မြစ်ကြီးနား မတ် ၅
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ အံတော်ရှင် တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်နယ်သံဃနာယက အကျိုးတော်ဆောင်၊ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအားနေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ပြည်နယ်သာသနာရေးမှူးက အခမ်းအနားဖွင့် စာတမ်းကို ဖတ်ကြားကာ ငါးပါး သီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်တစ်ပါးက သမ္မော ဒနီယ ဩဝါဒကထာ မြွက်ကြားကာ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း က သာသနာရေး ဆိုင်ရာများကို လျှောက်ထား တင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ က ဆရာတော်၊ သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်ဝန်ကြီးချုပ်က မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့ရ ဆရာတော်များ ကိုလည်းကောင်း၊ တိုင်းမှူးက ဂန္ထဝါစကပဏ္ဍိတဘွဲ့ရ ဆရာတော်များကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီးက သဒ္ဓမ္မဇောတိကဓဇ ဘွဲ့ရဆရာတော်များကို လည်းကောင်း၊ တိုင်းမှူး၏ ဇနီးဒေါ်ရွှေစင်ထွန်းက ဂန္ထဝါစက ပဏ္ဍိတဘွဲ့ရ သီလရှင်ဆရာကြီးကို လည်းကောင်း၊ ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေးက သဒ္ဓမ္မဇောတိကဓဇဘွဲ့ရ သီလရှင်ဆရာကြီးကို လည်းကောင်း၊ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သဒ္ဓမ္မဇောတိက ဓဇဘွဲ့ရ ဦးဒီးဒုတ်ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက သုဓမ္ဓသိင်္ဂီဘွဲ့ရဒေါ်သွဲ့လေးအောင်ကို လည်းကောင်း ဘွဲ့တံဆိပ်တော်နှင့်အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့ အတွက် အနုမောဒနာတရား နာကြားပြီး ရေစက်သွန်းချအမျှ ပေးဝေကာ တရားတော်များ နာယူခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ဘုရားအမှူးပြုသော ပင့်သံဃာတော်များ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များနှင့် သီလရှင်ဆရာကြီးများကို အံတော်ရှင် စေတီတော်ပရိဝုဏ်အတွင်း၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံအလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment