နေပြည်တော် မတ် ၄
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) သည် ယနေ့တွင် သံတွဲမြို့နယ် ကျောက္ကလပ် ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာ ဆိပ်ကမ်းသို့ရောက်ရှိရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေး အဖွဲ့များသည် သံတွဲမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာရှိ အေဒင်အအေးခန်း စက်ရုံ၌ အခြေပြု၍ အဆိုပါ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၃၀၃ ဦး အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၅၁ ဦး၊ ခွဲစိတ်ရောဂါ ၆၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၅ ဦး၊ ကလေးရောဂါ ၆၆ ဦး၊ အရိုး ရောဂါ ၂၇၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၅၄ ဦး၊ မျက်စိရောဂါ ၂၉၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၂ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၃ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၇၉ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၄၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၁၇ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့ တက် ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။ ကျန်းမာရေး ဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါသည်-
“ဒီဒေသမှာဆိုရင် မရှိသေးတာ၊ သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီးမှာ မရှိသေးတာ နား၊ နှာခေါင်း၊ လည် ချောင်းအထူးကုတွေမရှိဘူး။ အခြားပြသလိုတဲ့ မျက်စိအထူးကု ဆရာဝန်တွေလည်း မရှိဘူး။ အခု ဒီမှာတော်တော်စုံစုံလင်လင်နဲ့ အထူးကုတွေပါတဲ့အတွက် ဒီဒေသမှာ အဲဒီလိုရောဂါ ဝေဒနာနဲ့ ဆက်စပ်ပြီးတော့ ပြသလို့ရတဲ့အတွက် တော်တော်လေး အဆင်ပြေပါတယ်။ လူနာတွေနဲ့ ချိတ်ဆက်ပြီးတော့ ဒီမှာကုသဖို့အတွက် အဆင်ပြေချောမွေ့အောင် ကျွန်တော်တို့က ကူညီပေးတာပါ။ ဆေးရုံသင်္ဘောကြီး ရောက်လာတယ်။ ဒီလိုအထူးကုသမားတော် ကြီးများပါတယ်ဆိုတဲ့ သတင်းစကားကို ပျံ့နှံ့အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးတာကတော့ အဓိကအချက်ဖြစ်ပါတယ်။ ကုသရေးအပိုင်းမှာတော့ ဒီမှာလာပြီးတော့ ကုသဖို့အတွက် လိုအပ်တဲ့ နေရာတွေကို ကျွန်တော်တို့ချိတ်ဆက်ပြီးတော့ ပို့ဆောင်ပေးတာတို့၊ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပေးတာတို့ ဒါမျိုးတွေ ကျွန်တော်တို့ ကူညီပေးပါတယ်။ အဓိကကတော့ ကျွန်တော်တို့ မျှော်လင့်တာကတော့ ဒီလိုမျိုးကုသရေးအဖွဲ့တွေ အနည်းဆုံး လာနိုင်ရင်တော့ တစ်နှစ်ကို တစ်ကြိမ်၊ နှစ်ကြိမ် လောက်တော့ လာစေချင်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ ဒေသအတွက် လိုအပ်ချက်တစ်ခုအနေနဲ့ ဖြစ် နေတာပါ။ ကျွန်တော်တို့ သွားရေး လာရေးခက်ခဲတယ်။ ပြင်ပအခြားနေရာတွေ သွားကုသဖို့အတွက် စရိတ်စကအနေနဲ့ မတတ်နိုင်တဲ့ချို့တဲ့ လူနာတွေအတွက် အင်မတန်အဆင်ပြေတဲ့ အစီအစဉ်ကောင်းတစ်ခုပါ။ ဒေသ အတွက်လည်း အင်မတန် လိုအပ်ချက်ရှိတဲ့ ကိစ္စတစ်ခုကို ဆောင်ရွက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်”
“ရောဂါက သွေးတိုးလို့ လာရောက်ပြသတာပါ။ မိမိတို့နေရပ်ဒေသမှာ ရောဂါမျိုးစုံကို လာရောက်ကုသပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ရွာကအုပ်ချုပ်ရေးမှူးကနေ သင်္ဘောနဲ့ လာရောက် ဆေးကုပေးမယ် ပြောကြားတဲ့အတွက် လာရောက်ကုသဖြစ်တာပါ။ ရွာကတောဘက် ကျပြီး အလှမ်းဝေးပါတယ်၊။ လာရောက်ကုသရတာ ခက်ခဲပါတယ်။ အခုလို လာရောက် ကုသပေးတဲ့အတွက် ဝမ်းသာမိတဲ့ အပြင် ကျေးဇူးအများကြီးတင်မိပါတယ်”
“မျက်စိလာရောက် ပြသတာပါ။ အခုလာရောက် ကုသပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါ တယ်။ နေရတဲ့ နေရာဒေသက တောကျပြီး မြို့နဲ့အလှမ်းဝေးတဲ့အတွက် လာရောက်ကုသပေး တာကို အထူးပဲကျေးဇူးတင်ပါတယ်။ ကုသပေးတဲ့သူတွေ အားလုံးကိုလည်း ချောချော မောမောနဲ့ ကျန်းကျန်းမာမာနဲ့ ပြန်ရောက်စေချင်ပါတယ်။ အထူးပဲကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်”
သတင်းစဉ်
No comments:
Post a Comment