Friday, March 3, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး Jeng Phang နော်တောင် လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးကျင်းပသည့် လာချိဒ်တစ်မျိုးသားလုံး၏ အမွေအနှစ်ဖြစ်သည့် မုခ်ဦး၊ ရိုးရာအိမ်တော်၊ မနောကွင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၊ ကျုံးဇွမ်မနောပွဲအကဖြင့် အတူတကွ ပါဝင်ဆင်နွှဲ

 


မြစ်ကြီးနား မတ် ၃

လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်သည့် နိုင်ငံတစ်ဝှမ်းနှင့် ပြည်နယ်အတွင်းရှိ လာချိဒ်တစ်မျိုးသားလုံး၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မုခ်ဦး၊ ရိုးရာအိမ်တော်၊ မနောကွင်းဖွင့်ပွဲအခမ်းအနားနှင့် ကျုံးဇွမ်မနောအကကို မတ် ၃ ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာအတွင်းရှိ လာချိဒ်ရိုးရာယဉ်ကျေးမှုကွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ကြရာ လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် လာချိဒ်တိုင်းရင်းသားများက(ရှီးခွမ်မှီ) ကြိုဆိုသီချင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အခမ်းအနားကို သိက္ခာတော်ရဆရာ မဒိန်ဇုန်းကျန်းက ဆုတောင်းဆက်ကပ်ပေးပြီး လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးလဘောင်ဇုန်းဘောမ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ မနောကွင်းအတွင်း ပင်မမနောတိုင်အလှူရှင် ဇောင်မှူးမန်ရှန်ဒိန့်ယိန်း၏ဇနီး ဆရာမဂလောင်ဇရှီခေါဝင်းက မနောကွင်းတည်ဆောက်ရခြင်းနှင့် ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နိုင်ငံတစ်ဝှမ်းနှင့် ကချင်ပြည်နယ်နေရာဒေသအသီးသီးရှိ လာချိဒ်တစ်မျိုးသားလုံးနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ လာရောက်တွေ့ဆုံကြပြီး ကောင်းချီးမင်္ဂလာခံယူသော မနောအကဖြစ်သည့် ကျုံးဇွမ်မနော်ပွဲတော်ကြီးကို ယခုလိုအောင်မြင်စွာကျင်းပပြုလုပ်နိုင်ကြသည့်အတွက် လာချိဒ်တစ်မျိုးသားလုံးနှင့် ထပ်တူဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယခုလို မနောပွဲတော်၏ စည်းလုံးညီညွတ်မှုအင်အားမှသည် လူသားမျိုးနွယ်စုအကျိုး၊ ပြည်နယ်အကျိုး၊ တိုင်းပြည်၏အကျိုးများကို စစ်မှန်သောပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဆထက်တိုး၍ ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ မိမိတို့ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို ယခုထက်မက ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ပြီး ပြည်ထောင်စုကြီးနှင့် ကချင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းသာယာဖွံ့ဖြိုးရေးကို အစဉ်ထာဝရရှေးရှုဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ဂုဏ်ပြုပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုကဲ့သို့ မနောပွဲတော်ကျင်းပပြုနိုင်ခြင်းအားဖြင့် လာချိဒ်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို အခြားတိုင်းရင်းများက ပိုမိုသိရှိနားလည်လာပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ပိုမိုရရှိစေသည့်အပြင် တိုင်းရင်းသားအချင်းချင်း မိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် မိမိတို့ဒေသ၊ မိမိတို့၏ ပြည်ထောင်စု၊ မိမိတို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ကျရာအခန်းကဏ္ဍမှ လက်တွဲ၍ ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌထံ ချီးမြှင့်ထောက်ပံ့ငွေကျပ်သိန်း ၂၀၀ ကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ငွေကျပ် ၅ သိန်းကိုလည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ရိုးရာအိမ်တော်ရှေ့၌ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီး မနောကွင်းဖွင့်လှစ်ရန် သိက္ခာတော်ရဆရာ မဒိန်းဇုန်းကျန်းက ဆုတောင်းဆက်ကပ်ကောင်းကြီးပေးပြီး မနောကွင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီး Jeng Hpang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဦးဇခုန်တိန့်ယိန်း၊ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပင်မမနောတိုင်အလှူရှင် ဒူဝါမန်ရှန်ဒိန်ယိန်း၏ ဒေါ်ဇရှီခေါဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လာချိဒ်လူငယ်မောင်၊ မယ်များက မနောအဖွင့်သီချင်းဖြင့် ကပြသီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက လာချိဒ်တစ်မျိုးသားလုံးနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ လာရောက်တွေ့ဆုံဆုံစည်းကြကာ ကောင်းချီးမင်္ဂလာခံယူသော မနောအကဖြစ်သည့် ကျုံးဇွမ်မနောအက အဖွင့်မနောအကကို မနောအကဦးဆောင်သူများနှင့်အတူ ရိုးရာနှင့်အညီ မနောကွင်းအတွင်း လာချိဒ်တိုင်းရင်းသားများ၊ ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားအားလုံးနှင့်အတူ အတူတကွ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။

လာချိဒ်တိုင်းရင်းသားမျိုးနွယ်များသည် ရှေးယခင်ပဝေဿဏီကတည်းကပင် မိသားစုကျန်းမာရေးကောင်းမွန်စေရန်၊ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများကောင်းမွန်စေရန်၊ ရည်ရွယ်၍ မနောပွဲတော်ကို ကျင်းပလာကြသည့် အစဉ်အလာကောင်းများရှိကြပြီး အောင်မြင်မှုများ ရရှိလာသောအခါတွင်လည်းကောင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ အိမ်သူအိမ်သားများနှင့် မျိုးနွယ်စုများပြန်လည် ဆုံတွေ့သောအခါများနှင့် နေ့ထူးနေ့မြတ်အထိမ်းအမှတ်နေ့များတွင်လည်းကောင်း၊ မင်္ဂလာရက်ကောင်းရက်မြတ်ရွေးချယ်ပြီး မိသားစုအလိုက် မိမိတို့၏ ဒေသနှင့်အိမ်ဝင်းအတွင်း မနောတိုင်များကို စနစ်တကျဆောက်လုပ်ကာ ရိုးရာအစဉ်အလာအရ မနောအကကို ခေါင်းဆောင်သူ၏နောက်မှ လိုက်ပါကကြသူများသည် စည်းလုံးညီညွတ်စွာဖြင့် အတူတကွမနောအကကခြင်းရိုးရာဓလေ့ကို လာချိဒ်ရိုးရာယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ခြင်းဖြစ်သည်။ ယခု ၂၀၂၃ ခုနှစ်တွင် ပြည်နယ်နှင့် နိုင်ငံအဝန်း နေရာဒေသအသီးသီးရှိ လာချိဒ်တစ်မျိုးသားလုံးနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ လာရောက်တွေ့ဆုံ စုံစည်းကြပြီး ကောင်းချီးမင်္ဂလာခံယူသော မနောအကဖြစ်သည့် ကျုံးဇွမ်မနောအကဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ရိုးရာမနောကွင်းနှင့် လာချိဒ်တိုင်းရင်းသားတို့၏ သမိုင်းမှတ်တမ်းများနှင့် ရိုးရာအသုံး အဆောင်ပြခန်းအတွင်းပြသထားသည့် လာချိဒ်တိုင်းရင်းသားတို့ ဆင်းသက်လာမှုများ၊ ဘဝ နေထိုင်မှုဓလေ့ထုံးစံများ၊ လာချိဒ်စာပေများ၊ ရိုးရာအဝတ်အထည်များရက်လုပ်မှုနှင့် ဝတ်စားဆင်ယင်မှုများ၊ အသုံးအဆောင်ပစ္စည်းများ၊ လာချိဒ်တိုင်းရင်းသားဦးဆောင်သူ ဘိုးဘွားများ၏ မှတ်တမ်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

အလားတူ လာချိဒ်တစ်မျိုးသားလုံး၏ ရိုးရာမနောပွဲတော်ကို မတ်လ ၂ ရက်မှ စတင်ကျင်းပပြုလုပ်ခဲ့ကြပြီး ညပိုင်းတွင် လာချိဒ်တိုင်းရင်းသား အဆိုတော်များ၏ တေးသီးချင်းသီဆိုမှုများ၊ လနတ်သမီးအလှပြိုင်ပွဲများ၊ ဈေးဆိုင်ခန်းများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး အပိတ်မနောအကကို ၄ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ သိရှိရသည်။

No comments:

Post a Comment