ရန်ကုန် မတ် ၆
မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း အသုံးပြုလာကြတော့မည့် လျှပ်စစ်သုံးယာဉ် များအတွက်ရည်ရွယ်၍ လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers (ToT) သင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအောက်ရှိ အစိုးရစက်မှု လက်မှုသိပ္ပံ (အင်းစိန်) ၌ ကျင်းပသည်။
ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်းအုပ်ကြီးက
သင်တန်းဖွင့်ပွဲ နှုတ်ခွန်းဆက် စကားပြောကြားပြီး လျှပ်စစ်သုံးယာဉ်ဆိုင်ရာ သင်တန်းများ
ဖွင့်လှစ်သင်ကြားပေးနေမှု၊ အလုပ်ရုံများတွင် သင်ကြားသင်ယူမှုအတွက် သင်ထောက်ကူပစ္စည်းများ
ဖြည့်ဆည်းဆောင်ရွက်ထားရှိမှု၊ သင်ကြားပေးသွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း
ပြောကြားသည်။
လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers (ToT) သင်တန်း အမှတ်စဉ်(၂) တွင် (၁)
Electric Power Train ၊ (၂) Electrical Power System၊ (၃) Practical approach to
electronics in EV ၊ (၄) Sensor and Networking Technology ၊ (၅) Automotive
Material နှင့် (၆) Theory of Automobile ဘာသာရပ်များ သင်ကြားပေး မည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်
နည်းပညာဦးစီးဌာနမှ သင်တန်းသားငါးဦး၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ
၁၀ ဦးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ခြောက်ဦး စုစုပေါင်း သင်တန်းသား
၂၁ ဦး တက်ရောက်သင်ကြား သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၆ ရက်မှ ၃၁ ရက်အထိတစ်ပတ်လျှင်
ငါးရက်၊ တစ်ရက်လျှင် ခြောက်နာရီနှုန်းဖြင့် စုစုပေါင်းလေးပတ် (နာရီ ၁၂၀) ဖြင့် လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment