Wednesday, April 19, 2023

လေးစားကာကွယ် ဖြည့်ဆည်းပေးကြရမည့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေး



ယနေ့ကမ္ဘာကြီးတွင် အသက်အရွယ်ကြီးမြင့်ပြီး အသက်ရှည်ကြသူ သက်ကြီးရွယ်အိုများ များပြားလာသည်နှင့်အမျှ သက်ကြီးရွယ်အိုအသိုင်းအဝိုင်းသည်လည်း ပိုမိုကျယ်ပြန့်လာနေသလို သက်ကြီးရွယ်အိုများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို လေးစားကာကွယ် မြှင့်တင်ကြရန် လုပ်ဆောင်လာနေကြပြီဖြစ်သည်။ ၂၀၁၉ ခုနှစ် World Population Ageing ၏ ထုတ်ပြန်ချက်အရ ကမ္ဘာကြီးတွင်အသက် ၆၅ နှစ်နှင့်အထက် လူဦးရေ သန်းပေါင်း ၇၀၀ ကျော်ရှိနေပြီဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်ရောက်ပါက ၁ ဒသမ ၅ ဘီလီယံအထိ တိုးမြင့်ရောက်ရှိမည်ဟုလည်း ခန့်မှန်းထားသည်။ အဆိုပါ ကိန်းဂဏန်းသို့ရောက်ရှိမည်ဆိုပါက လူခြောက်ဦးတွင်တစ်ဦးမှာ သက်ကြီးရွယ်အိုဖြစ်မည် ဖြစ်သည်။

သက်ကြီးရွယ်အိုများအား အကာအကွယ်ပေး ရေးဆိုင်ရာ မူဝါဒများပါဝင်သည့် အပြည်ပြည်ဆိုင်ရာ စာရွက်စာတမ်းများကို ကြည့်မည်ဆိုပါက ၁၉၈၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော 1982 Vienna Internat-ional Plan of Action on Ageing၊ ၁၉၉၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် 1991 UN Principles for Older Personsနှင့် ၂၀၀၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် 2002 Madrid International Plan of Action on Ageing စာရွက်စာတမ်းများကို ကြည့်ခြင်းအားဖြင့်သိရှိနိုင် မည်ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင်းကို ကြည့်မည်ဆိုပါကလည်း ASEAN Human Rights Declaration နှင့် Kuala Lumpur Declaration on Ageing တို့တွင်သက်ကြီးရွယ်အိုများအား အလေးထား ကာကွယ်ကြမည်ဖြစ်ကြောင်း ဖော်ပြပါရှိထားပြီး ဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့်လည်း နှစ်စဉ် အောက်တိုဘာ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ (International Day of Older Persons) အဖြစ် သတ်မှတ်ကြောင်းကို ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပပြုလုပ် ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ( ၄၅/၁၀၆) ဖြင့် ဆုံးဖြတ်ခဲ့ပြီး သက်ကြီးရွယ်အိုများအပေါ် ကုလသမဂ္ဂ၏ အလေးထားမှုကို ပြသခဲ့သည်။

ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်

ထို့ပြင် ၂၀၁၀ ပြည့်နှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ချက် အမှတ် A/RES/65/182 ဖြင့် Open-ended Working Group on Ageing for the purpose of strengthening the protection of the human rights of older persons (OEWGA) ကိုဖွဲ့စည်းပေးခဲ့ပြီး အဆိုပါအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် သက်ကြီးရွယ်အိုများအတွက် ပိုမိုထိရောက်မှုရှိပြီး အခွင့်အရေးများကို ပိုမို ဖြည့်ဆည်းကာကွယ်ပေးနိုင်သည့် ဥပဒေအရ စည်းနှောင်မှုရှိသည့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အို အခွင့်အရေး သဘောတူစာချုပ် (Interna-tional Treaty on the Human Rights of Older Persons) ထွက်ပေါ်လာရေး ကမ္ဘာတစ်ဝန်းလုံးရှိ နယ်ပယ်အစုံ၊ ကဏ္ဍအစုံမှ ပညာရှင်များ၊ အဖွဲ့ အစည်းအသီးသီးမှ ပညာရှင်များက ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း အခြားသောနိုင်ငံများနည်းတူ သက်ကြီးရွယ်အိုများ များပြားလာသည့် နိုင်ငံဖြစ်ရာ နိုင်ငံအတွင်းရှိ သက်ကြီးရွယ်အိုများအား ကာကွယ်စောင့်ရှောက်နိုင်ရန် သက်ကြီးရွယ်အို များဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ရက် တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၄ ဖြင့် ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သည်။ အဆိုပါ ဥပဒေအရ အသက် ၆၀ နှင့်အထက်ရှိသော မြန်မာနိုင်ငံသား အားလုံးသည် သက်ကြီးရွယ်အိုများဖြစ်ပြီး သက်ကြီး ရွယ်အိုများအား အိမ်အခြေပြု၊ ရပ်ရွာအခြေပြု စောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု၊ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးရမည်ဖြစ်သည်။

လူ့အခွင့်အရေးများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေ

လူ့အခွင့်အရေးရှုထောင့်မှ ကြည့်မည်ဆိုပါက သက်ကြီးရွယ်အိုများသည် ယင်းတို့၏ နေ့စဉ်လူမှု ဘဝတွင် ခွဲခြားဆက်ဆံခံရခြင်း(Discrimination)၊ ပူးပေါင်းပါဝင်ခွင့်မရခြင်း (Right to participation)၊ ကျန်းမာရေးစောင့်ရှောက်ခွင့်မရခြင်း (Right to health))၊ သတင်းအချက်အလက်များ မရရှိခြင်း (Right to information)၊ တန်းတူညီမျှမရှိခြင်း (Equality)၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိ ခြင်း (freedom of expression) စသည့် အခြေခံ လူ့အခွင့်အရေးများ ထိပါးခံနေရမှုများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း ဆန်းစစ်လေ့လာချက် များက ဆိုထားသည်။

ကိုဗစ်- ၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလကြီးတွင် အဆိုပါထိပါးချိုးဖောက်ခံရမှုများသည် ပို၍ထင်သာမြင်သာရှိသည်ဟုလည်း ဆိုကြသည်။ သက်ကြီးရွယ်အိုများသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကိုယ်၊ စိတ် ပင်ပန်းဆင်းရဲမှုများသည် ငယ်ရွယ်သူများထက် ပိုမိုတွေ့ကြုံခံစားခဲ့ကြရပြီး လျစ်လျူရှုခြင်းတို့ကို ခံစားခဲ့ရသည်လည်းဖြစ်သည်။ အထူးသဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက် ရေးဂေဟာများတွင် နေထိုင်ကြသူများသည် ပိုမိုထိခိုက်စွာ ခံစားခဲ့ကြရသည်ဟုဆိုသည်။ သို့ရာတွင် ကိန်းဂဏန်းအတိအကျဖြင့် သိရှိနိုင်ရေးအတွက်မူ အချက်အလက်ကောက်ယူမှုများတွင် အခက်အခဲများ ရှိနေဆဲဖြစ်သည်ဟု သိရသည်။

သက်ကြီးရွယ်အိုများအတွက် အထူးအလေးထား

မြန်မာနိုင်ငံ၌ပြဋ္ဌာန်းထားသည့် သက်ကြီးရွယ်အိုဆိုင်ရာဥပဒေ၏ ရည်ရွယ်ချက်များထဲတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်ကာလနှင့် ပြန်လည်ထူထောင်ရေးကာလများအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေကြေးအထောက်အပံ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကယ်ဆယ်ရေးစခန်းများ စီစဉ်ပံ့ပိုးရာတွင် သက်ကြီးရွယ်အိုများအတွက် အထူးအလေးထား ဆောင်ရွက်ရန်ဟူသည့် အချက်တစ်ချက်သည်လည်း အပါအဝင်ဖြစ်သည်။

အခွင့်အရေးများကို ထည့်သွင်းရေးဆွဲပြီး

သက်ကြီးရွယ်အိုများသည် ထိရှလွယ်အုပ်စု (Vulnerable group) တွင် ပါဝင်သူများဖြစ်ရာ သက်ကြီးရွယ်အိုများအတွက် စဉ်းစားပေးမှုတွင် အခြားသောထိရှလွယ်အုပ်စုဝင်များဖြစ်သည့် ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းများနည်းတူ စဉ်းစား ဆောင်ရွက်ပေးရမည်ဖြစ်ရာ ယနေ့ခေတ်လို သဘာဝဘေးအန္တရာယ်များ အဖြစ်များနေသည့်ကာလကြီးတွင် သဘောဝဘေးအန္တရာယ် ကာကွယ် တားဆီးရေးစီမံချက်များ၊ စီမံကိန်းများရေးဆွဲရာ တွင်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပြီး နောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် စီမံကိန်း၊ စီမံချက်များ ချမှတ်ရာတွင်လည်းကောင်း သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ သတင်းအချက်အလက်ရပိုင် ခွင့်၊ အစားအသောက်ရပိုင်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုရပိုင်ခွင့်၊ ပြန်လည်ထူထောင်ရေး စခန်းများတွင် နေထိုင်ခွင့်စသည့် အခွင့်အရေးများကို ထည့်သွင်းရေးဆွဲပြီး အခွင့်အရေးများကို ဖြည့်ဆည်း ပေးကြရမည်ဖြစ်သည်။

အချုပ်ဆိုရသော်မိမိပတ်ဝန်းကျင်၊ မိမိမိသားစု၊ မိမိနိုင်ငံအတွင်းရှိ သက်ကြီးရွယ်အိုများသည် လူသားများထဲမှ လူသားများပင်ဖြစ်ရာ အဆိုပါလူသားများ၏ မွေးရာပါအခွင့်အရေးနှင့် ဂုဏ်သိက္ခာ များအားလေးစားပြီး လူ့အခွင့်အရေးအခြေပြု နည်းလမ်းများဖြင့် သက်ကြီးရွယ်အိုများ၏အခွင့် အရေးများအား ကာကွယ်ဖြည့်ဆည်းပေးကြရမည် ဖြစ်ကြောင်းနှင့် အဆိုပါအခွင့်အရေးများဖြည့်ဆည်း ပေးနိုင်ရေးအတွက် နိုင်ငံတော်နှင့်တကွ ပြည်သူအားလုံးတွင် တာဝန်ရှိပါကြောင်း ရေးသားလိုက် ရပါသည်။ ။

ဒေါက်တာ ခိုင်ခိုင်ဝင်း

No comments:

Post a Comment