Wednesday, March 1, 2023

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) အစည်းအဝေး ကျင်းပ

 


ပဲခူး  မတ် 

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) အစည်းအဝေးကို   ယမန်နေ့နံနက်ပိုင်းက     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုး/ မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့်     တိုင်းဒေသကြီးတစ်ခုဖြစ်သဖြင့် စက်ရုံများလာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း၊ တည်ငြိမ်အေးချမ်းသည့်ပဲခူးဒေသအား စီးပွားရေးရင်းနှီးမြှုပ်နှံမှုဇုန်တစ်ခုအနေဖြင့် ပြည်တွင်း/ပြည်ပ စက်မှုလက်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာမှု ပိုမိုများပြားလာသဖြင့် လိုအပ်သောလျှပ်စစ်ဓါတ်အားကို ထပ်မံဖြည့်ဆည်းပေးနိုင်ရန် အရေးကြီးကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရ၏ လုပ်ပိုင်ခွင့်အတွင်းရှိ ဆည်/တမံ၊ မြစ်ချောင်းများကို အခြေခံ၍ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ရန် ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များ ဖိတ်ခေါ်သွားရန် လိုအပ်ကြောင်း၊ စက်ရုံများ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စက်မှုဇုန်အတွင်း မြေလပ်မရှိ သတ်မှတ်ထားသော စက်မှုလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများခွင့်ပြုပေးရာတွင် နောင်အနာဂတ်အစိုးရစီမံကိန်းများနှင့် လွတ်ကင်းမှုရှိစေရေး သတိချပ်ရန်လိုအပ်ကြောင်း၊  ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ရပ်နားခဲ့ရသည့် စက်ရုံ/ အလုပ်ရုံများ၊ တည်ဆောက်ဆဲ စက်ရုံ/အလုပ်ရုံများ ပြန်လည စတင်ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များအား ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စက်မှုဇုန်နယ်မြေများအလိုက် ကော်မတီများဖွဲ့စည်းသွားရန်နှင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုမည့်ခွင့်ပြုဓာတုပစ္စည်းများအား လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စနစ်တကျသိုလှောင်သုံးစွဲရန် တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။  

ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က မြန်မာနိုင်ငံသားပိုင် Shwe Gyin Shwe Pin Co., Ltd ၏ မှိုင်းခံရာဘာပြားထုတ်စက်ရုံသစ်  ရင်းနှီးမြှုပ်နှံမှု၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သည့် Hansae Bago Co., Ltd ၏ အဝတ်အထည်အမျိုးမျိုးထုတ် လုပ်သည့်စက်ရုံသစ် ရင်းနှီးမြှုပ်နှံမှု၊ စက်ရုံမြေတိုးချဲ့ခြင်း၊  ကုန်ကြမ်းပစ္စည်း    ပြောင်းလဲတင်သွင်းခြင်း၊ လုပ်သားဦးရေ  တိုးချဲ့ခန့်ထားခြင်းနှင့်    တည်ဆောက်ရေးကာလတိုးမြှင့်ခြင်းစသည့် စက်မှုလုပ်ငန်းများ၏ အမှုတွဲများ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် ကော်မတီဝင်များက ပြန်လည်အကြံပြုဆွေးနွေးခဲ့မှုပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများ၏ တင်ပြချက်များအရ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း(၄၀)နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်(၁၇၂၅)သန်း ထပ်မံလာရောက်ရင်းနှီးမြှုပ်နှံခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁၇၃.၇၈၃)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု မြန်မာကျပ်ငွေ(၇၅၂၃၅.၇၇၅)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း(၈၄၅၈)ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်းသိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)

No comments:

Post a Comment