နိုင်ငံတော်အတွက် လျင်မြန်စွာအကျိုးရလဒ် Quick Win ရရှိနိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သော မတည်ရင်းနှီးငွေများရရှိနိုင်စေရန် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ လက်ကျန်ငွေမှ ကျပ် ၄၀၀ ဘီလီယံကို “နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ” အမည်ဖြင့် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အတိုးနှုန်း သက်သာသော ချေးငွေများ ထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ယမန်နှစ် ဇူလိုင်လ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ “နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ”မှ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ် ၂၃၀ ဘီလီယံ၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့်
ရခိုင်ပြည်နယ်တို့သို့ ကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊
ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့သို့ ကျပ်ရှစ်ဘီလီယံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ခြောက်ခုတို့ကို ကျပ်ငါးဘီလီယံစီ
စုစုပေါင်းရန်ပုံငွေကျပ် ၃၃၀ ဘီလီယံကို မတည်ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီး ၎င်းမတည်ထောက်ပံ့ငွေနှင့်
ပတ်သက်၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကိုလည်း ပြည်ထောင်စု အစိုးရအဖွဲ့က တိုင်းဒေသကြီး၊
ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များသို့လည်း
အကြောင်းကြားခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအရ
ထိခိုက်ကျဆင်း ခဲ့ရသည့် နိုင်ငံတော်၏စီးပွားရေးကို မြှင့်တင်နိုင်ရန်အတွက် သီးသန့်ရန်ပုံငွေကို
ထူထောင်ခဲ့ခြင်း ဖြစ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊
စက်မှုလက်မှုဆိုင်ရာ လုပ်ငန်းများ၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ
ဖော်ဆောင်ပေး နိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သော မတည်ရင်းနှီးငွေများ
ရရှိနိုင်စေရန် ရည်ရွယ်ခြင်းလည်း ဖြစ်ရာ ရရှိလာသည့် မတည်ရင်းနှီးငွေများကို အကျိုးရှိရှိ၊
ထိထိရောက်ရောက် အသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင်
အားထုတ်ကြိုးပမ်းသွားကြရမည် ဖြစ်သည်။ စိုက်ပျိုးမြေဧကများကို အပြည့်အဝအသုံးချရေး၊ သီးထပ်သီးညှပ်
စိုက်ပျိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲဖက်လုပ်ကိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး
အခြေခံစက်မှုလုပ်ငန်းများထူထောင်၍ တန်ဖိုးမြှင့်ကုန်များ ထုတ်လုပ်ရေးအတွက် နိုင်ငံတော်အကြီးအကဲကလည်း
မကြာခဏ လမ်းညွှန်လျက်ရှိရာ မိမိတို့အတွက်ရော နိုင်ငံအတွက်ပါ လျင်လျင်မြန်မြန် အကျိုးရလဒ်ရရှိနိုင်မည့်
လုပ်ငန်းများကို အကြံကောင်း၊ ဉာဏ်ကောင်းများနှင့် လုံ့လဝီရိယတို့ စိုက်ထုတ်ကာ စုပေါင်းညီညာလုပ်ကိုင်
သွားကြရန်လိုအပ်သည်။
ယခုအခါ နိုင်ငံတစ်ဝန်း မြို့နယ်အသီးသီးတို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်
စိုက်ပျိုးရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ငန်းများ
တိုးချဲ့ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းတို့
ဆောင်ရွက်နေကြပြီဖြစ်ရာ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စနစ်တကျသုံးစွဲကာ နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်များနှင့်အညီ
လုပ်ငန်းများအောင်မြင်ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း။
။

No comments:
Post a Comment