Thursday, March 30, 2023

ပဲခူးမြို့၌ ရေပေါ်ဆိုလာလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းဆောင်ရွက်ရန် Golden Sunshine Co., Ltd မှ လာရောက်မိတ်ဆက် ရှင်းလင်းတင်ပြ

 


ပဲခူး မတ် ၃၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းထံသို့ ယမန်နေ့နံနက်ပိုင်းက Golden Sunshine Co., Ltd မှ ပဲခူးမြို့၌ ရေပေါ်ဆိုလာလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းဆောင်ရွက်ရန် လာရောက်မိတ်ဆက်ရှင်းလင်းတင်ပြရာ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ရှေးဦးစွာ Golden Sunshine Co., Ltd ၏ ဒါရိုက်တာဦးကောင်းထက်ဝေယံက တရုတ်နိုင်ငံအခြေစိုက် CSEPDI Co., Ltd နှင့် အကျိုးတူပူးပေါင်း၍ ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ပဲခူးမြို့၊ မဇင်းရေလှောင်တမံတွင် 100 MW ထုတ်လုပ်နိုင်သည့်    ရေပေါ်ဆိုလာ   လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ဆောင်ရွက်ရန်နှင့် မဟာဓာတ်အားလိုင်းသို့ ပြန်လည်ပို့လွှတ်မည့် အစီအစဉ်အသေးစိတ်အား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၄၃)နိုင်ငံတွင် ဆိုလာလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများအား Video မှတ်တမ်းဖြင့် ပြသခဲ့သည်။ 

ထို့နောက် တင်ပြချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ရေလှောင်တမံဆိုင်ရာအချက်အလက်များ၊ ရေပေးဝေနေမှုအခြေအနေများ၊ အနာဂတ်စီမံကိန်းများနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရောင်းချခြင်းဆိုင်ရာကိစ္စရပ်များအား အကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကာ ရေလှောင်တမံပေါင်း(၃၉)ခုရှိ၍ Flooding Solar ရေပေါ်ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် အရင်းအမြစ်များပေါကြွယ်ဝကြောင်း၊ ပဲခူးမြို့နယ်တွင် ပြည်တွင်း/ပြည်ပ စက်မှုဇုံများ၊ စက်မှုနယ်မြေများရှိပြီး ဆိုလာစနစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ပါက နိုင်ငံတော်လျှပ်စစ်ဓာတ်အားသုံးစွဲမှုအတွက်လည်း အကျိုးရှိကြောင်း၊ ရေလှောင်တမံများတွင် Flooding Solar ရေပေါ်ဆိုလာစနစ်ဖြစ်၍ ရေလှောင်တမံအတွင်း ရေငွေ့ပျံမှုလျော့နည်းကာ စိုက်ပျိုးရေပေးဝေမှုကို မထိခိုက်နိုင်မှုမရှိသည့်အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်၍ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုလည်း သက်သာစေနိုင်မှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပဲခူးမြို့၊ မဇင်းရေလှောင်တမံတွင် Flooding Solar ရေပေါ်ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် လုပ်ငန်းစီမံချက်အပေါ် ကြိုဆိုပါကြောင်းနှင့် လိုအပ်သည်များအား ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)

No comments:

Post a Comment