Friday, March 3, 2023

ထိုင်းနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် OTOP ဆက်နွှယ်မှုနှင့် မြန်မာနိုင်ငံ၏ OVOP နှင့် MSME ဖွံ့ဖြိုးတိုးတက်မှု

 

ခန့်ဇော် (ကျေးလက်)

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအနက် စီးပွားရေးတိုးတက်မှု မြင့်မားလာ သောနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေးကဏ္ဍတွင် စိုက်ပျိုးရေးသည် GDP ၏ ၁၂ ရာခိုင်နှုန်းခန့်၊ စက်မှုလုပ်ငန်းသည် ၄၄ ရာခိုင် နှုန်းခန့်နှင့် ဝန်ဆောင်မှုလုပ်ငန်းသည် ၄၄ ရာခိုင်နှုန်း ခန့် ပါဝင်လျက်ရှိသည်ကို တွေ့ရသည်။ သဘာဝအရင်းအမြစ်များအနေဖြင့် သံရိုင်း၊ ရော်ဘာ၊ သဘာဝ ဓာတ်ငွေ့၊ တန်စတင်၊ သစ်၊ ခဲနှင့် ငါးတို့ အများဆုံး ထွက်ရှိပြီး မြေဧရိယာ၏ ၃၁ ရာခိုင်နှုန်းကို စိုက်ပျိုး ရေးအတွက် အသုံးပြုသည်။ ခရီးသွားလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ စိုက်ပျိုးရေးကုန်စည်များ ထုတ်လုပ်မှု၊ ဘိလပ်မြေ၊ ရတနာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ကားအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း တို့ကို အဓိကလုပ်ကိုင်လျက်ရှိပြီး လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာပစ္စည်းများ၊ ယာဉ်နှင့် အစိတ်အပိုင်းများ၊ အထည်၊ ဖိနပ်၊ ရေထွက်ပစ္စည်းများ၊ ဆန်နှင့်ရော်ဘာတို့ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိသည်။

ထိုင်းနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်တွင် ဆင်းရဲ နွမ်းပါးမှု ၅၈ ရာခိုင်နှုန်းမှ ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ပြီး တိုးတက်မှုနှုန်းမြင့်မားမှုနှင့် ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် သိသိသာသာတိုးတက်မှု ရရှိလာခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ၁၉၉၇-၁၉၉၈ ခုနှစ်များတွင် ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး ထိုကာလနောက်ပိုင်းမှစ၍ ဆင်းရဲမှု လျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးတို့ကို အရှိန် အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး ကြိုးပမ်းမှုများ

လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုအတွင်း ထိုင်းနိုင်ငံသည် ဝင်ငွေနည်းသောနိုင်ငံမှ မျိုးဆက် တစ်ဆက်အောက်၌ SMART ကျသည့် စီးပွားရေးမူဝါဒများကြောင့် အလယ်အလတ်ဝင်ငွေရှိသောနိုင်ငံအဖြစ် ရွေ့လျားခဲ့ကာ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ထူးထူးခြားခြားတိုးတက်ခဲ့ပြီး ထိုင်းနိုင်ငံ၏ စဉ်ဆက်မပြတ် အားကောင်းသောတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အတွက် အောင်မြင်မှု ပုံရိပ်တစ်ခုဖြစ်သည်။

စင်စစ်မူ ၁၉၆၀ ပြည့်လွန်နှစ်များမှစ၍ နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုအစီအစဉ်များတွင် ဆင်းရဲမှုလျှော့ချရေးမဟာဗျူဟာများ ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၁ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးနှင့် စက်မှုထွန်းကားရေးကို အဓိက ထားဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ဘဏ္ဍာရေးမူဝါဒကို အထူးဂရုပြု အကောင်အထည် ဖော်ခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ဝင်ငွေရရှိမှု မြှင့်တင်ရေးနှင့် လူဦးရေစီမံကိန်းရေးဆွဲခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ် အတွင်း၌မူ စက်မှုဖွံ့ဖြိုးရေးကို ပြန်လည်ထူထောင်၍ သယံဇာတသုံးစွဲမှုနှင့် မြေယာပြုပြင်ပြောင်းလဲမှု စီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ပြီး ဆင်းရဲမှုလျှော့ချရေးမူဝါဒကို သီးသန့်ချမှတ်၍ ဆင်းရဲချမ်းသာ ဝင်ငွေကွာဟမှုနည်းပါးစေရန် နည်းလမ်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်း ပဉ္စမမြောက် လူမှုစီးပွားဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ခရိုင်အဆင့် ဆင်းရဲမှုလျှော့ချရေးကို ဖော်ဆောင်ခဲ့ပြီး ခရိုင်ပေါင်း ၂၈၆ ခုတွင် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သည်။ စိုက်ပျိုးရေး၊ စက်မှု၊ ပုဂ္ဂလိက ပါဝင်မှုတို့ကိုလည်း အရှိန်အဟုန်မြှင့်တင်ခဲ့သည်။ ၁၉၈၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် နောက်ကျကျန်ခဲ့သောဒေသများ ဆင်းရဲမှုလျှော့ချ ရေးတို့ကိုလည်းကောင်း၊ ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ် အထိ အစိုးရကဏ္ဍနှင့် ဥပဒေရေးရာပြုပြင်ပြောင်းလဲရေး၊ စိုက်ပျိုးရေးမဟုတ်သော ကဏ္ဍများဖွံ့ဖြိုးရေးနှင့် ကျေးလက်ဒေသများ၏ စွမ်းဆောင်ရည်ပိုမို မြှင့်တင်ရေးတို့ကိုလည်းကောင်း ဦးစားပေး ဆောင် ရွက်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်တွင် ပြည်သူ ဗဟိုပြုဖွံ့ဖြိုးမှု၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုတို့ကို ဦးတည်၍ ဝင်ငွေကွာဟချက် လျော့နည်းစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (OneTambon One Product-OTOP)

မှတ်တမ်းများအရ ၂၀၀၁ ခုနှစ်မှစ၍ ကျေးလက်ဒေသပြန်လည်ထူထောင်ရေးကို မူဝါဒများချမှတ် အကောင်အထည်ဖော်ခဲ့ရာ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး” (One Tambon One Product- OTOP) သည် နိုင်ငံအနှံ့ ဆောင်ရွက်သောလှုပ်ရှားမှု အနေဖြင့် ပေါ်ပေါက်လာခဲ့သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျှော့ချရေးကို များစွာအထောက်အကူပြုနိုင်ခဲ့သည်။

ထိုင်းနိုင်ငံ၏ OTOP စီမံကိန်းသည် ဂျပန်နိုင်ငံ၏ OVOP ကို အတုယူ၍ ထိုင်းနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးမှုအတွက် ဒေသထွက်အင်အားစုနှင့် သယံဇာတများကိုအသုံးပြုပြီး ဆွဲဆောင်မှုရှိသော အထူးထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်သည်။ ထုတ်လုပ်သောကုန်စည်များတွင် စိုက်ပျိုးရေးနှင့် လက်မှုထွက်ကုန်ပစ္စည်းများ ပါဝင်သည်။

OTOP စီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လှုပ်ရှားမှုများ

OTOP သည်လည်း OVOP ကဲ့သို့ပင် ဒေသတွင်း ချိတ်ဆက်၍ ကမ္ဘာ့အဆင့်သို့ ဦးတည်ရေး၊ ကိုယ့်အား ကိုယ်ကိုး၍ တီထွင်ဖန်တီးရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးစသည့်အချက် ()ချက်အပေါ် အခြေခံ၍ အစိုးရက ပံ့ပိုးပေးခြင်းဖြစ်သည်။ OTOP ၏ ထူးခြားချက် သို့မဟုတ် OVOP နှင့် ကွဲပြားသောအချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ အခြေအနေအရ ဗဟိုအစိုးရက ပံ့ပိုးပေးရခြင်းဖြစ်သည်။ ဝန်ကြီးချုပ်က ဦးဆောင်၍ OTOP လှုပ်ရှားမှုကိုဗဟိုမှ အဓိကချုပ်ကိုင်ပြီး ပြည်နယ်နှင့် ခရိုင်များရှိ အစိုးရများသို့ အဆင့်ဆင့် ညွှန်ကြားဆောင်ရွက်သည်။ OTOP စီမံကိန်းအတွက် ဒေသခံရွာသူရွာသားများကို လေ့ကျင့်သင်ကြားရာ တွင် OVOP ကဲ့သို့ပင် ဒေသတွင်းသင်တန်းများကို တက်ရောက်စေပါသည်။

၂၀၀၃ ခုနှစ်မှစတင်၍ ပို့ကုန်ဈေးကွက်သို့ တင်ပို့နိုင်ရန် ဦးတည်ချက်ဖြင့် OTOP ထုတ်ကုန်များကို ကြယ်များသတ်မှတ်၍ အဆင့်ခွဲခြားခဲ့ပြီး ကြယ်ငါးပွင့်ရထုတ်ကုန်များကိုသာ ပို့ကုန်ဈေးကွက်သို့ တင်ပို့ရန် ခွင့်ပြုခဲ့သည်။ ထို့အပြင် ကြယ်သုံးပွင့်ရထုတ်ကုန်များထုတ်လုပ်နိုင်သော လုပ်ငန်းများ ရှိသည့် ရွာကိုသာ OTOP စီမံကိန်းဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့်ရ လုပ်ငန်းများရှိ ပါဝင်သူများကိုသာ နိုင်ငံတကာ သင်တန်းများသို့ စေလွှတ်ခဲ့သည်။ ကျေးရွာအဆင့်၌ ပင် အမြောက်အမြားထုတ်လုပ်မှုကို အားပေး၍ ကမ္ဘာ့ဈေးကွက်သို့ ချိတ်ဆက်ပေးခဲ့သည်။ OTOP လှုပ်ရှားမှု၌ ပါဝင်သူများ၏ ၆၇ ရာခိုင်နှုန်းသည် လူထုအခြေပြုလုပ်ငန်းများ၊ ၃၁ ရာခိုင်နှုန်းမှာ တစ်ဦး တည်းပိုင်လုပ်ငန်းများဖြစ်၍ ကျန် နှစ်ရာခိုင်နှုန်းမှာ အစုစပ်လုပ်ငန်းများဖြစ်သည်။ လိုအပ်သော ဘဏ္ဍာငွေအများစုကို အစိုးရက ထောက်ပံ့ပေးခဲ့သည်။

ပံ့ပိုးမှုများ၌ အရည်အသွေးထိန်းချုပ်မှုနှင့် ထုပ်ပိုးမှုသင်တန်းပေးခြင်းတို့ ပါဝင်သည်။ အရောင်းမြှင့်တင် ရာတွင် ကုန်စည်ပြပွဲများပြုလုပ်ခြင်း၊ အရောင်းဆိုင်များ ဖွင့်လှစ်ပေးခြင်း၊ ပြည်ပ၌ အရောင်းပြပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

OTOP စီမံကိန်း၏ အဓိကထုတ်ကုန်များတွင် ဒေသထွက် ရိုးရာအဝတ်အထည်၊ လက်မှုပစ္စည်း၊ ချည်ထည်ပိုးထည်များ၊ အိုးလုပ်ငန်း၊ ဖက်ရှင်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများအထိ ပါဝင်သည်။ အစိုးရ က ဦးဆောင်၍ ထုတ်ကုန်ရွေးချယ်ခြင်း၊ စံနှုန်းနှင့် အရည်အသွေးမြှင့်တင်ခြင်းနှင့် ထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ထုတ်ကုန် အမျိုးအစားစုံလင်စွာဖြင့် ပြည်တွင်းသာမက ပြည်ပ ပို့ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။ OTOPများ၏ ထုတ်ကုန်ရောင်းချမှုတန်ဖိုးမှာ ၂၀၁၃ ခုနှစ်တွင် ထိုင်းဘတ် ၈၆ ဘီလီယံ(အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၇၈၅ ဘီလီယံခန့်)အထိ ရောက်ရှိ ခဲ့သည်။ ထိုသို့ ဝင်ငွေများ တိုးမြှင့်ရှာဖွေပေးနိုင်သည့်အပြင် ရွာပေါင်း ၂၂၇၆၂ ရွာရှိ OTOP လုပ်ငန်းပေါင်း ၃၆၂၃၆ ခုတွင် လုပ်သားပေါင်း ၁ ဒသမ ၂ သန်းကို အလုပ်အကိုင်ပေးနိုင်ခဲ့၍ လူမှုဘဝကိုလည်း မြှင့်တင်ပေးနိုင်ခဲ့သည်။ ထို့အပြင် နိုင်ငံတစ်ဝန်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုနှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးတို့ကို များစွာအထောက် အကူပြုနိုင်ခဲ့သည်။

OTOP အောင်မြင်ရခြင်း၏ အဓိကအချက်များမှာ အစိုးရဌာနများ၏ ထိရောက်သောမူဝါဒ၊ စီမံကိန်း များဖြင့် အကောင်အထည်ဖော်ဆောင်မှု၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးစေရန်ပံ့ပိုးပေးမှု၊ ပါဝင်သောအဖွဲ့ အစည်းများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ အစိုးရကဏ္ဍများ၊ ပုဂ္ဂလိကများ၊ ဒေသခံများနှင့် ပညာရေးအဖွဲ့အစည်းများ၏ တက်ကြွစွာပူးပေါင်း ဆောင်ရွက်မှုတို့ကြောင့်ဖြစ်ပြီး နိုင်ငံဆင်းရဲမှုနှုန်း သည် ၂၀၀၀ ပြည့်နှစ်က ၄၂ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၈ ဒသမ ၆ ရာခိုင်နှုန်းသို့ လျှော့ချ နိုင်ခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံနှင့် OTOP နှင့် MSME

မြန်မာနိုင်ငံမှာလည်း ၂၀၁၀-၂၀၁၅ ခုနှစ် ဝန်းကျင်မှစတင်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကို မူဝါဒပိုင်းအရ အားပေးမြှင့်တင်ခဲ့ပြီး လုပ်ငန်းစဉ်များ ရေးဆွဲအကောင် အထည်ဖော်ခဲ့သည့်နည်းတူ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးကဲ့သို့ ဒေသအလိုက်ထွက်ရှိသော အသေးစား၊ အလတ်စားထုတ်ကုန်များဖွံ့ဖြိုးရေးအတွက် SME လုပ်ငန်းများကို မူဝါဒပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ ဥပဒေ၏ ရည်ရွယ်ချက်များမှာ-

(ကအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးနှင့် ဆက်စပ်သည့် သတင်းအချက်အလက်၊ နည်းပညာ အထောက်အကူများနှင့် ငွေကြေးပံ့ပိုးမှုများ လွယ်ကူစွာရရှိနိုင် စေရန်၊

( အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသည် ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက် စေရန်၊

(အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း အားဖြင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းအသစ်များနှင့်အတူ ဝင်ငွေ တိုးတက်ရရှိလာစေရန်၊

(အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် အဟန့်အတား များကို လျော့ပါးစေရန်တို့ဖြစ်သည်။

ထို့အပြင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ (၂၀၁၅ ခုနှစ်)ကို ချမှတ်ထုတ်ပြန်နိုင်ခဲ့သည်။ ယင်းမူဝါဒ၏ မျှော်မှန်းချက်မှာကဏ္ဍအသီးသီးရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည်ဒေသတွင်း စီးပွားရေးကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းဆောင်ရည်ကောင်းများ မြင့်မားလာပြီး နိုင်ငံသားများ၏အလုပ်အကိုင်၊ အခွင့်အလမ်းများ တိုးပွားရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးတို့ကို ဦးဆောင်သွားနိုင်ရန်ဖြစ်သည်။

ရည်မှန်းချက်များအောင်မြင်ရန်အတွက်

(က)     လူ့စွမ်းအားအရင်းအမြစ်

( )     နည်းပညာဖွံ့ဖြိုးမှုနှင့် တီထွင်ဖန်တီး တတ်မှု၊

( )      ငွေကြေးအရင်းအမြစ်၊ အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊

()     ဈေးကွက်ရရှိရေး၊

( )      သင့်လျော်သော အခွန်အကောက်နှင့် လုပ်ထုံးလုပ်နည်းများ၊

( )      လုပ်သာကိုင်သာရှိသော စီးပွားရေး ဝန်းကျင်ကောင်းများကို ထောက်ပံ့၊ ဖန်တီးပေးရမည်ဖြစ်သည်။ ဤအချက် များသည် မြေပြင်မှာ အမှန်တကယ် ကြုံတွေ့နေရသော အဟန့်အတား အခက်အခဲများဖြစ်၍ ထောက်ပံ့၊ ဖြေလျှော့ပေးနိုင်မှသာ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေများကို ထုတ်ပြန်နိုင်ခဲ့သည်။ နည်းဥပဒေ ထွက်ရှိလာသည့်အတွက် ဆောင်ရွက်ရန်လုပ်ငန်းများ၊ နည်းပညာနှင့် ချေးငွေရရှိရေးနည်းလမ်းများ၊ မှတ်ပုံတင်ခြင်းဆိုင်ရာများ၊ တစ်နေရာတည်း ဝန်ဆောင်မှု (One stop service - OSS) ပေးသည့် အဖွဲ့ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ လုပ်ငန်းသုံးသပ်အစီရင်ခံရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို နည်းဥပဒေအရ ပိုမိုဆောင်ရွက်နိုင်လာသည်ကို တွေ့ရသည်။

မူဝါဒ၊ နည်းဥပဒေများ ထုတ်ပြန်ဆောင်ရွက် နေသော်လည်း လက်တွေ့တွင် နည်းပညာပိုင်း၊ ဈေးကွက်ပိုင်း၊ ရန်ပုံငွေပိုင်း၊ စွမ်းဆောင်ရည်ပိုင်း၊ ချိတ်ဆက်မှုအပိုင်းများ၌ MSME လုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲများစွာ ရှိနေဆဲဖြစ်သည်။ စာရေးသူကိုယ်တိုင် MSME Agency အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့စဉ်ကာလအတွင်း အစည်းအဝေးများ အကြိမ်ကြိမ် တက်ရောက်ဆွေးနွေးခဲ့မှု၊ ကဏ္ဍ အလိုက်တင်ပြမှု၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ဖြေရှင်းနိုင်သည့်နည်းလမ်းများကို အကြိမ်ကြိမ် ကြားသိခဲ့ရသည်။ မြေပြင်မှာလည်း အမှန်တကယ် အခက်အခဲများရှိသည်။ တွေ့ရှိချက်နှင့် ဆောင်ရွက် ရန်များမှာ-

(ကMSME ချေးငွေကိစ္စနှင့် ပတ်သက်၍ Business Plan မရေးတတ်/ မဖတ်တတ်၊ ဘဏ်စာရင်းမရှိ၊ ဘဏ်အရှုံး/အမြတ် မပြနိုင်၊ ယခုမှ စလုပ်ချင်သူများဖြစ်၊ ဆန္ဒ သာရှိ၊ သတ်မှတ်ချက်များ မလုပ်တတ်၊ ရိုးရိုးရှင်းရှင်း သင်ပေးရန်နှင့် ရိုးရိုး ရှင်းရှင်းသတ်မှတ်ရန် လိုအပ်ခြင်း၊

(ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲသော သတ်မှတ်သော ချေးငွေအရင်းအမြစ်သာရှိပြီး ဆိုင်ရာပြည်နယ် / တိုင်းများမှ ၎င်းတို့ အစီအစဉ်/အစီအမံဖြင့် ချေးငွေအမျိုးအစားများ မရှိခြင်း၊ ဘတ်ဂျက်မရှိ ခြင်း၊

(ဆိုင်ရာဌာနများ၏ MSME နှင့်ဆိုင်သော လုပ်ထုံးလုပ်နည်းများကို သာမန်ပြည်သူများ နားလည်အောင် ရေးဆွဲလုပ်ဆောင် သင့်ခြင်းနှင့် ရိုးရှင်းလွယ်ကူအောင် ပြင်ဆင်ဆောင်ရွက်ပေးသင့်ခြင်း၊

(Agency များ ပုံမှန် Function ဖြစ်ရန် လိုပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးတွင် ဆိုင်ရာအစိုးရများ၊ လုပ်ငန်းရှင်များအား အထောက်အပံ့ပေးနိုင်အောင်လုပ်ရန် လိုအပ်နေသေးခြင်း၊

(နှစ်စဉ် တစိုက်မတ်မတ် စီမံချက်အစီအစဉ်ရေးဆွဲပြီး လုပ်ငန်းစဉ်ဇယား ရေးဆွဲကာ ဒေသအလိုက် ထုတ်ကုန်ပြပွဲများ မဖြစ်မနေလုပ်ရန်၊ အားပေးရန်၊ ဆုပေးရန်၊ ဈေးကွက်ချိတ်ဆက်ပေးရန် လိုအပ်ခြင်း၊ ရာသီအလိုက် တစိုက် မတ်မတ်လုပ်ရန်လိုအပ်ခြင်းနှင့် စဉ်ဆက် မပြတ် အားပေးအားမြှောက်ပေးရန် လိုအပ်ခြင်းတို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ MSME ကဏ္ဍအပေါ် လေ့လာသုံးသပ်တွေ့ရှိချက်

၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ စစ်တမ်း ကောက်ယူခဲ့သည့် Myanmar Micro, Small and Medium Enterprise Survey 2019 အစီရင်ခံစာအရလည်း လုပ်ငန်းရှင်များ အများဆုံးတွေ့ကြုံရသည့် အဟန့်အတားမှာ ငွေကြေးအရင်းအနှီးလုံလောက်မှု မရှိခြင်း၊ ကျွမ်းကျင်လုပ်သားရှားပါးခြင်း၊ နည်းပညာ ပိုင်းကျွမ်းကျင်မှု အားနည်းခြင်း၊ ဝယ်လိုအားအကန့် အသတ်ရှိခြင်း၊ ဈေးကွက်ဝန်ဆောင်မှု/ သယ်ယူ ပို့ဆောင်မှုအပိုင်းတွင် အားနည်းခြင်း၊ ကုန်ကြမ်း ရှားပါးခြင်း၊ စွမ်းအင်ရရှိမှု အားနည်းခြင်း(လျှပ်စစ်စွမ်းအင်/ လောင်စာဆီ) စသည်တို့ဖြစ်သည်။

စာရေးသူ၏ လေ့လာချက်အရလည်း မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများဆောင်ရွက်ရာတွင် စိန်ခေါ်မှုများအနေဖြင့် တိုးတက်ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းအရ MSME လုပ်ငန်းရှင်များ သည် ၎င်းတို့၏ ကုန်ထုတ်စွမ်းအားနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတို့အတွက် နည်းပညာအသစ်များ အသုံးပြုနိုင်မှုနည်းပါးနိုင်ခြင်း၊ MSME လုပ်ငန်းရှင်များ ဈေးကွက်ဝေစုရရှိနိုင်ရန်နှင့် လုပ်ငန်းချဲ့ထွင်ရာတွင် ကုမ္ပဏီကြီးများ၏ ပြိုင်ဆိုင်မှုကို ရင်ဆိုင်ရနိုင်ခြင်းနှင့် MSME လုပ်ငန်းများသည် မကြာခဏ အရင်းအမြစ်အကန့်အသတ်များရှိနိုင်ပြီး ဝယ်လိုအား အခြေခံနည်းပါးသောကြောင့် စီးပွားရေးအတက် အကျအချိန်များ၊ ဈေးနှုန်းကျချိန်များတွင် ပိုမိုထိခိုက် နိုင်ခြေရှိခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း လေ့လာ သုံးသပ်ရသည်။

ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးအရင်းအနှီး၊ ကဏ္ဍအလိုက်ချိတ်ဆက်မှု၊ လုပ်သား အင်အား၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အတားအဆီးများ စသည့်ကဏ္ဍအသီးသီး၏ ပြောင်းလဲမှုကို ဖော်ဆောင်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးမည့် မူဝါဒအသစ်များ ချမှတ်နိုင် ရေးကို ထည့်သွင်းစဉ်းစားရန်လိုသည်။

ထိုသို့ ထည့်သွင်းစဉ်းစားရာတွင် ထုတ်လုပ်မှု တိုးမြှင့်စေရေးအတွက် လုပ်ငန်းတူများကို စုဖွဲ့ပူးပေါင်းဆောင်ရွက်စေရန်၊ Value Chains ပိုမို အားကောင်းစေရန်၊ စားသောက်ကုန်ထုတ်လုပ်မှုပိုင်းတွင် International Value Chains ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရေး ဆောင်ရွက်ပေးရန်၊ ဈေးကွက်အဆင်ပြေမှုရှိစေရန်၊ အသေးစား/အလတ်စားနှင့် အကြီးစားစီးပွားရေးလုပ်ငန်းများ ထုတ်လုပ်မှုတိုးမြင့်စေရေးအတွက် တရားဝင် ငွေကြေးအရင်းအနှီးရရှိစေရေး ဆောင်ရွက်ပေးရန်၊ အငယ်စားနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုတိုးမြင့်စေရေးအတွက် လေ့ကျင့် သင်ကြားပေးမှုများ၊ အခွင့်အလမ်းများမြှင့်တင်ပေးရန်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် လုပ်ခလစာတို့ တွင် ကျား/မ တန်းတူညီမျှမှုအပါအဝင် အလုံးစုံ ဖွံ့ဖြိုးပြီး မျှတသောလုပ်သားဈေးကွက် ဖန်တီးပေးရန် စသည့်အချက်များကို အဓိကထား ထည့်သွင်းစဉ်းစားရန်လိုမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိ MSMEs ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ

နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်က စီးပွားရေးဦးတည်ချက် ()ရပ် ချမှတ် ဆောင်ရွက်လျက်ရှိရာသွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME) များကို ရေရှည်အာမခံ ချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးသည် ဦးစားပေး ဦးတည်ချက်တစ်ရပ်အနေဖြင့် ပါဝင်ပြီး ဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ MSME ကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ထားရှိမှု

နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့် လုပ်ငန်းများ ပိုမိုချဲ့ထွင်နိုင်ရေး၊ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများ ရောင်းလိုအားမြှင့်တင်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးတို့အတွက် MSME ချေးငွေများ၊ မြစိမ်းရောင်ချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတို့မှ ရင်းနှီးမတည်ငွေများ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ MSME ၏ အခြေခံဖြစ်သော ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ သွင်းအားစုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် လူငယ် နှင့်အမျိုးသမီးများ၊ စွန့်ဦးတီထွင်သူများအား လိုအပ်သည့် နည်းပညာပေးခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းတို့အပြင် ဆက်စပ်ဌာနများ၊ NGO INGO များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုန်ကြမ်းနှင့် သွင်းအားစုရရှိအောင် သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများနှင့် ညှိနှိုင်းချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ဒေသမှ စံပြုထုတ်ကုန်တစ်မျိုးချင်းကို ဈေးကွက်ဝင်ရေး ဆောင်ရွက်ခြင်း

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု လုပ်ငန်းများမှ တစ်ဆင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းချိုသာ ပြီး အဆင့်မီစွာသုံးစွဲနိုင်မည့် ကုန်ပစ္စည်းများကို တွင်ကျယ်စွာအသုံးပြုနိုင်ရေးအတွက်လည်း OVOP အစီအစဉ်ဖြင့် ဒေသထွက်ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများ ထွက်ပေါ်လာရေးကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ဈေးနှုန်းသက်သာစွာသုံးစွဲနိုင်ရုံမက ပြည်တွင်းဖူလုံပြီး ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေး

စားသုံးဆီဖူလုံရန် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးတို့အပြင် အုန်းသီးအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများကို ဒေသထွက်ဝင်ငွေရလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ပြီဖြစ်သည်။ တန်ဖိုးမြှင့် ကော်ဖီ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သောစက်ကိရိယာနှင့် အရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ တန်ဖိုးမြှင့် ထုတ်လုပ်လာနိုင်စေရေးအတွက် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများထုတ် ချေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

MSMEs ကဏ္ဍဖွံ့ဖြိုးရေးတွင် အရေးပါသည့် ထိုင်းနိုင်ငံ၏ OTOP နှင့် မြန်မာနိုင်ငံ၏ OVOP

အထက်တွင် ကျွန်တော်ဆွေးနွေးတင်ပြခဲ့သည့်အတိုင်း ထိုင်းနိုင်ငံ၏ OTOP စီမံကိန်းသည် ဒေသ ထွက်အင်အားစုနှင့် သယံဇာတများကို အသုံးပြုပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ထုတ်လုပ်မှုများ ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ပင် မြန်မာနိုင်ငံ၏ OVOP သည်လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးလာနိုင် ပြီး MSME လုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးလာစေရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် MSME လုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၏ ၉၉ ရာခိုင်နှုန်းခန့်အထိ ပါဝင်လျက်ရှိရာ နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တွင် အရေးကြီးသော အခန်းကဏ္ဍမှ ရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ စာရေးသူအနေဖြင့် သုံးသပ်ဆွေးနွေး လိုသည်မှာ MSME လုပ်ငန်းရှင်များ အဓိကရင်ဆိုင် နေကြရသည့် အဟန့်အတားများ ဖြေလျှော့ပေးခြင်း၊ OVOP စနစ်ဖြင့် ဒေသအလိုက် စံပြုထုတ်ကုန် များ ထုတ်လုပ်လာနိုင်ပြီး ပြည်တွင်း/ ပြည်ပသို့ ဈေးကွက်ဝင်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ပေး ခြင်း၊ ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ သွင်းအားစုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးစေ ရေးတို့အတွက် လိုအပ်သောရန်ပုံငွေ၊ ချေးငွေအခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့အပြင် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးအခြေခံဖြစ်သော MSME ကဏ္ဍ ပိုမိုဖွံ့ဖြိုး လာစေရေးကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။

ကိုးကား

၁။        Myanmar Micro, Small, and Medium Enterprise Survey 2019 Descriptive Report

၂။         အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (၂၀၁၅)

၃။        အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေ (၂၀၁၆)

၄။        အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေ (၂၀၁၁)

၅။        အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း သုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏(/၂၀၂၃)အစည်း အဝေးကောက်နုတ်ချက်

၆။ ကမ္ဘာ့ဘဏ်မှ ရေးသားသော ထိုင်းနိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးမှုဖော်ပြချက်

၇။ Charltons Myanmar SMES in Myanmar ဖော်ပြချက်

No comments:

Post a Comment