Thursday, March 23, 2023

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

နေပြည်တော် မတ်၂၃

မတ် (၂၃) ရက်တွင် ကျရောက်သော မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုသော အထိမ်းအမှတ် အခမ်းအနားအဖြစ် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ၏ အောင်မြင်မှုပြပွဲနှင့် ဧည့်ခံပွဲအခမ်းအနားကို နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပသည်။

 

 

အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးစီမံကိန်းများ အကောင်အထည်ဖော်ခဲ့သည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ် ကြီးများနှင့်သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများက မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ၏ အောင်မြင်မှုပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ဧည့်သည်တော်များသည် ပြပွဲအတွင်း မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဝန်ကြီးဌာန (၁၇) ခုက ပူးပေါင်းဆောင်ရွက်မှုဧရိယာ (၃၄) ခု၌ အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်း (၉၂) ခုမှ ရလဒ်များပြသထားမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲကို အဆိုပါဟိုတယ်၌ ဆက်လက်ကျင်းပသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မိန့်ခွန်းပြောကြားရာ ဒေသတွင်း အလုံးစုံပါဝင်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုမှရရှိသည့်အကျိုးကျေးဇူးများ၊ မြန်မာပြည်သူများအတွက် အထူးရန်ပုံငွေ စီမံကိန်းများမှတစ်ဆင့် အထောက်အကူပြုမှုများ၊ ဒေသတွင်းငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု၏မူဝါဒများ၏ အရေးပါမှုတို့ကို ထည့်သွင်းပြောကြားခဲ့ပြီး၊ အထူးရန်ပုံငွေ ထောက်ပံ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က အထိမ်းအမှတ်မိန့်ခွန်း ပြောကြားသည်။

ထို့နောက် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကိုပြသသည်။ ဆက်လက်၍ ညစာစားပွဲကျင်းပရာ အနုပညာဦးစီးဌာနမှအနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်သံအမတ်ကြီးမစ္စတာချန်းဟိုင်တို့က ဂုဏ်ပြုလက်ဆောင် ပန်းခြင်းများ ပေးအပ်ချီးမြှင့်ကြသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၆ ခုနှစ်၊ မတ် ၂၃ ရက်တွင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားရန်ရည်ရွယ်၍ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ လက်ရှိတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ပူးတွဲထမ်းဆောင်လျက်ရှိသည်။

No comments:

Post a Comment