ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံအကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်၊ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များ ပြုစုပျိုးထောင်ပေးရန်ဆိုသည့် ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
၂၀၂၂- ၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စီမံကိန်းကို စာတော်ရုံ သက်သက်မဟုတ်ဘဲ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် စာရိတ္တပိုင်းဆိုင်ရာတို့တွင် ဘက်စုံထူးချွန်သူများကို ကျောင်းအဆင့်၊ မြို့နယ်၊ ခရိုင်အဆင့် အဆင့်ဆင့်စိစစ်ကာ မြန်မာတစ်နိုင်ငံလုံးအတွက် Grade 9 လူရည်ချွန် ၁၆၀၊ Grade 10 လူရည်ချွန် ၁၆၀၊ Grade 11 လူရည်ချွန် ၁၅၈ ဦး စုစုပေါင်း လူရည်ချွန် ၄၇၈ ဦး ရွေးချယ်မွေးထုတ်ခဲ့ပြီး အဆိုပါ လူရည်ချွန်များအား ဧပြီ ၂၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ နိုင်ငံတော်ဝန်ကြီးချုပ်က တွေ့ဆုံကာ ဩဝါဒစကား မြွက်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် လူရည်ချွန် ကျောင်းသားလူငယ်များ၊ အုပ်ချုပ်သူနည်းပြများ၊ ဆရာ ဆရာမများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။
ဒေါ်ချိုချိုဝင်း (ညွှန်ကြားရေးမှူး၊ ပညာဌာန-၁)
ဒီနေ့အခမ်းအနားက တစ်နိုင်ငံလုံးက ရွေးထုတ်လိုက်တဲ့ လူရည်ချွန်မောင်မယ်တွေကို နေပြည်တော်စုရပ်မှာ နိုင်ငံတော်အဆင့်အခမ်းအနားနဲ့ တွေ့ဆုံချီးမြှင့်တာဖြစ်တဲ့အတွက် ကလေးတွေအတွက် ဂုဏ်ယူသလို ဝန်ကြီးဌာနအနေနဲ့လည်း ဂုဏ်ယူဝမ်းသာပါတယ်။ လူရည်ချွန် ကျောင်းသား ကျောင်းသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Grade 9 ဆိုရင် ပုဂံလူရည်ချွန်စခန်း၊ Grade 10 က တောင်ကြီးလူရည်ချွန်စခန်းနဲ့ Grade 11 က ငွေဆောင်လူရည်ချွန်စခန်းကို သွားရောက်မှာဖြစ်ပါတယ်။
သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေက ဂုဏ်ပြုပွဲတွေ ကျင်းပပေးမှာ ဖြစ်ပါတယ်။ အချင်းချင်းလှုပ်ရှား ဆောင်ရွက်ရမယ့်၊ စုပေါင်းဆောင်ရွက်ကြရမယ့် အစီအစဉ်တွေလည်းရှိပါတယ်။ မီးပုံပွဲတွေ ကျင်းပမယ်။ ဂုဏ်ပြုပွဲ၊ ဖျော်ဖြေပွဲအစီအစဉ်တွေလည်း ပါဝင်တယ်။ လူရည်ချွန်ကျောင်းသားဟောင်းတွေနဲ့တွေ့ဆုံပြီး ဗဟုသုတတွေဖလှယ်မယ်။ ဒါ့အပြင် လူရည်ချွန်မောင်မယ်တွေရဲ့ အတွေ့အကြုံဖလှယ်တဲ့ ဆွေးနွေးပွဲတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ရည်ရွယ်ချက်က လူရည်ချွန်တွေက စံပြဖြစ်တဲ့အတွက် ကျောင်းသား ကျောင်းသူတွေက အားကျအတုယူပြီး အနာဂတ်နိုင်ငံ့ သားကောင်းတွေ ပေါ်ထွန်းလာစေဖို့ ဖြစ်ပါတယ်။ လက်ရှိ လူရည်ချွန်တွေကလည်း ထပ်မံကြိုးစားဖို့အတွက် စိတ်ခွန်အားတွေရရှိစေမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် နိုင်ငံ့ခေါင်းဆောင်ကောင်းတွေ ပေါ်ထွန်းလာဖို့ အခြေခံအုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအစီအစဉ်ကို အကောင်အထည်ဖော်ပေးတဲ့ နိုင်ငံတော်အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနကို အထူးကျေးဇူးတင်ပါတယ်။ ဝိုင်းဝန်းပံ့ပိုးပေးတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ဆက်စပ်ဝန်ကြီးဌာနတွေ၊ အထူးသဖြင့် လူရည်ချွန်ကို မွေးထုတ်လေ့ကျင့်ပေးလိုက်တဲ့ ဆရာ ဆရာမနဲ့ မိဘတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
ဦးဝင်းမြင့်ဦး (ကျောင်းအုပ်ကြီး၊ အထက(၅) နေပြည်တော်)
လူရည်ချွန်မောင်မယ်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ဩဝါဒခံယူပွဲဖြစ်တဲ့အတွက် ဝမ်းသာကြည်နူးမှု ဖြစ်ရပါတယ်။ ကျွန်တော်တို့ ကျောင်းက လူရည်ချွန်မှန်းထားတဲ့ ကလေးတွေကို အတန်းအလိုက် နှစ်စကတည်းက ကိုယ်ကာယကြံ့ခိုင်မှုကို လေ့ကျင့်ပေးပါတယ်။ စာကိုလည်း သူ့ဘာသာရပ်အလိုက် ဆရာ ဆရာမတွေက သီးသန့်ခွဲထုတ်ပြီး နေ့စဉ်နေ့တိုင်း လေ့ကျင့်သင်ကြားပေးပါတယ်။ လူရည်ချွန်တွေသည် နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက အားကိုးအားထားပြုနိုင်မယ့် သူတွေဖြစ်မယ်။ အခုလို လူရည်ချွန်တွေကို မွေးထုတ်ပေးလိုက်တာသည် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ပေးနိုင်မယ့်သူတွေကို ပျိုးထောင်ပေးခြင်းဖြစ်ပါတယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသလို ဒီကလေးတွေသည် နိုင်ငံ့တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြမယ့်သူတွေ ဖြစ်လာမှာပါ။ ပညာခေတ်ဖြစ်တဲ့အတွက် ပညာတတ်ထားရင် အခြား နိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်မယ်။ ဒါကြောင့် လူငယ်တွေ၊ သားသမီးတွေကို ပြောချင်တာက ပညာကို ဆုံးခန်းတိုင်အောင်၊ တတ်အောင်သင်ကြပါ။ မိမိဝါသနာပါရာကို ကြိုးစားဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။
ဦးဝင်းခိုင် (ကျောင်းအုပ်ကြီး၊ အထက(၆) နေပြည်တော်)
နိုင်ငံတစ်နိုင်ငံကောင်းဖို့က လူငယ်တွေကောင်းဖို့လိုပါတယ်။ လူရည်ချွန်တွေက လူငယ်တွေဖြစ်ပါတယ်။ လူငယ်တွေကို ကျွန်တော်တို့ လူတော်တွေဖြစ်အောင် မွေးထုတ်ပြီးပြီ။ လူကောင်းတွေဖြစ်အောင် သွန်သင်လိုက်ပြီးပြီ။ လူတော်လူကောင်းဖြစ်နေရင် သူတို့လူကြီးတွေ ဖြစ်လာတဲ့အခါ သေချာပေါက် လူကောင်းလူကြီးတွေဖြစ်မှာပါပဲ။ လူရည်ချွန်ရွေးတာကို ကလေးတွေလည်း စိတ်ဝင်စားပါတယ်။ ကျောင်းတိုင်းမှာ ကလေးတိုင်းက လူရည်ချွန်ဖြစ်ချင်တဲ့ဆန္ဒရှိကြပါတယ်။ လူတော်လူကောင်းတွေဖြစ်အောင် ကြိုးစားနေတဲ့ကလေးတွေ အများကြီးရှိလာတယ်လို့ ပြောလို့ရပါတယ်။ အခြေခံပညာမှာ လူငယ် ကလေးတွေမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို စစ်ထုတ်ပြီး ရွေးချယ်လာတာဖြစ်တဲ့အတွက် ဒီလိုတော်တဲ့ ကလေးတွေကို နိုင်ငံတော်အကြီးအကဲက ဂုဏ်ပြုတာကို ဂုဏ်ယူပါတယ်။ နောင်လည်းဒီလို လူရည်ချွန်လူငယ်တွေ မွေးထုတ်နိုင်မယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ့် လူကြီးတွေဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
ဒေါ်သက်ရည်ဦး (အထက(၁) ထားဝယ်၊ ပုဂံလူရည်ချွန်စခန်း အဖွဲ့ ၅ အုပ်ချုပ်သူ)
နိုင်ငံရဲ့အနာဂတ်သားကောင်းရတနာ လူငယ်တွေကို ပျိုးထောင်တဲ့ လူရည်ချွန်စခန်းမှာ ကြီးကြပ်လိုက်ပါရမှာဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ နိုင်ငံတော်အတွက် အားထားရမယ့် လူကောင်းလူမွန်တွေ ဖြစ်လာဖို့အတွက် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူတော်ဖြစ်တိုင်း လူကောင်းမဖြစ်ပါဘူး။ အခုခေတ်က IQ၊ EQ နဲ့ အသိဉာဏ်ပညာတွေ ပိုမိုတိုးတက်ဖို့ လိုအပ်လာတဲ့အတွက် လူရည်ချွန်အခန်းကဏ္ဍက ပိုပြီးအရေးကြီးလာတယ်လို့ မြင်ပါတယ်။ တိုင်းပြည်အတွက် အားကိုးရမယ့် လူရည်ချွန်မောင်မယ်တွေ များစွာပေါ်ပေါက် လာပါစေလို့ ဆန္ဒပြုပါတယ်။
မခြူးမြတ်စန္ဒီ (အထက(၅) နေပြည်တော်၊ နှစ်ထပ်ကွမ်းလူရည်ချွန်)
ဒီနေ့ အခမ်းအနားမှာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုတွေကို လိုက်နာမှတ်သားပြီး အနာဂတ်ဘဝ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ငွေဆောင်လူရည်ချွန်စခန်းကို လေ့လာရေးသွားရမှာဖြစ်ပြီး လူရည်ချွန်မောင်မယ်အချင်းချင်း ပူးပေါင်း ဆောင်ရွက်တတ်မှုတွေ တိုးတက်လာမယ်လို့ထင်ပါတယ်။ ဒေသန္တရဗဟုသုတတွေကို လေ့လာမှတ်သားပြီး ချစ်ဖွယ်ကောင်းတဲ့ တိုင်းရင်းသားဒေသခံတွေရဲ့ ဘဝတွေကို လေ့လာမှတ်သားမယ်။ ဗဟုသုတတွေများစွာ ရရှိမယ်လို့မျှော်လင့်ပါတယ်။ မောင်လေး၊ ညီမလေးတွေကို ပြောချင်တာက ဘဝမှာကြိုးစားပါ၊ အခက်အခဲတွေက အမြဲရှိနေမှာပါ၊ ကျရှုံးလည်း လက်မလျှော့ဘဲ ဇွဲရှိရှိနဲ့ ထပ်ပြီးကြိုးစားပါလို့ ပြောချင်ပါတယ်။ လူရည်ချွန်ဖြစ်မှ တော်တာမဟုတ်ပါဘူး။ ဘဝမှာတိုးတက်ရာလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းပြီး အကောင်းဆုံးကြိုးစားကြပါလို့ ပြောချင်ပါတယ်။
မသင်းသန္တာအောင် (အထက (၁) ဟုမ္မလင်း၊ နှစ်ထပ်ကွမ်းလူရည်ချွန်)
လူရည်ချွန်စီမံကိန်းရှိတယ်လို့ ကြားတဲ့အတွက် ရည်မှန်းချက်ထားပြီး ကြိုးစားခဲ့ပါတယ်။ သမီးတို့ငယ်ငယ်က ကျောင်းမှာသုံးထပ်ကွမ်း လူရည်ချွန်တွေ ထွက်ပေါ်ခဲ့တယ်။ အဲဒီကတည်းက သူတို့လို လူရည်ချွန် ဖြစ်ချင်တဲ့စိတ်နဲ့ ကြိုးစားခဲ့တယ်။ တစ်နိုင်ငံလုံးက လူရည်ချွန်တွေနဲ့ အခုလိုဆုံတွေ့ရတဲ့အတွက်လည်း ဝမ်းသာပါတယ်၊ လူရည်ချွန်ဖြစ်ရတာ ဂုဏ်ယူစရာပါ။ ကျောင်းသားဘဝမှာ မှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်တယ်လို့ ထင်ပါတယ်။ လူရည်ချွန်ရွေးတာက စာပေတစ်ခုတည်း ထူးချွန်လို့မရပါဘူး။ အားကစား၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ အကျင့်စာရိတ္တ ဘက်ပေါင်းစုံလိုအပ်ပါတယ်။ သမီးက အင်္ဂလိပ်စာကို စိတ်ဝင်စားတော့ အင်္ဂလိပ်ဆရာမဖြစ်ချင်ပါတယ်။ လူရည်ချွန်စီမံကိန်း နှစ်တွေအကြာကြီးရှိပြီး လူရည်ချွန်မောင်မယ်အသစ်တွေ အများကြီး မွေးထုတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
မောင်ဝေယံမြင့်အောင် (အထက (၆) နေပြည်တော်)
လူရည်ချွန်ဝင်ပြိုင်ဖို့ ကျောင်းက ဆရာ ဆရာမတွေ သင်ကြားတဲ့ သင်ခန်းစာတွေကို သေချာလေ့လာသင်ယူမှတ်သားပါတယ်။ သင်ခန်းစာကို တစ်နေ့စာတစ်နေ့ ပြီးပြတ်အောင် လေ့လာပါတယ်။ ဒါ့အပြင် ကျောင်းပိတ်ရက်မှာ တစ်ပတ်လုံးသင်ထားတဲ့စာတွေကို ပြန်လေ့လာ တယ်။ ဗဟုသုတတွေကိုလည်း လက်လှမ်းမီသလောက် သတင်းစာတွေ၊ စာအုပ်တွေကို စုဆောင်းပြီး လေ့လာမှတ်သားပါတယ်။ ကျန်းမာရေးက အရေးကြီးတဲ့အတွက် အားကစားကိုတော့ နေ့စဉ်ပုံမှန် လုပ်ဆောင်ပါတယ်။ အနာဂတ်မျှော်မှန်းချက်အနေနဲ့ နိုင်ငံအတွက် ရင်သွေးလေးတွေကို မွေးထုတ်ပေးတဲ့ ကလေးအထူးကုဆရာဝန် တစ်ယောက်ဖြစ်ချင်ပါတယ်။ လူရည်ချွန် မောင်မယ်တွေကို အခုလို ထိုက်ထိုက်တန်တန်ဂုဏ်ပြုပေးတဲ့အတွက် နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။
မောင်အောင်ကောင်းပြည့် (လေ့ကျင့်ရေးအထက်တန်းကျောင်း၊ ကမာရွတ်)
လူရည်ချွန်တွေကို အသိအမှတ်ပြုတဲ့ ဒီလိုအခမ်းအနားတွေ ကျင်းပပေးတဲ့အတွက် ဂုဏ်ယူပါတယ်။ လူရည်ချွန်သူငယ်ချင်းတွေနဲ့လည်း တွေ့ဆုံရတဲ့အတွက် အတွေ့အကြုံတွေနဲ့ ဗဟုသုတတွေကို မျှဝေခွင့်ရပြီး ရရှိလာတဲ့ဗဟုသုတတွေကို ကျောင်းကိုပြန်ရောက်တဲ့အခါ သူငယ်ချင်းတွေကို ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်။ လူရည်ချွန်တစ်ယောက်ဆိုတာ ကိုယ့်အတွက်တစ်ခုတည်း မဟုတ်ဘဲ မိဘနဲ့ကျောင်းရဲ့ ဂုဏ်ဆောင်တဲ့သူတွေ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေရဲ့ ရှေ့ဆောင်လမ်းပြလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားကျောင်းသူ ညီလေး၊ ညီမလေးတွေကို လူရည်ချွန်တစ်ယောက်ဖြစ်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။
အင်တာဗျူး- ဝင်းသန့်လော
ဓာတ်ပုံ- အေအေတ
No comments:
Post a Comment