လူအချင်းချင်း စာနာထောက်ထားမှုလုံးဝမရှိ မေတ္တာတရားခေါင်းပါးစွာဖြင့် သားကောင်သဖွယ်ဆက်ဆံသော အပြုအမူသည် လူကုန်ကူးခြင်းဖြစ်သည်။ လူကို ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် ကုန်သွယ်မှုအဖြစ် သဘောထားခြင်း သို့မဟုတ် ကျွန်စနစ်အဖြစ် သွတ်သွင်းခြင်းလက္ခဏာများသည် လူကုန်ကူးခြင်း သို့မဟုတ် လူမှောင်ခိုကူးခြင်းဖြစ်သည်။ လူကုန်ကူးခြင်းနှင့် လူမှောင်ခိုကူးခြင်းသည် သဘောသဘာဝတူသော်လည်း အသွင်သဏ္ဌာန်မှာ ကွဲပြားခြားနားသည်။
လူမှောင်ခိုကူးခြင်းတွင် လူအများသည် လူမှောင်ခိုကူးသူ၏ ဝန်ဆောင်မှုကို လုပ်ခတစ်ရပ်အတွက် မိမိတို့သဘောဆန္ဒအလျောက် တောင်းခံခြင်းဖြစ်ပြီး သွားမည့်နေရာရောက်သောအခါ လူမှောင်ခိုကူးခံရသူသည် သူ၏ကိုယ်ပိုင်လမ်းကြောင်းရှာရန် လွတ်လွတ်လပ်လပ်ဖြစ်လေ့ရှိသည်။ လူကုန်ကူးခံရသည့်သားကောင်များသည် ထွက်ခွာရန်ခွင့်ပြုခြင်းမခံရဘဲ အလုပ်လုပ်ရန် သို့မဟုတ် ခေါင်းပုံဖြတ်ခံရပြီး အလုပ်တစ်မျိုးမျိုးကို ပြုလုပ်ပေးရသည်။ လုပ်ခအနည်းငယ် သို့မဟုတ် လုံးဝမပေးခြင်း သို့မဟုတ် အလွန်အကျွံခေါင်းပုံဖြတ်ခံရလေ့ရှိသည်။ ဆိုးရွားသောပုံစံမှာ ဖမ်းဆီးချုပ်နှောင်ထားခြင်းခံရသည့်အပြင် နှိပ်စက်ညှဉ်းပန်းခြင်းများကိုလည်း ခံရလေ့ရှိသည်။
ထို့ကြောင့် လူကုန်ကူးခြင်းသည် ကြီးလေးသောပြစ်မှုကို ကျူးလွန်ခြင်းဖြစ်၍ နိုင်ငံများက ထိရောက်စွာ တိုက်ဖျက်လျက်ရှိသည်။ လူကုန်ကူးခြင်းကို ခေါင်းပုံဖြတ်ရန်ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်ခြင်းနည်းလမ်းများ သို့မဟုတ် အင်အားသုံးခြင်း၊ အကျပ်ကိုင်စေခိုင်းခြင်း၊ ဖြားယောင်းခေါ်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်စားခြင်း၊ အာဏာအလွဲသုံးစားလုပ်ခြင်း သို့မဟုတ် အင်အားချည့်နဲ့စေသည့်ပုံစံများ သို့မဟုတ် လူတစ်ဦးအပေါ်တွင် ထိန်းချုပ်မှုရှိသော ငွေပေးချေခြင်း၊ အကျိုးခံစားခွင့်များပေးခြင်း၊ လက်ခံရယူခြင်း စသည့်နည်းလမ်းအမျိုးမျိုးဖြင့် လူသစ်စုဆောင်းခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ လူများကိုလက်ခံထားခြင်းဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
လူကုန်ကူးခြင်းသည် ကမ္ဘာပေါ်တွင် အလျင်အမြန်ကြီးထွားလာသော ရာဇဝတ်မှုလုပ်ငန်းဖြစ်ပြီး နှစ်စဉ် လူသားများအား လူကုန်ကူးရာမှရရှိငွေ အမေရိကန်ဒေါ်လာ ငါးဘီလီယံမှ ကိုးဘီလီယံအတွင်းရှိသည်ဟု သက်ဆိုင်ရာက ခန့်မှန်းထားသည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၂၇ နိုင်ငံမှ လူဦးရေ နှစ်သန်းခွဲနီးပါး လူကုန်ကူးခံရသည်ဟု ကုလသမဂ္ဂကခန့်မှန်းထားသည်။ လူကုန်ကူးခံရသောနိုင်ငံများတွင် မြန်မာ နိုင်ငံလည်းပါဝင်ပြီး အထူးသဖြင့် မိန်းကလေးငယ်များနှင့် ကလေးသူငယ်များအဖြစ်များသည်။ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို နိုင်ငံတကာနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
လူကုန်ကူးမှု၏ ဦးတည်လမ်းကြောင်းသည် ပြည်ပနိုင်ငံများဖြစ်ပြီး ယခုအခါပြည်ပတွင်သာမက ပြည်တွင်း၌ပါ နိုင်ငံဖြတ်ကျော်မှုခင်းများ ပေါ်ပေါက်လာသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေရရှိမှုအတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် အခြားပြည်ပနိုင်ငံများသို့ တရားမဝင်/တရားဝင် ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်သူများ တစ်နေ့တခြားများပြားလာသည်။ တရားမဝင် သွားရောက်သူများကို နယ်စပ်ဒေသများတွင် တားဆီးပညာပေးပြီး နေရပ်သို့ ပြန်လည်စေလွှတ်ပေးရမှုများရှိသည်။ ရွှေ့ပြောင်းသွားရောက်သူများသည် မြန်မာ နိုင်ငံအတွင်းပိုင်းဒေသများမှ လာရောက်သူများဖြစ်သည့်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အချင်းချင်းဆက်စပ်နေသည့် စစ်ဆေးရေးဂိတ်များ၌ ကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်နိုင်မှသာ တရားမဝင်သွားရောက်ခြင်း၊ လူမှောင်ခိုကူးခြင်း၊ လူကုန်ကူးခြင်းတို့ကို နယ်စပ်မရောက်မီ နိုင်ငံအတွင်းမှာပင် အချိန်မီတားဆီးဆောင်ရွက်နိုင်မည်ဖြစ်သည်။
ယခုအခါ နိုင်ငံခြားသားများလည်း ကွန်ပျူတာ၊ နည်းပညာနှင့်ဆက်စပ်သည့် အလုပ်လုပ်ကိုင်ရန် အွန်လိုင်းမှတစ်ဆင့် လစာကောင်းသည့်အလုပ်ရမည်ဟုစည်းရုံး၍ လိမ်လည်ခေါ်ယူမှုများကြောင့် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံနယ်စပ်မြို့များသို့ တရားမဝင်ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင် ဒုက္ခအခက်အခဲကြုံတွေ့နေရသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာသံရုံးများမှ တစ်ဆင့် အကူအညီတောင်းခံလာသဖြင့် နိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာကာ ဒုက္ခရောက်နေသောနိုင်ငံခြားသားများကို ရှာဖွေကယ်တင်နိုင်ခဲ့ပြီး ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ခြင်းသည် သက်ဆိုင်ရာဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ခဲ့မှုရလဒ်များပင်ဖြစ်သည်။
သို့ဖြစ်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အတွက် ပြည်သူလူထု၏ ပူးပေါင်းကူညီမှုသည် အရေးပါသည့်အပြင် နိုင်ငံအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းချိတ်ဆက်၍ အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်
No comments:
Post a Comment