေ့ရှိရသည်။ ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့်ပါတီ ၂၄ ပါတီအနက် ကိုယ်စားလှယ်လောင်းဦးရေ ၅၀ အထက် ယှဉ်ပြိုင် သည့်ပါတီတစ်ပါတီ ၊ ၅၀ မှ ၁၀ ကြား ၁၀ ပါတီ နှင့် ၁၀ ဦးအောက် ယှဉ်ပြိုင်သည့်ပါတီ ၁၃ ပါတီဖြစ်ပြီး ၎င်းတို့အနက် အနည်းဆုံး သတ်မှတ်ချက်ဖြစ်သည့် သုံးဦးသာ ယှဉ်ပြိုင်နိုင်သည့် ပါတီနှစ်ပါတီ ပါရှိကြောင်း တွေ့ရှိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၈၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် ပြည်ထောင်စုတစ်ဝန်းစည်းရုံးမည့်ပါတီ ၇၂ ပါတီရှိပြီး ယင်းတို့အနက် ကိုယ်စားလှယ်လောင်းဦးရေ ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီနှစ်ပါတီ၊ ၉၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီတစ်ပါတီ၊ ၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီတစ်ပါတီ ၊ ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ တစ်ပါတီ၊ ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီငါးပါတီ၊ ၁၀၀ နှင့် ၅၀ ကြား ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီသုံးပါတီ ၊ ၅၀ နှင့် ၁၀ ကြား ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၂၄ ပါတီ နှင့် ၁၀ ဦးအောက် ယှဉ်ပြိုင်နိုင်သည့်ပါတီ ၃၅ ပါတီရှိခဲ့ပြီး ၎င်းတို့အနက် အနည်းဆုံး သတ်မှတ်ချက်ဖြစ်သည့် သုံးဦးသာယှဉ်ပြိုင်နိုင်သည့်ပါတီ ၁၉ ပါတီ ရှိကြောင်း တွေ့ရှိရသည်။ ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့်ပါတီ ၁၅ ပါတီအနက် ကိုယ်စားလှယ်လောင်း ဦးရေ ၅၀ အထက် ယှဉ်ပြိုင်သည့်ပါတီတစ်ပါတီ၊ ၅၀ မှ ၁၀ ကြား လေးပါတီနှင့် ၁၀ ဦးအောက် ယှဉ်ပြိုင်သည့်ပါတီ ၁၀ ပါတီတို့ဖြစ်ပြီး ၎င်းတို့အနက် အနည်းဆုံးသတ်မှတ်ချက် ဖြစ်သည့် သုံးဦးသာ ယှဉ်ပြိုင်သည့်ပါတီလေးပါတီရှိကြောင်း တွေ့ရှိရသည်။

အထက်ပါအချက်အလက်များကို လေ့လာသုံးသပ်ပါက ပြည်ထောင်စုတစ်ဝန်းစည်းရုံးမည့် ပါတီ ၇၀ ကျော်အနက် ကိုယ်စားလှယ်နေရာ ၅၀ နေရာနှင့်အထက် ဝင်ရောက်ယှဉ်ပြိုင်သောပါတီ ၁၃ ပါတီခန့်သာရှိပြီး အများစုမှာ ကိုယ်စားလှယ်နေရာ ၅၀ အောက်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ၂၀ ရာခိုင်နှုန်းကျော်သော ပါတီများသည် အနည်းဆုံးဝင်ရောက်ယှဉ်ပြိုင်ရမည့် ကိုယ်စားလှယ်ဦးရေဖြစ်သည့် သုံးဦးသာဝင်ရောက်ယှဉ်ပြိုင်ကြောင်း တွေ့ရှိရသည်။ ရွေးကောက် တင်မြှောက်ခံရမှုအခြေအနေကိုလေ့လာပါက လွှတ်တော်ကိုယ်စား လှယ်နေရာ အနည်းဆုံးတစ်နေရာရရှိသည့် ပါတီများအပါအဝင် အရေအတွက်မှာ ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၉၀ ခန့်အနက် ပါတီ ၂၀ ဝန်းကျင်သာရှိသည်ကို တွေ့ရှိရသည်။ အဆိုပါ စာရင်းဇယား အချက်အလက်များအပေါ် လေ့လာသုံးသပ်ပါက နိုင်ငံရေးပါတီအများစု သည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုနှင့် အနိုင်ရရှိမှု နည်းပါးသည်ကိုတွေ့ရပြီး ခိုင်မာအားကောင်းသည့် ပါတီများ ဖြစ်လာရေး နိုင်ငံရေးယုံကြည်ချက်နှင့် ရည်မှန်းချက်တူသည့်ပါတီများ ပူးပေါင်းဆောင်ရွက်ပါက ပိုမိုအောင်မြင်နိုင်ကြောင်း သုံးသပ်ရသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေပြဋ္ဌာန်းချက်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေတွင် နိုင်ငံရေးပါတီများ အနေဖြင့်ပါတီဝင်အင်အား၊ ပါတီရုံးခန်းနှင့် ပါတီရန်ပုံငွေများနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များကို အောက်ပါအတိုင်းပြဋ္ဌာန်းထားပါ သည်-

            (က)     နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိသောပါတီသည် မှတ်ပုံတင်ခွင့်ရရှိသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀ ကို ပြည့်မီအောင် စည်းရုံးရမည်ဖြစ်သည်။

            (ခ)       နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိသောပါတီသည် မှတ်ပုံတင်ခွင့်ရရှိသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်၌ ပါတီရုံးခန်းဖွင့်လှစ်ရမည်ဖြစ်သည်။ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း မြို့နယ်အားလုံး၏ အနည်းဆုံး ငါး မြို့နယ်၌ ပါတီရုံးခန်းဖွင့်လှစ်ရမည်ဖြစ်သည်။

            (ဂ)       ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀ ကို လည်းကောင်း မြန်မာ့စီးပွားရေးဘဏ် တစ်ခုခုတွင်ငွေစာရင်း ဖွင့်လှစ်ထားရှိရမည်ဖြစ်သည်။ အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိပါက ယင်းပါတီအား မှတ်ပုံတင်ခွင့်ပြုခြင်းကို ပယ်ဖျက်ရ မည်။

နိုင်ငံရေးပါတီများသည် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးကဏ္ဍများတွင် ပြည်သူကို ကိုယ်စားပြုပြီး တိုင်းပြည်တာဝန်များကို ဦးဆောင်ဦးရွက်ပြုကြရမည့်သူများ ဖြစ်ပါသည်။ ထို့ကြောင့် ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ၊ ပြည်သူ့အကျိုးကိုဆောင်ရွက်နိုင်သည့် နိုင်ငံရေးပါတီများဖြစ်ရန် လိုပါသည်။ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများဖြစ်စေရန် တစ်နိုင်ငံလုံး စည်းရုံးဆောင်ရွက်မည့်ပါတီဖြစ်ပါက တစ်နိုင်ငံလုံးနှင့်လျော်ညီစွာ ပါတီဝင်အင်အား၊ ပါတီ ရန်ပုံငွေ၊ နိုင်ငံရေးပါတီရုံးခွဲများရှိရန်လိုအပ်သည်။ ရွေးကောက်ပွဲ တွင်လည်း သတ်မှတ်ထားသည့် မဲဆန္ဒနယ် အရေအတွက်ကို ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သည်။ ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီနှင့်အညီ ပါတီဝင်အင်အား၊ ပါတီရန်ပုံငွေ၊ နိုင်ငံရေးပါတီရုံးခွဲများရှိရန် လိုအပ်သည်။ ရွေးကောက်ပွဲတွင်လည်း သတ်မှတ်ထားသည့် မဲဆန္ဒနယ်အရေအတွက်ကို ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သည်။

နိုင်ငံရေးပါတီများအနေဖြင့် မိမိကိုယ်တိုင် ခိုင်ခိုင်မာမာရပ်တည် ဖွဲ့စည်းနိုင်မှသာ တိုင်းပြည်အကျိုး၊ ပြည်သူများ၏ အကျိုးကိုဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အနေဖြင့် ရေရှည်အကျိုးကိုမျှော်ကိုးပြီး တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် အကျိုးများပြီးနိုင်ငံရေးပါတီများအနေဖြင့်လည်း ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန်ရည်ရွယ်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းပေးခဲ့ကြောင်း တွေ့ရသည်။

နိုင်ငံရေးပါတီ

နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံရေးသိပ္ပံ ပညာရှင် အင်တိုနီဒေါင်းစ် (Antony Downs)က “မျှတမှန်ကန်စွာ စီစဉ်ပြုလုပ်ထားတဲ့ ရွေးကောက်ပွဲတွေမှာယှဉ်ပြိုင်အနိုင်ယူခြင်းအားဖြင့် အစိုးရယန္တရားတွေကို ထိန်းချုပ်ဖို့ကြိုးစားနေသော လူမှုအစု အဖွဲ့တစ်ခုဟာ နိုင်ငံရေးပါတီဖြစ်သည်”ဟု ဆိုထားသည်။ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ကျော်ကြားသော သုတေသီတစ်ဦးအဖြစ် နိုင်ငံတကာတွင် အသိအမှတ်ပြုခံထားရသူ အီတလီပညာရှင်ဂျော်ဗန်နီ (Giovanni Sartori) ကလည်း “ရွေးကောက်ပွဲများတွင် တရားဝင် ကိုယ်ပိုင် သင်္ကေတတံဆိပ်တစ်ခုကို ကိုင်စွဲ၍ ဝင်ရောက်ယှဉ်ပြိုင်ပြီး ထိုရွေးကောက်ပွဲများမှတစ်ဆင့် မိမိ၏ကိုယ်စားလှယ်များအား အစိုးရရာထူးများဆီသို့ ပို့ပေးနိုင်စွမ်းရှိသော နိုင်ငံရေးအစုအဖွဲ့တစ်ခုကို နိုင်ငံရေးပါတီဟုခေါ်သည်” ဟု ဖွင့်ဆိုထားသည်။ အဆိုပါဖွင့်ဆိုချက်များသည် နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ အမျိုးမျိုးကွဲပြားနေကြသော်လည်း တူညီသော အခြေခံလက္ခဏာနှစ်ခုရှိသည်။ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် အစိုးရရာထူးများ နှင့် လူထုကိုယ်စားပြုအာဏာရရှိရေးကို ရည်ရွယ်ကြိုးပမ်းလှုပ်ရှားခြင်းတို့သည် နိုင်ငံရေးပါတီများ၏ အရေးကြီးဆုံးသော အခြေခံလက္ခဏာ များဖြစ်သည်။

ပါတီတစ်ခုသည် ရွေးကောက်ပွဲတစ်ခုအတွက်သာ ရည်ရွယ်ဖွဲ့စည်းပြီး ရွေးကောက်ပွဲပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားသည်မျိုးလည်း မဖြစ်စေရပါ။ ပါတီဆိုသည်မှာ လွတ်လပ်စွာပါတီဝင်အဖြစ် ပါဝင်နိုင်မှုနှင့်ရွေးကောက်ပွဲလမ်းကြောင်းမှ တစ်ဆင့် တိုင်းပြည်၏အရေးပါသော ရာထူးနေရာများတွင်တာဝန်ယူပြီး ရှိနေဆဲတာဝန်များ၊ ပြဿနာများကို ဖြေရှင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရသည့် အဖွဲ့အစည်းတစ်ခုဟု ဆိုနိုင်ပေသည်။

နိုင်ငံရေးပါတီ၏ လုပ်ငန်းတာဝန်များ

နိုင်ငံရေးဖြစ်စဉ်တွင် အောင်မြင်စွာပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ဒီမိုကရေစီခိုင်မာရေးအတွက် အထောက်အကူပြုနိုင်ရန် ပါတီတစ်ရပ်သည် လိုအပ်သောစွမ်းဆောင်ရည်များ ထုတ်ဖော်ပြသနိုင်ရန်လို ပေသည်။ နိုင်ငံရေးပါတီများသည် လူမှုအကျိုးစီးပွားများကို ဖော်ဆောင်ခြင်း၊ ပါတီဝင်အသစ်များ စုစည်း၍ အနာဂတ်နိုင်ငံရေး မျိုးဆက်သစ်များ ပျိုးထောင်မွေးထုတ်ပေးခြင်း၊ နိုင်ငံရေးလုပ်ငန်းစဉ် များ ရေးဆွဲချမှတ်ခြင်း၊ နိုင်ငံသားများ၏ နိုင်ငံရေးပါဝင်ဆောင်ရွက် နိုင်မှုကို မြှင့်တင်ပေးခြင်း စသည်ဖြင့် နိုင်ငံသားနှင့် နိုင်ငံရေးစနစ် တို့ကြား ချိတ်ဆက်နိုင်မှုလမ်းကြောင်းကို ဖန်တီးပေးရသည်။

နိုင်ငံရေးပါတီများသည် လူထုအမြင်ကို ဖော်ဆောင်ပေးနိုင်သည့် အရင်းအမြစ်တစ်ခုဖြစ်ပြီး ပါတီများ၏လှုပ်ရှားဆောင်ရွက်မှုများကို အကဲဖြတ်ကာ နိုင်ငံသားများအနေဖြင့် မိမိ၏နိုင်ငံရေး ယုံကြည်ချက်ကို ပါတီများမှတစ်ဆင့် ရပ်တည်နိုင်ကြသည်။ ပါတီလမ်းစဉ်များကို ကြည့်၍ မဲဆန္ဒရှင်များအနေဖြင့် ပါတီတစ်ရပ်သည် လူ့အဖွဲ့အစည်းအတွင်းရှိနေသော ပြဿနာရပ်များကို သိရှိနားလည်မှုရှိရဲ့လား၊ ပြဿနာနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် လုံလောက်သော မူဝါဒများ ချမှတ်နိုင်ရဲ့လားဆိုသည်ကို ဆန်းစစ်အကဲဖြတ်နိုင်သည်။ အတိုက်အခံပါတီများအနေဖြင့်လည်း အစိုးရကိုဝေဖန်ခြင်း၊ ထိန်းညှိ ခြင်းနှင့် ထောက်ပြခြင်း စသည့် လုပ်ငန်းတာဝန်များကို အဓိကလုပ်ဆောင်ကြရသည်။ ဤလုပ်ငန်းတာဝန်သည် ဒီမိုကရေစီစနစ် အတွက်များစွာအရေးပါသည်။ အကြောင်းမှာအစိုးရတစ်ရပ်သည် အတိုက်အခံမရှိလျှင် ကိုယ့်ကိုယ်ကိုယ်အဟုတ်ကြီးထင်၍ ယုံကြည်မှုလွန်ကဲပြီး အခြားသောဘက်များကို ထည့်သွင်းစဉ်းစားမှုမပြုတော့သောကြောင့်ဖြစ်သည်။

အဆိုပါလုပ်ငန်းတာဝန်များကို ဖြည့်ဆည်းလုပ်ဆောင်ပေးခြင်း ဖြင့် နိုင်ငံရေးပါတီများသည် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းတည်ဆောက်ထားသော လူ့အဖွဲ့အစည်းအတွက် အရေးကြီးသော တာဝန်များကို ထမ်းဆောင်ပေးနေခြင်းဖြစ်သည်။ ၎င်းလုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်မှုက နိုင်ငံရေးပါတီတစ်ရပ်၏ ဂုဏ်သတင်းနှင့် အနာဂတ်အလားအလာကို များစွာအဆုံးအဖြတ် ပေးသွား မည်ဖြစ်သည်။

ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရခြင်းမှာ နိုင်ငံရေးပလက်ဖောင်း တစ်ခုရရှိရေးဟု ဆွေးနွေးပြောဆိုမှုများရှိကြောင်း တွေ့မြင်သိရှိနေရပါသည်။ လက်တွေ့တွင် နိုင်ငံရေးပလက်ဖောင်းတစ်ခုရရှိနိုင်ရေး အနေအထားနှင့်သာ တင်းတိမ်မနေသင့်ဘဲ ထို့ထက်မကသော ရည်မှန်းချက်ဖြင့် ဆောင်ရွက်သင့်သည်။ နိုင်ငံရေးပါတီတစ်ခုသည် မိမိအကျိုးစီးပွားတစ်ခုတည်းကြည့်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးကိုသာ ဆောင်ရွက်နေ၍မရပါ။ ရွေးကောက်ပွဲများတွင် အနိုင်ရရှိရန် ပြည်သူများ၏ ယုံကြည်မှု၊ အားကိုးမှုကို ရရှိရန်လိုအပ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို အလေးထားပြီး ဒီမိုကရေစီနည်းလမ်းကျကျ မှန်မှန်ကန်ကန် ရပ်တည်ဖို့လိုသည်။ အကြမ်းဖက်ခြင်း၊ လူသတ်ခြင်း၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသည့် အဖွဲ့အစည်းများ၊ လုပ်ရပ်များကို မြင်ပါလျက်၊ သိပါလျက်နှင့်မသိချင်ယောင်မဆောင် ဘဲ နိုင်ငံရေးပါတီကောင်းတစ်ခုပီသစွာ ပြည်သူအကျိုး၊ တိုင်းပြည်အကျိုးကိုကြည့်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်း ကြိုးပမ်းကြရပေမည်။ ထိုမှသာ ပြည်သူလူထု၏ယုံကြည်မှုကိုရရှိပြီး ပြည်သူ၏အားကိုးမှုဖြင့် ရွေးကောက်ပွဲများတွင် ပြည်သူကို ကိုယ်စား ပြုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံရှိပြည်သူပြည်သားအများစုသည် မိမိတို့ဓလေ့အရ ကြည်ညိုမှုကိုအခြေခံကာ စိတ်ခံစားမှုဖြင့် ယုံကြည်ထောက်ခံလေ့ ရှိကြသည်။ ရိုးသားသည့်စိတ်အရင်းခံဖြင့် အလွယ်တကူလက်ခံ ယုံကြည်လေ့ရှိသည်။ အဆိုပါအားနည်းချက်များကို အသုံးပြုကာ အချို့သော နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းများက အလွယ်တကူ ခွဲခြားပြောဆိုပြီး သိမ်းသွင်းခဲ့ကြသည်။ လက်ရှိနိုင်ငံရေး အခြေအနေ တွင်လည်း ရွေးကောက်ပွဲကိုအကြောင်းပြုပြီး မိမိတို့အဖွဲ့အစည်း အာဏာရရှိရေးမပြုသင့်သည်များ၊ မလုပ်သင့်သည်များကို ဆောင်ရွက်ခဲ့သည့်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ပျက်ပြား ခဲ့ရပြီး အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့ရသည်။ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် ယခင်လွှတ်တော်ကိုယ်စားလှယ်များက မဲစာရင်းမှားယွင်းနေမှုများ၊ မဲမသမာမှုများကို ဖြေရှင်း ဆောင်ရွက်ပေးရန် အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့သော်လည်း ယခင်အစိုးရ၊ လွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင်တို့က တစ်စုံတစ်ရာဖြေရှင်းခဲ့ခြင်း မရှိသည့်အတွက် ယခုလိုအခြေအနေမျိုး ကြုံတွေ့နေ ရခြင်းဖြစ်သည်။

ဖြစ်ပွားခဲ့သောဖြစ်စဉ်အရ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော နိုင်ငံရေးပါတီများတည်ရှိရန်လိုအပ်ကြောင်း အထင်အရှားတွေ့ရပေသည်။ အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများသည်လည်း ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ ဖြစ်လာစေရန်ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယင်းဥပဒေ၊ နည်းဥပဒေများတွင်လည်းပါတီငယ်များ၊ တိုင်းရင်းသားဒေသများရှိ တိုင်းရင်းသား ပါတီများအနေဖြင့် ရပ်တည်ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ပေးထားသည်။ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် ပါတီကြီးငယ်မရွေး အားလုံးပါဝင်နိုင်ရေးသည် အရေးကြီးသည့်အတွက် အားလုံးပါဝင် နိုင်အောင် ဆောင်ရွက်ပေးထားကြောင်း တွေ့ရပေသည်။

နိဂုံး

မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သည်။ ပြည်သူလူထု၏ ပကတိလိုအပ်ချက်သည် ဥပဒေနှင့်အညီ အေးအေးချမ်းချမ်း နေထိုင် လုပ်ကိုင်စားသောက်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့် ဘဝဖွံ့ဖြိုး တိုးတက်ရေးပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဓိကအခြေခံရမည့်အချက်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးစသည့် ဒို့တာဝန်အရေးသုံးပါး ဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်း လျှောက်လှမ်းခဲ့သည်။ ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးမသမာမှုဖြစ်သည့် မဲမသမာမှုဖြစ်စဉ်များကြောင့် တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ခေတ္တထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ပါ၍ နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုကြီးအေးချမ်းသာယာစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် တက်ညီလက်ညီပူးပေါင်းဆောင်ရွက်သွားကြရမည့်အချိန် ကျရောက်နေပြီဖြစ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ ။

သုတကျော်

No comments:

Post a Comment