Friday, March 3, 2023

ပါတီစုံခေတ်တွင် ပြည်သူကို ကိုယ်စားပြုရမည့်ပါတီများ ခိုင်မာအားကောင်းရေး

 

မဲဆန္ဒရှင်တစ်ဦး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ၂၆-၁-၂၀၂၃ ရက်စွဲဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၁၅/၂၀၂၃)ကို ပြဋ္ဌာန်းခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၆ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၃၁-၁-၂ဝ၂၃ ရက်စွဲပါ၊ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀/၂၀၂၃ ဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို ထုတ်ပြန်ပေးခဲ့ပါသည်။

နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော နိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည်။ ပါတီစုံခေတ်တွင် ပြည်သူကိုဗဟိုပြု၍ ပြည်သူ့အကျိုးကို မျက်နှာမူရသည့် နိုင်ငံရေးအင်အားစုများဖြစ်သည်။ ပါတီ၏မူဝါဒသဘောတရားများကို ပြည်သူလူထုအတွင်း ပျံ့နှံ့အောင်ဆောင်ရွက်ပြီး အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးသဖွယ် ထိန်းညှိပေးရသကဲ့သို့ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်တွင် ပါဝင်ခွင့်ရရှိရေးအတွက်လည်း ကြိုးပမ်းနေကြရသည့် အဖွဲ့အစည်းများဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီပထမခေတ်ကာလ၊ တစ်ပါတီ အုပ်ချုပ်ရေး ခေတ်ကာလ၊ တစ်ပါတီစနစ်မှ ပါတီစုံစနစ်သို့ အသွင်ကူးပြောင်းရေးကာလ၊ ပါတီစုံဒီမိုကရေစီ ဒုတိယခေတ်ကာလနှင့် တပ်မတော်က နိုင်ငံတော်တာဝန်အား တာဝန်ယူစောင့်ရှောက်ခဲ့ရသည့်ကာလ တို့ကို ဖြတ်သန်းခဲ့ရသည်။ ထိုခေတ်ကာလများ တစ်လျှောက်လုံးတွင် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး အင်အားစုများ အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ပေါ်ပေါက်ခဲ့ကြသည်။ အချို့လည်းမထင်မရှားရော ထင်ထင်ရှားရှားပါ ပျောက်ကွယ်သွားခဲ့ကြသည်။ အချို့အထင်အရှားရပ်တည်လျက်ရှိဆဲဖြစ်သည်။

တော်လှန်ရေးကောင်စီဖွဲ့စည်း၍ နိုင်ငံတော်တာဝန်ကိုရယူ

လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်ဦးကာလတွင် နိုင်ငံရေးပါတီနှင့် နိုင်ငံရေးအင်အားစုအဖွဲ့များ အမြောက်အမြားပေါ်ပေါက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဥပဒေအာဏာတည်သည့် နေ့မှစ၍ ၁၈ လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်သော်လည်း နိုင်ငံရေးအင်အားစုများတွင် ဝါဒစွဲ၊ ဂိုဏ်းကွဲ၊ အုပ်စုကွဲများအခြေအနေ၊ တောခိုလက်နက်ကိုင် သောင်းကျန်းမှုအခြေအနေ များကြောင့် ၁၉၅၁ - ၁၉၅၂ ခုနှစ်မှသာ ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီး ထိုရွေးကောက်ပွဲတွင် ဖဆပလ အနိုင်ရရှိခဲ့သည်။ ၁၉၅၆ ခုနှစ် ဒုတိယအကြိမ် ရွေးကောက်ပွဲတွင် ဖဆပလနှင့် ပမညတအတိုက်အခံ ညွန့်ပေါင်းအင်အားစုတို့ အဓိကအားပြိုင်ခဲ့ရာ ဖဆပလသည် အမတ်နေရာအများစုဖြင့် အနိုင်ရခဲ့ပြန်သည်။ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ၁၉၅၈ ခုနှစ်တွင် ဖဆပလအစိုးရအတွင်း ပုဂ္ဂိုလ်ရေးနှင့် အာဏာရရေးအခြေခံသည့် သန့်ရှင်းနှင့် တည်မြဲတို့ နိုင်ငံရေးအုပ်စုကွဲဂယက်နှင့် အစိုးရယန္တရားပျက်ယွင်း တော့မည့်အခြေအနေတို့ကြောင့် တပ်မတော်က အိမ်စောင့်အစိုးရဖွဲ့ကာ နိုင်ငံ့တာဝန်ယူခဲ့ရပြီးနောက် ပြန်လည် ကျင်းပပေးခဲ့သည့် ၁၉၆၀ ပြည့်နှစ် တတိယ အကြိမ်ရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလ အနိုင်ရရှိခဲ့သည်။ သန့်ရှင်းဖဆပလတို့က ပြည်ထောင်စု ပါတီအမည်ပြောင်းပြီးအစိုးရအာဏာရယူကာ မကြာမီမှာပင် နိုင်ငံရေးအာဏာလုပွဲ အကွဲအပြဲဖြစ်ရပ်များ၊ ဖက်ဒရယ်ပြဿနာနှင့် ပြည်ထောင်စုမှခွဲထွက်ရေး ကြိုးပမ်းလာမှုများကြောင့် ၁၉၆၂ ခုနှစ်တွင် တပ်မတော်က တော်လှန်ရေးကောင်စီဖွဲ့စည်း၍ နိုင်ငံတော် တာဝန်ကိုရယူခဲ့ရသည်။ ပါလီမန်ဒီမိုကရေစီပထမ ခေတ်ကာလတွင် လွတ်လပ်ရေးနှင့်အတူပါလာသည့် ပြည်တွင်းရောင်စုံ သောင်းကျန်းမှု၊ တရုတ်ဖြူ ပြည်ပကျူးကျော်မှု၊ နိုင်ငံရေးအုပ်စုကွဲ၊ ဂိုဏ်းကွဲများနှင့် အုပ်ချုပ်ရေးယန္တရား ပျက်ပြားမှု၊ အမျိုးသားစည်းလုံး ညီညွတ်ရေးပြိုကွဲမှုနှင့် ပြည်ထောင်စုမှခွဲထွက်ရေး ကြိုးပမ်းမှုအနိဋ္ဌာရုံတို့ဖြင့် ဖြတ်သန်းခဲ့ရပြီးနောက် ၁၉၆၂ ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီပထမခေတ် တစ်ခန်းရပ်ခဲ့ရလေသည်။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီခေတ်မှသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တစ်ပါတီဆိုရှယ်လစ်စနစ် ဖြင့် ၁၉၈၈ ခုနှစ်အထိ ၂၆ နှစ် ကြာမြင့်ခဲ့သည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလ နိုင်ငံတော်၏ အဘက်ဘက်မှ ပျက်စီးယိုယွင်းနေသောအခြေအနေ၊ တိုင်းပြည်ပြိုကွဲတော့မည့်အခြေအနေ၊ ပြည်ပမှ ဝင်ရောက်စွက်ဖက်လာမှုကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးဆုံးရှုံးမည့် အခြေအနေတို့ကို အချိန်မီထိန်းသိမ်းနိုင်ရန် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို တာဝန်ယူခဲ့ရပြီး တစ်ပါတီအုပ်ချုပ်ရေးစနစ် ချုပ်ငြိမ်းသွားခဲ့ရသည်။ တပ်မတော်က တာဝန်ယူပြီးသည်နှင့် တစ်ပြိုင်နက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို ဖွဲ့စည်းပြီးနောက်(၁) တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ (၂) လမ်းပန်းဆက်သွယ် မှုလုံခြုံချောမွေ့စေရေး၊ (၃) ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်စေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးရေးနှင့် ပုဂ္ဂလိကသမဝါယမတို့ ဆောင်ရွက်နိုင်အောင်လည်း တတ်နိုင်သမျှကူညီ ဆောင်ရွက်ပေးနိုင်ရေး၊ (၄) ထိုလုပ်ငန်းရပ်များ ပြည့်စုံပြီးလျှင် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရေး လုပ်ငန်းတာဝန် (၄)ရပ်ကိုချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံ့သမိုင်းတွင် နိုင်ငံရေးပါတီ အများဆုံး စံချိန်တင်ခဲ့

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သည် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေကို ဥပဒေအမှတ်၊ ၁/၈၈ ဖြင့် ပြဋ္ဌာန်းပေးခဲ့သည်။ လွတ်လပ်ရေးရပြီး ပါလီမန် ခေတ်ကတည်းက ပါတီတည်ထောင်ရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဖြင့် ပြဋ္ဌာန်း ဆောင်ရွက်မှုမရှိခဲ့ခြင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလတွင် ပါတီစုံစနစ်တည်ထောင်ရန် တောင်းဆို ခဲ့ကြသော်လည်း အသင်းအဖွဲ့အမျိုးမျိုး၊ သမဂ္ဂအမည် အမျိုးမျိုး၊ နောက်ခံအကြောင်းတရား အမျိုးမျိုးဖြင့် ပေါ်ပေါက်ခဲ့ခြင်းတို့ကြောင့် ပါတီစုံစနစ်သို့ ပြောင်းလဲ ချိန်တွင် ပါတီအဖွဲ့အစည်းများကို စည်းကမ်းတကျဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်နိုင်ရေးအတွက် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၄/၈၈) နှင့် ၁၉၈၉ ခုနှစ် မတ် ၃၁ ရက်တွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၁၄/၈၉ကို ပြဋ္ဌာန်းပေးခဲ့သည်။ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများနှင့် ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံရေးပါတီအဖွဲ့အစည်းများကို မှတ်ပုံတင်ခွင့်ပြုခဲ့ရာ နောက်ဆုံးမှတ်ပုံတင်ခွင့်ပြုရက် ဖြစ်သည့် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ အချိန်ငါးလအတွင်း မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီပေါင်းမှာ ၂၃၅ ပါတီဖြင့် နိုင်ငံ့သမိုင်းတွင် နိုင်ငံရေးပါတီအများဆုံး အရေအတွက်ဖြင့် စံချိန်တင်ခဲ့လေသည်။

ယင်းသို့ မှတ်ပုံတင်ထားသည့် ပါတီပေါင်း ၂၃၅ ပါတီအနက် ပါတီတွင်းမရပ်တည်နိုင်သည့် အခြေအနေများအရ ပါတီမှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပေးရန် လျှောက်ထားသဖြင့် ယင်းတို့၏ဆန္ဒအရ ကော်မရှင်က ပါတီ ၁၀၂ ပါတီကို ဖျက်သိမ်းခဲ့ရသည်။ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံတော်အား လက်နက်စွဲကိုင်တိုက်ခိုက်နေသော သောင်းကျန်းသူ အဖွဲ့အစည်းများ၏ မြေပေါ်မြေအောက် အဖွဲ့အစည်းများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည့် ပါတီသုံးပါတီကိုဖျက်သိမ်းခဲ့ရသည်။ ရွေးကောက်ပွဲတွင် အနည်းဆုံးမဲဆန္ဒနယ်သုံးနယ်မှာပင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြိုင်နိုင်သည့်ပါတီ ၃၇ ပါတီကိုလည်း ပယ်ဖျက်ခဲ့ရသည်။ ရွေးကောက်ပွဲ မကျင်းပမီမှာပင် ပါတီ ၁၄၂ ပါတီကို ဖျက်သိမ်းခဲ့ရပြီး ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ၉၃ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ ရွေးကောက်ပွဲကျင်းပပြီးနောက် ပါတီ ဖျက်သိမ်းပေးရန် ဆန္ဒအလျောက်တင်ပြလာသည့် ပါတီ ၁၅ ပါတီ၊ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက် နေသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အဆက် အသွယ်ရှိသည့် ပါတီငါးပါတီ၊ ပါတီလှုပ်ရှားမှုနှင့် အလုပ်အမှုဆောင်အဖွဲ့မရှိတော့သည့် ပါတီခုနစ်ပါတီ၊ နိုင်ငံရေးပါတီအင်္ဂါရပ်နှင့် မညီညွတ်တော့သည့် ပါတီ ၅၆ ပါတီတို့ကိုလည်း ကော်မရှင်က ဥပဒေနှင့်အညီ ဖျက်သိမ်းခဲ့ရသဖြင့် မူလက မှတ်ပုံတင်ခဲ့သည့် ပါတီပေါင်း ၂၃၅ ပါတီတွင် တရားဝင်ရပ်တည်နိုင်သည့် ပါတီ ၁၀ ပါတီသာကျန်ရှိပြီး ယင်းတို့အနက် ငါးပါတီ သာ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက်မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှတ်တမ်းများအရ သိရသည်။

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ရွေးကောက်ပွဲတွင် အနိုင်ရပါတီအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အစိုးရတာဝန်လွှဲအပ်နိုင်ရေးအတွက် လိုအပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အမျိုးသားညီလာခံကို ကျင်းပစေခဲ့သည်။ ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံးရရှိခဲ့သည့်ပါတီနှင့် ယင်းပါတီအမတ်များက အမျိုးသားညီလာခံမှ ကျောခိုင်းထွက်ခွာသွားခဲ့သဖြင့် ပါတီစုံခေတ်ပြန်လည်ရှင်သန်စေမည့် လမ်းကြောင်း ဖြစ်သော ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲရလဒ်သည်လည်း ပျက်ပြယ်သွားခဲ့ ရလေသည်။

ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ချောမွေ့စွာဖြင့် ကူးပြောင်းပေးနိုင်ခဲ့

အမျိုးသားညီလာခံမှ ပေါ်ထွက်လာသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေ(၂၀၀၈)မူကြမ်းကို ၂ဝဝ၈ ခုနှစ် မေ ၁၀ ရက်တွင် ကျင်းပသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် ၉၂ ဒသမ ၄ ရာခိုင်နှုန်းတို့၏ ထောက်ခံဆန္ဒမဲဖြင့် အတည်ပြုပြီးနိုင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ် မတ် ၈ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေတို့ကို အသစ်ပြဋ္ဌာန်းပြီး ပထမအကြိမ်လွှတ်တော် သက်တမ်းအတွက် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပေးခဲ့သည်။ တပ်မတော်က နိုင်ငံ့တာဝန်ယူခဲ့ရသည့် အုပ်ချုပ်ရေး ကာလမှ ပြည်သူက ရွေးကောက်တင်မြှောက်သည့် ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ညင်သာချောမွေ့စွာဖြင့် ကူးပြောင်းပေးနိုင်ခဲ့သည်။ပြည်သူတို့ လိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ် ဒုတိယခေတ်ကာလကို ပြန်လည်လမ်းခင်းပေး၍ လျှောက်လှမ်းစေခဲ့သည်။

၂၀၁၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၂၉၈၇ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ နိုင်ငံရေးပါတီ ၂၂ ပါတီမှ ကိုယ်စားလှယ် ၁၁၄၈ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်ခြောက်ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကာ လျှောက်လှမ်းခဲ့ကြ သည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်ရစမှာပင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ရွေးကောက်ပွဲအချိန် ကာလသို့ ရောက်ခဲ့ရလေသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၉၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၅၇၂၈ ဦး၊ တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ နိုင်ငံရေးပါတီ ၂၂ ပါတီမှ ကိုယ်စားလှယ် ၁၁၄၅ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ငါးဦး ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး NLD ပါတီက အစိုးရဖွဲ့ကာ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းကို ဖြတ်သန်းခဲ့ကြသည်။

 ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွှဲအပ်သွားမည်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် တတိယ အကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ နိုင်ငံရေးပါတီ ၈၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၅၃၇၉ ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ . သို့သော် ရွေးကောက်ပွဲတွင် အာဏာရပါတီအစိုးရ၏ ပါဝင် စွက်ဖက်မှုများ၊ မဲစာရင်းကြီးမားစွာ မှားယွင်းမှုများ၊ မဲမသမာမှုဖြစ်စဉ်များကို တာဝန်ယူမဖြေရှင်းဘဲ လွှတ်တော်ခေါ်ယူပြီး နိုင်ငံတော်အာဏာကို ရယူမည့်အခြေအနေတို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ အရေးပေါ်ကာလပြဋ္ဌာန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဖွဲ့စည်း၍ နိုင်ငံတော်တာဝန်ကိုထိန်းသိမ်းတာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ အရေးပေါ်ကာလဆိုသည်မှာ ဒီမိုကရေစီလမ်းကြောင်း မတိမ်းစောင်းရလေအောင် တပ်မတော်က ဝင်ရောက် ထိန်းသိမ်းပေးရသည့် အခြေအနေပင်ဖြစ်သည်။  အစွန်းရောက် ဒီမိုကရေစီအာဏာပိုင် လမ်းစဉ်သို့ ဦးတည်နေသော အခြေအနေအား အချိန်မီတားဆီး လိုက်နိုင်သည်ဟု ဆိုရပေလိမ့်မည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှေ့လုပ်ငန်းစဉ်များချမှတ် ထားပြီးဖြစ်ရာ ကျင်းပရန်ရှိသည့် လာမည့်အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများက ဝင်ရောက် ယှဉ်ပြိုင်ကြရပေမည်။

အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက် သက်ဆိုင်လျက်ရှိသည်။ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲဆန္ဒနယ်အားလုံးအတွက် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်အောင် ဆောင်ရွက်ထားရန် လိုအပ်မည် ဖြစ်သည်။ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေများလည်း သင့်လျော်သည့်အချိန်တွင် အသစ်ပေါ်ထွက်လာလိမ့်မည်ဟု မျှော်လင့်ထားပါသည်။

ပါတီစုံခေတ်နိုင်ငံရေးပါတီများကို လေ့လာကြည့်ရာ သာမန်အားဖြင့် ပါတီအမျိုးအစားသုံးမျိုး တွေ့ရှိရသည်။ နိုင်ငံရေးဝါဒအခြေပြုပါတီ၊ ဒေသ/အခြေခံလူတန်းစား လူမျိုးစုအခြေပြုပါတီနှင့် အခြေပြုပါတီတို့ဖြစ်သည်။ နိုင်ငံအချို့တွင် လူမှုပတ်ဝန်းကျင်အကျိုးပြုပါတီများလည်း ရှိကြသည် ဟုဆိုပါသည်။ ပါတီများ၏ ရပ်တည်မှုကိုလေ့လာ ကြည့်ရာတွင် တိုင်းပြည်အတွက် အမျိုးသားအကျိုး စီးပွားကိုမဏ္ဍိုင်ပြု၍ ရပ်တည်သည့်ပါတီ၊ နယ်မြေ ဒေသနှင့် တိုင်းရင်းသားလူမျိုးဝိသေသ လက္ခဏာကို မဏ္ဍိုင်ပြု၍ မိမိဒေသ၊ မိမိလူမျိုးကောင်းကျိုးအတွက် ရပ်တည်သည့် ပါတီ၊ အစိုးရအာဏာရရေး ရပ်တည် သည့်ပါတီ၊ ဝန်ကြီးအမတ်နေရာရရေးရပ်တည်သည့် ပါတီ၊ အစိုးရကို ထိန်းကျောင်းရန် အတိုက်အခံ သဘောရပ်တည်သည့်ပါတီနှင့် နိုင်ငံရေး ပလက်ဖောင်း နေရာတစ်ခုခုအတွက် ရပ်တည်သည့် ပါတီတို့ကို ယေဘုယျအားဖြင့် တွေ့ရှိရသည်။

ပါတီတစ်ရပ်ချင်းစီအပေါ်တွင် လူထုကအကဲဖြတ်ရမည့်နိုင်ငံရေး မှတ်ကျောက်များပင်ဖြစ်

မည်သည့်ရပ်တည်မှုဖြင့် မတူကွဲပြားစွာ ဖွဲ့စည်းတည်ထောင်ထားကြသည်ဖြစ်စေ .. ပါတီများ၏ တူညီသောရည်မှန်းချက်သည် လူထုထောက်ခံမဲဖြင့် ရွေးကောက်ပွဲအနိုင်ရပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး နယ်ပယ်တွင် ပါဝင်နိုင်ရန် ဖြစ်ပါသည်။ ပါတီ၏ နိုင်ငံရေးယုံကြည်ချက်၊ ပါတီ၏မူဝါဒ၊ ပါတီဖွဲ့စည်းပုံနှင့် စည်းမျဉ်း၊ ပါတီတွင်းအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု၊ ပါတီ တွင်းစည်းလုံးညီညွတ်မှု၊ ပါတီဝင်အင်အားတိုးတက် ရရှိရေး၊ ပါတီ၏ စည်းရုံးရေးစွမ်းရည်၊ ပါတီတာဝန်နှင့် နိုင်ငံ့တာဝန်၊ ပါတီအကျိုးစီးပွားနှင့် အမျိုးသားအကျိုး စီးပွား၊ လွှတ်တော်တွင်းနိုင်ငံရေးတာဝန်နှင့် လွှတ်တော် ပြင်ပနိုင်ငံရေးတာဝန်၊ ရွေးကောက်ပွဲအနိုင်ရရှိရေးနှင့် ပါတီရေရှည်အသက်ဝင် ရပ်တည်နိုင်ရေး စသည် တို့သည် ပါတီတစ်ရပ်ချင်းစီအပေါ်တွင်လူထုက အကဲဖြတ်ရမည့် နိုင်ငံရေး မှတ်ကျောက်များပင် ဖြစ်သည်။

လာမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း ထုတ်ပြန် ထားပြီးဖြစ်ရာ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြု စနစ်ဖြင့် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော လူထုကိုယ်စားပြုမှုကို မြင့်မားစွာဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း မိမိတို့ရရှိသည့် ထောက်ခံဆန္ဒမဲအရေအတွက်အပေါ် မူတည်၍ အချိုးကျစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံကြရမည်ဖြစ်ရာ နိုင်ငံရေးပါတီများ ခိုင်မာအားကောင်းနေရန်နှင့် စည်းရုံးရေး စွမ်းရည်မြင့်မားနေရန် မဖြစ်မနေလိုအပ်မည် ဖြစ်သည်။

၂၃-၁-၂၀၂၃ ရက်နေ့က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ ....မိမိတို့နိုင်ငံ၌ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဗဟိုဦးစီးစနစ်၊ တစ်ပါတီစနစ်ဖြင့်သွား ခဲ့ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ရာတွင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ဆောင်ရွက်ရန် အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဆောင်ရွက် ရာတွင် ပါတီစုံဒီမိုကရေစီစနစ် အမြန်ဖြစ်ထွန်းနိုင်ရေး နိုင်ငံရေးပါတီများဖွဲ့စည်းခွင့်ကို လျှော့ပေါ့ပေးသကဲ့သို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင်လည်း နိုင်ငံသူနိုင်ငံသား အားလုံး ဒီမိုကရေစီအတွေ့အကြုံကို ပိုမိုရရှိစေရန်အတွက် ပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ပတ်သက်၍ လျှော့ပေါ့ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွေ့အကြုံများအရ ပါတီများပြားသော်လည်း လွှတ်တော်၌ ပါဝင်ခွင့်ရသည့်ပါတီမှာ နည်းပါးသည်ကိုတွေ့ရကြောင်း၊ နိုင်ငံရေးပါတီများပြားပြီး ပါတီဝင်များအစုအဖွဲ့တစ်ခု အနေဖြင့်သာ လုပ်ဆောင်နိုင်သည်ကို တွေ့ရကြောင်း၊ အဆိုပါအစုအဖွဲ့မှာ ငယ်နေမည်ဆိုပါက ဧရိယာအား ဖြင့်၊ အရေအတွက်အားဖြင့်၊ နယ်ပယ်အားဖြင့် ကြီးမားကျယ်ပြန့်စွာ စုစည်းနိုင်မှုမရှိသည်ကို တွေ့ရ ကြောင်း၊ ထို့ကြောင့် ပါတီများအားလုံး ယခုထက်ပိုမို၍ ကျစ်လျစ်ခိုင်မာစွာ၊ စည်းစနစ်ကျစွာဖြင့်၊ ထုထည်ဖြင့် ဖွဲ့စည်းနိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြန်လည်သုံးသပ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြဋ္ဌာန်းရန်လိုကြောင်း၊ ရှေ့လုပ်ငန်းစဉ်တွင် ပါရှိသည့် အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အတည်ပြုနိုင်ရန် အတွက် သုံးသပ်ဆွေးနွေး အကြံပြုစေလိုကြောင်း...ထည့်သွင်းပြောကြားခဲ့ပြီး ဖြစ်သည်။

ပါတီ၏ အခြေခံအရင်းအမြစ်များ ရှိထားပြီးဖြစ်

အသစ်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေအရ တည်ဆဲနိုင်ငံရေး ပါတီများအနေ ဖြင့် ပါတီဆက်လက်တည်ထောင်လိုပါက ဥပဒေပြဋ္ဌာန်း သည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း (၂၆-၁-၂၀၂၃ ရက်နေ့မှ ၂၈-၃-၂၀၂၃ ရက်နေ့အတွင်း) ပါတီမှတ်ပုံတင် ခွင့် ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ အလိုအလျောက် ပျက်ပြယ်မည် ဖြစ်ပါသည်။ နိုင်ငံရေးပါတီတည်ထောင်ခွင့် အသစ်လျှောက်ထားလိုသူများ အနေဖြင့်လည်း ၂၆-၁-၂၀၂၃ ရက်နေ့မှစ၍ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲမှသည် ယနေ့အချိန်အထိ နိုင်ငံရေးပါတီ ပေါင်း ၁၂၈ ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီး လက်ရှိအချိန် အထိ နိုင်ငံရေးပါတီ ၉၁ ပါတီ တရားဝင်ရပ်တည်ဆဲဖြစ် သည်။ အများစုမှာ လွှတ်တော်သက်တမ်း နှစ်ဆက် တာကာလအတွင်း ရွေးကောက်ပွဲအတွေ့အကြုံနှင့် ပါတီ၏အခြေခံအရင်းအမြစ်များ ရှိထားပြီးဖြစ်လိမ့်မည် ဟု ယူဆသည်။ ပါတီမှတ်ပုံတင်ခွင့်မရှိစေရ ပြဋ္ဌာန်း ချက်များနှင့် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရ ပြဋ္ဌာန်းချက်များကိုလည်း သတိပြုကြရမည် ဖြစ်သည်။

နိုင်ငံသားများအတွက် ပေါ်ထွက်လာမည့် နိုင်ငံရေးပါတီများ လူထုကမျှော်လင့်

နိုင်ငံရေးပါတီများ ခိုင်မာအားကောင်းရန်အတွက် အခြေခံအကျဆုံးလိုအပ်ချက်မှာ ပါတီလုပ်ငန်းများ စီမံအုပ်ချုပ်မှု ကောင်းမွန်ခြင်း၊ ပါတီဝင်အင်အားများနိုင်သမျှ များများစုဆောင်းနိုင်ခြင်း၊ ပါတီရန်ပုံငွေတောင့်တင်း ခိုင်မာခြင်းနှင့် ပါတီ၏စည်းရုံးရေးစွမ်းရည် မြင့်မားနေခြင်းတို့ပင် ဖြစ်သည်။ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ပိုမိုအားကောင်းလာ စေရန်၊ လာမည့်ရွေးကောက်ပွဲများတွင် ပြောင်းလဲ ကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ်နှင့် လိုက်လျော ညီထွေဖြစ်စေရန်၊ ရပ်တည်မှုအခြေအနေနှင့် ကော်မရှင်က ပါတီများအား စစ်ဆေးတွေ့ရှိချက်များအရ ကျစ်လျစ်ပြီးခိုင်မာ အားကောင်းသည့် နိုင်ငံရေးပါတီများ ဖြစ်ထွန်းရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စိတ်ရင်းစေတနာမွန်ဖြင့် ပေါ်ထွက်လာမည့် နိုင်ငံရေးပါတီများ ကိုလည်း လူထုကမျှော်လင့်နေ မည်ဖြစ်သည်။

ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီများသည် အသစ်ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ထိုက်သင့်သည့် ပါတီဝင်အင်အားစုဆောင်းရန်၊ နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် ရှိသင့်သည့် ပါတီရန်ပုံငွေကြေးထားရှိရန်၊ ပါတီလုပ်ငန်းများစနစ်တကျ ဆောင်ရွက်ရမည့် ပါတီရုံးခန်းများ ဖွင့်လှစ်ရန်၊ ရွေးကောက်ပွဲတွင် ဥပဒေက သတ်မှတ်ထားသည့် မဲဆန္ဒနယ်အရေအတွက် တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်တို့အတွက် အပြိုင်ကြိုးပမ်း နေကြရမည်ဖြစ်သည်။ နိုင်ငံရေးပါတီများအနေဖြင့် စည်းရုံးရေးစွမ်းရည်ကောင်းကောင်းဖြင့် ပါတီဝင် အင်အားများနိုင်သမျှများများ စုဆောင်းနိုင်မှသာလျှင် ရွေးကောက်ပွဲတွင် မိမိပါတီကရရှိသည့် ထောက်ခံဆန္ဒမဲ အရေအတွက်အတိုင်း အခြေခံမဲနှင့် အကြွင်းမဲ တွက်ချက်နည်းတို့အရ မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရမည်ဖြစ်သည်။

တိုင်းရင်းသားလူမျိုးအမည်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် နိုင်ငံရေးပါတီများ အနေဖြင့်လည်း ကျစ်လျစ်ခိုင်မာစွာဖြင့် စုစုစည်းစည်းဖြင့် ပါတီစည်းရုံးရေးစွမ်းအား ကောင်းမွန်ခြင်းတို့ဖြင့် ပြည်ထောင်စုအဆင့်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်တို့တွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာကို မျှဝေကျင့်သုံးနိုင်မည့် အခွင့်အရေးများ ပိုမိုရရှိလာမည် ဖြစ်သည်။ တိုင်းရင်းသားလူမျိုးနိုင်ငံရေးပါတီများ ခိုင်မာအားကောင်းသည်နှင့်အမျှ ရွေးကောက်ပွဲ ယဉ်ကျေးမှုမှ တစ်ဆင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် သာမက ပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေသည့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက်ပါ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ကောင်းမြတ်သော အကျိုးသက်ရောက်မှုများ ရရှိလာလိမ့်မည်ဟု ပြည်သူတစ်ဦးအနေဖြင့် မျှော်လင့်သည်။

မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန်လို

ကမ္ဘာ့ဒီမိုကရေစီ ဝါရင့်နိုင်ငံကြီးများမှာပင် ရွေးကောက်ပွဲတွင် အနိုင်ရ၍ မည်သည့်ပါတီက နိုင်ငံကိုအုပ်ချုပ်ရသည်ဖြစ်စေ၊ အစိုးရကိုထိန်းကျောင်းပေးရသည့် အတိုက်အခံပါတီပင်ဖြစ်စေ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကိုသာ တစိုက်မတ်မတ် ဦးတည်ဆောင်ရွက်ကြသည့် နိုင်ငံရေး ယဉ်ကျေးမှု အလေ့အထမျိုးကိုသာ ခံယူကျင့်သုံးကြလေသည်။ မိမိတို့နိုင်ငံကဲ့သို့ ဒီမိုကရေစီအသွင် ကူးပြောင်းဆဲ နိုင်ငံအနေဖြင့် နိုင်ငံတကာ . အမြင်ကျယ်ကျယ်၊ အမျိုးသားနိုင်ငံရေး ဆင်ခြင်ဉာဏ်တို့ဖြင့် အတိတ်ကို သင်ခန်းစာယူ၊ ပစ္စုပ္ပန်ကိုမှန်ကန်စွာ တည်ဆောက် ပြီး အနာဂတ်ကို တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမည် ဖြစ်ပါသည်။ ပါတီစုံခေတ်တွင် ရွေးကောက်ပွဲအနိုင်ရ၍ အစိုးရဖွဲ့နိုင်သည်ဖြစ်စေ၊ အစိုးရမဖွဲ့နိုင်သည်ဖြစ်စေ အမျိုးသားအကျိုးစီးပွားကို ဦးတည်သည့် ပါတီများ ခိုင်မာအားကောင်းရန် လိုအပ်ပြီး ပြည်သူနှင့် တစ်သားတည်း ရှိနေဖို့လည်း လိုအပ်သည်။ ရွေးကောက်ပွဲနီးလျှင် ပေါ်လာပြီး ရွေးကောက်ပွဲပြီးလျှင် ပျောက်ကွယ်သွားမည်ဆိုပါက ပြည်သူနှင့် ဝေးသည်ထက် ဝေးသွားပေလိမ့်မည်။ လူထုကလည်း ရွေးကောက်ပွဲတွင် ဉာဏ်နှင့်ယှဉ်သော ဆန္ဒမဲတို့ဖြင့် မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန်လိုသည်။

သို့ဖြစ်၍ လာမည့်အနာဂတ်တွင် ရွေးကောက်ပွဲ အနိုင်ရ၍ အစိုးရဖွဲ့နိုင်မည်ဆိုလျှင်လည်း အမျိုးသား အကျိုးစီးပွားကို ဦးတည်သည့် ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု တို့ဖြင့် ပြည့်စုံနိုင်ကြစေရန်၊ ဒီမိုကရေစီသဘောအရ အတိုက်အခံပါတီအဖြစ် အစိုးရကို ထိန်းကျောင်းပေးကြ ရာတွင်လည်း ပြည်သူတို့၏ အကျိုးစီးပွားကိုသာ ရှေးရှုနိုင်ကြစေရန်အလို့ငှာ ပါတီစုံခေတ်တွင် ပြည်သူကိုကိုယ်စားပြုရမည့်ပါတီများ ခိုင်မာအားကောင်းရေးအတွက် မဲဆန္ဒရှင်ပြည်သူတစ်ဦးအနေဖြင့် ဆန္ဒပြုလျက် ဖော်ညွှန်းတင်ပြလိုက်ရပါသည်။ ။

ကိုးကား-

တပ်မတော်သမိုင်း (စတုတ္ထတွဲ) မှ (အဋ္ဌမတွဲ) အထိ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

မှတ်တမ်းများ

မြန်မာနိုင်ငံရေးပါတီများ (၂၀၂၂)

မြန်မာ့အလင်းသတင်းစာ (၂၄-၁-၂၀၂၃)

No comments:

Post a Comment