ဘုရားရှင်၏ ဒေသနာတော်များသည် ဝေနေယျဇ္စျာသယ၊ ပုဂ္ဂလဇ္စျာသယ အားလျော်စွာ
မည်သို့ပင်အကျယ်ဟောထားသော်လည်း တစ်ခုတည်းသောရသမှာ ဝိမုတ္တိရသသာဖြစ်သည်။ ဘုရားသားတော်
ရဟန်းသံဃာတော်များအနေဖြင့် အံ့ဖွယ်တော်ရှစ်ဖြာနှင့်ပြည့်စုံသည့် သာသနာတော်မြတ်ကြီး
အရှည်တည်တံ့စေရေးကို ကာကွယ်စောင့်ရှောက်ကြရမည့် အရေးအကြီးဆုံးတာဝန်တစ်ရပ်မှာ ယင်းဝိမုတ္တိရသကို
အစဉ်ရရှိစေရန် ကြိုးပမ်းအားထုတ်နေရေးပင်ဖြစ်သည်။ မင်း၊ အစိုးရနှင့် ပြည်သူများ၏တာဝန်မှာ
ဝိမုတ္တိရသကို အားထုတ်နေကြသော ရဟန်း သံဃာတော်များအား ချီးမြှောက်ထောက်ပံ့ ပေးရေးဖြစ်သည်။
ထို့ကြောင့် မြတ်စွာဘုရား၏ တပည့်သားကောင်း ရဟန်းသံဃာတော် အဆက်ဆက်သည်
ဓမ္မဝိနိယခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ မညစ်နွမ်းမပျောက်ကွယ်စေရန် ကြိုးစားစောင့်ရှောက်တော်မူခဲ့သည်။
သာသနာတော်ကို စောင့်ရှောက်တော်မူသော ရဟန်းသံဃာတော်များ အဓွန့်ရှည်တည်တံ့ ထွန်းကားလာအောင်
မင်း၊ အစိုးရနှင့်ပြည်သူတို့က ကြောင့်ကြမဲ့မနေကြဘဲ သာသနာတော်ကြီး ထွန်းကားပွင့်လန်းနေအောင်
အဘက်ဘက်မှ ထောက်ပံ့ ချီးမြှောက်ခဲ့ကြသည်။
ယနေ့အချိန်အခါတွင် မြတ်စွာဘုရား သာသနာတော် ပွင့်လန်းထွန်းကားလာ စေရန်အတွက်
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့သည်။
အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၅ ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး
၁၂ ပါး၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီးတစ်ပါး၊ အဂ္ဂမဟာပဏ္ဍိတ
ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး အပါး ၃၀၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး
၅၂ ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၅ ပါး၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၃ ပါးနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးသုံးပါးတို့အား
ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ကြသည်ကို ဝမ်းမြောက်ဖွယ်
တွေ့မြင်ရသည်။
သာသနာတော်ကြီး ထွန်းကားပြန့်ပွားရေးအတွက် ဝိမုတ္တိရသကိုကြိုးပမ်း
အားထုတ်တော်မူကြသော ရဟန်းသံဃာတော်များ နှစ်စဉ်ပေါ်ထွန်းနေသည်မှာ မြန်မာပြည်အတွက် ကောင်းခြင်းလက္ခဏာဖြစ်သည်။
ဗုဒ္ဓဘာသာဝင် နိုင်ငံသူ နိုင်ငံသားများအတွက် အပါယ်ဒုက္ခဝဋ်ဆင်းရဲအပေါင်းမှ လွတ်ကြောင်းအမှန်ဖြစ်
သည်။ ဝေနေယျအပေါင်းတို့ ချမ်းသာကြောင်းကို ဆောင်ကြဉ်းပေးမည့် သံဃာ ရတနာများ ထွန်းကားနေခြင်းဖြစ်သည်။
ရတနာသုံးပါးကို မတုန်မလှုပ်ယုံကြည်သူ သည် လျင်သောပညာ၊ ရွှင်သောပညာမရှိ၊ ကိလေသာမှလွတ်မြောက်မှု
(ဝိမုတ္တိ)နှင့် မပြည့်စုံသော်လည်း သကဒါဂါမ်လည်းဖြစ်နိုင်သည်။ သောတာပန်လည်းဖြစ်နိုင်
သည်။ အောက်ထစ်ဆုံးအားဖြင့် တရားဓမ္မတို့ဖြစ်ပွားပြီး မြတ်စွာဘုရားကို ယုံကြည် ခြင်းမျှသာဖြစ်လျှင်ပင်
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံဘဝသို့မရောက်၊ မကောင်းသော သူတို့၏ လားရောက်ရာ၊ ပျက်စီးကျရောက်ရာ
ဒုဂ္ဂတိဘုံဘဝသို့မရောက်နိုင်ဟု တရားတော်တွင် ဟောကြားထားသည်။
လူဖြစ်စေ၊ ရဟန်းဖြစ်စေအစဉ်ထာဝရ အားထားကိုးစားရမည့်အရာကား မှန်ကန်တိကျသည့်အကျင့်
ပဋိပတ်ဖြစ်သည်။ ယင်းပဋိပတ်သည် သီလ၊ သမာဓိ၊ ပညာဟူသောသိက္ခာသုံးရပ်ဖြစ်သည်။ ပဋိပတ်၏ အခြေခံအကြောင်းရင်းသည်
ပရိယတ်ဖြစ်သည်။ ပရိယတ္တိသာသနာကို တိုးတက်ထွန်းကားအောင် ကြိုးပမ်း ထမ်းဆောင်ခြင်းသည်
မြတ်စွာဘုရားရှင်သာသနာတော် မကွယ်ပျောက်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်၍ ဤလောကသည်
သူတော်ကောင်းတရားတို့ဖြင့် တင့်တယ်နေမည်ဖြစ်သည်။ ငြိမ်းချမ်းသာယာဝပြောနေမည်ဖြစ်သည်။
သာသနာ တော်သည်လည်း သန့်ရှင်းစင်ကြယ်စွာတည်တံ့ပြန့်ပွား၍ ရှင်သန်နေမည်ဖြစ်သည်။
သို့ဖြစ်ရာ အံ့ဖွယ်တော်ရှစ်ဖြာနှင့်ပြည့်စုံသည့် သာသနာတော်မြတ်ကြီး
အရှည်တည်တံ့စေရေးကို ကာကွယ်စောင့်ရှောက်ကြသည့် ဘုရားသားတော် ရဟန်းသံဃာတော်များ ဝိမုတ္တိရသကို
အစဉ်ရရှိ ကြိုးပမ်းအားထုတ်တော်မူနိုင်ရန် ပစ္စယာနုဂ္ဂဟဖြင့် ပူဇော်မှုကို ပြုလုပ်နိုင်သောကြောင့်
ဓမ္မာနုဂ္ဂဟဖြင့် ချီးမြှောက်ခြင်း ကို ပြန်လည်ခံယူပြီး လောကကောင်းကျိုးငြိမ်းအေးမှုကို
ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment