နွေကံ့ကော်(မြို့လှ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အား တွေ့ဆုံအမှာစကားပြောကြားခဲ့သည့်သတင်းကို ၂၆-၂-၂ဝ၂၃ ရက်က မြဝတီရုပ်မြင်သံကြားတွင် ကြည့်လိုက်ရပါသည်။ “မည်သည့်ကိစ္စတွင်မဆို လူသာလျှင်အရေးအကြီးဆုံးဖြစ်ကြောင်း၊ လူသာလျှင် ပဓာနဟုဆိုကြခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အရေးကိစ္စအားလုံး၌ လူပါဝင်ဆောင်ရွက်ရပြီး လူ၏ဦးဆောင်မှု၊ လူ၏ လိုက်နာဆောင်ရွက်မှု၊ လူ၏ ပြုပြင်ဖန်တီးမှုတို့သည် အဓိကကျကြောင်း၊ ထို့ကြောင့် လူတစ်ဦးချင်း အရည်အသွေး၊ အရည်အချင်းမြင့်မားနေစေရေး ဆောင်ရွက်ရမည်” ဟူသောလမ်းညွှန်ချက်ကို ရုပ်မြင်သံကြားမှတစ်ဆင့်နာခံရင်း အခုရက်ပိုင်းအတွင်း ကျွန်တော့်အာရုံထဲရှိနေသည့် အကြောင်းအရာလေးတစ်ခု ခေါင်းထဲပြန်ရောက်လာခဲ့ပါသည်။ လက်ရှိ ကျွန်တော်နေရသည့် အိမ်သစ်သို့ပြောင်းရွှေ့ခဲ့သည်မှာ လပိုင်းမျှသာရှိပါသေးသည်။
“ကျောက်မြေတွေဖြစ်လို့ ဖြစ်လောက်မှာ မဟုတ်ဘူးနော် ”“ဟုတ်တယ် ရေကလည်း နွေရောက်လို့ရှားပြီ”
လက်ရှိအိမ်သစ်လေးကို ပြောင်းလာပြီး နောက်တစ်နေ့မှာပဲ အိမ်ရှေ့မြေကွက်လပ်မှာ စံပယ်ပင်များစိုက်နေသည့် ကျွန်တော့်ကိုဘေးအိမ်က လုပ်ဖော်ကိုင်ဖက်တွေရော ဇနီးသည်ကပါ အထက် ပါအတိုင်း မဖြစ်နိုင်ရေးအမြင်ကိုဆိုခဲ့ကြသည်။ သူတို့မှမဟုတ်ပါ။ တခြားမည်သူမဆို အများစုက ထိုသို့သာပြောကြမည်ဖြစ်ပေသည်။ တကယ်တမ်းမှာလည်း ကျွန်တော်နေရမည့် လိုင်းခန်းသစ်လေးကို ဆောင်းအကုန်နွေအကူးကာလမှာ ရောက်ရှိခဲ့ခြင်းဖြစ်သလို နေရသည်မှာလည်း နေပြည်တော်လိုနေရာ ဖြစ်၏။ နွေရောက်တိုင်း ပူလွန်းလှသည့် အပူပြဿနာအပြင် ရေဒုက္ခကလည်းမသေးလှပေ။ ထိုအချိန်မျိုး၌ အပင်စိုက်ဖို့ပြင်သော ကျွန်တော့်အား သူတို့ထူးဆန်းကြသည်မှာ အလွန်တော့မဟုတ်။ ဒါပေမဲ့လည်း ကျွန်တော့်မှာ ခံယူချက်နှင့် ယုံကြည်ချက်တစ်ခုရှိသည်။ ဒီအချိန်မှာတော့ သူတို့ကိုဘာမျှပြန်မပြောဖြစ်ခဲ့။ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် တပ်အသီးသီးရှိရိပ်သာများတွင် သီးပင်စားပင်နှင့် အရိပ်ရပင်လေးများစိုက်လေ့ရှိသည်မှာ ကျွန်တော့်အကျင့်ပင်ဖြစ်သည်။ ရှေ့တန်းနောက်တန်းနေရာ မရွေးဘဲ ရသည့်အချိန် ရသည့်နေရာမှာ စိုက်ပျိုးသည်။ ရှေ့လူတွေစိုက်ပျိုးခဲ့သော အသီးအရွက်များကို စားရတိုင်းသူတို့ကိုကျေးဇူးတင်မိသည်။ အရိပ်ခိုရတိုင်းလည်း ထိုနည်းတူစွာပင်။
နှစ်လတာအတွင်းမှာပဲ အိမ်သစ်လေးရှေ့ စိုက်ပျိုးထားသည့် ချဉ်ပေါင်၊ ကိုက်လန်၊ တိုင်ထောင် ပဲ၊ ကန်စွန်း၊ ရုံးပတီ စသည့် စိုက်ပေါင်အသီးသီးမှ အသီးအရွက်များက စိမ်းစိုဝေဆာစွာသီးပွင့်လာကြသည်။ မဖြစ်လောက်ပါဘူးဟု အများထင်ထားကြသည့် စံပယ်ပင်လေးများက စိုက်ထားသည့်အပင်တိုင်းလိုလို ရွက်စိမ်းလေးများဝေလာကြသည်။ တစ်ပင် ၃ဝဝဝ နှုန်းဖြင့် ဝယ်စိုက်ထားသော ကံ့ကော်ပင်လေးနှင့် မိတ်ဆွေတစ်ဦးဆီမှ တောင်းထားသောကံ့ကော်ပင်လေးများကလည်း ဆက်လက်ရှင်သန်နေကြပြီမို့ အပွင့်ပွင့်မည့်အချိန်ကိုသာ ကျွန်တော်မျှော်မိသည်။ စိုက်ချင်သည့်အပင်အားလုံး ဝယ်စိုက်ရန် မတတ်သာသည်မို့ လိုင်းထဲကမိသားစုဝင်တွေဆီကနေ စံပယ်ပင်တောင်းသလို ဟိုလူ့ဆီက သနပ်ခါးပင်တောင်း၊ ဒီလူ့ဆီက နှင်းဆီ၊ ရွက်လှများတောင်းကာ ကျွန်တော့်အိမ်ရှေ့လေးကို တန်ဆာ ဆင်ခဲ့ရသည်။ နွေဝင်တော့မည်မို့ အပင်မစိုက်ခင်ပေါင်အရင်ဖော်သည်။ ကျောက်မြေမို့ ကျောက်သားများ မကျန်အောင်လုပ်ရသည်။ မလုပ်လျှင်ဘာမှ ဖြစ်မလာမှာမို့ ညနေရုံးဆင်းပြီ ဆိုသည်နှင့် ပေါက်တူးဆွဲကာ တစ်ပေါင်ပြီးပြီး နှစ်ပေါင်ပြီးပြီး ဟူသောခံယူချက်ဖြင့် စိုက်ခင်းပေါင်လေးများကို အစပျိုးခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ရေလောင်းပြီးထားလိုက်သည်။ တပ်ရင်းနွားခြံနှင့် ဆိတ်ခြံတို့မှ နွားချေး၊ ဆိတ်ချေးများအား ဆိုင်ကယ်ဖြင့်သွားသယ်သည်။ ရုံးဖွင့်ရက်ပင်ဖြစ်လင့်ကစား နေ့လယ်ထမင်းစားချိန် အိမ်ပြန်တိုင်း စိုက်ခင်းလေးအခြေအနေကို ဝင်ဝင်ကြည့်မိသည်။ စိုက်ပျိုးနည်း စနစ်တကျသိ၍ စိုက်ခြင်းတော့မဟုတ်ပေ။ သို့သော် စိုက်ရင်းပျိုးရင်းတတ်ကျွမ်းသူများဆီမှ အကြံဉာဏ်များယူရင်းဖြင့် ကိုယ်လိုချင်သည့် စိုက်ခင်းပုံစံလေးတစ်ခုကို ဖန်တီးလာနိုင်ခဲ့သည်။
မနက်မိုးလင်းမျက်နှာသစ်လျှင် စိုက်ခင်းလေးထဲပတ်ရင်း သွားတိုက်၊ မျက်နှာသစ်သည်။ ရေရှားသဖြင့် ရေချိုးချိန်တိုင်း စိုက်ခင်းထဲဝင်ချိုးသည်။ အိမ်ထဲရေချိုးခန်းမှထွက်သည့်ချိုးရေ၊ အဝတ်လျှော်ရေကို အိမ်ပြင်မှာ သားနို့မှုန့်ဘူးခွံလေးဖြင့်ခံထားသည်။ ထိုရေအား သံပရာပင်ခြေသို့လောင်းရသည်။ အားလုံး တစ်ပြေးညီ စိုက်ပျိုးခဲ့သော်လည်း ချဉ်ပေါင်ကိုဦးဆုံးစားရသည်။ ထို့နောက်မှ ပဲသီးနှင့် ရုံးပတီတို့ လိုက်လာသည်။ များများစိုက်တော့ များများပင်ပန်းသလို များများလည်းစားရသည်။ ဘူးညွန့်လေးတွေက အခုဆို တလူလူဖြစ်နေပါပြီ။ မကြာမီသီးတော့မည်။ သီးသည်ဖြစ်စေ၊ မသီးသည်ဖြစ်စေ စိမ်းစိုပြီး အညွန့်တလူလူတက်နေသည့် အပင်လေးတွေကိုမြင်တွေ့ရသည်မှာ စိတ်ကြည်နူးစရာကောင်းလှသည်။ ထိုအရာကား ကျွန်တော်တစ်ဦးတည်းခံစားရသည့်ကြည်နူးခြင်းမဟုတ်။ သစ်ပင်စိုက်သူတိုင်းခံစားရသော ခံစားမှုပင်ဖြစ်သည်။
ကျင်းတူး၊ မြေပြင်၊ မြေသြဇာထည့်၊ ရေပုံမှန်လောင်းပေးနိုင်ခဲ့ခြင်း အကျိုးကျေးဇူးတို့ကြောင့် အပင်လေးများ ရှင်သန်ဖွံ့ထွားခဲ့သည်။ စိုက်ပျိုးရေးသမားစစ်စစ်ကဲ့သို့ ရာနှုန်းပြည့်အောင်မြင်သည်ဟုမဆိုသာသော်လည်း ကိုယ့်တစ်အိမ်နှင့် ပိုလျှံသည်များကို ဘေးအိမ်လေးများသို့ဝေငှနိုင်ခဲ့ပါပြီ။ စိုက်ခင်းထဲဝင်လွန်းလှသော ကျွန်တော့်အားဇနီးသည်က “အားရင်စိုက်ခင်းထဲပဲ သွားနေတော့တာပဲ ”ဟု ဆိုသည်အထိဖြစ်ရသည်။ တကယ်တော့အထက်တွင် တင်ပြခဲ့သလို ကျွန်တော်စိုက်ပျိုးခြင်းသည် ကိုယ့်အိမ်လေး စိမ်းစိုအေးချမ်းခြင်းပုံရိပ်ကိုမျှော်ကိုး၍ဖြစ်သည်။ မြင်သူတိုင်းကိုလည်း စိတ်ကြည်နူးစေလိုသည်။ စားပင်သီးပင်များမှရရှိသော အသီးအပွင့်များကြောင့် မီးဖိုချောင်စရိတ် ဖာထေးနိုင်သလို နှင်းဆီ၊ စံပယ်၊ ရွက်လှ၊ သပြေအစရှိသည့် အပင်လေးများကြီးထွားလာပါကလည်း ကိုယ့်အိမ်ဘုရားစင်သို့ ကြည်နူးစွာဆက်ကပ်နိုင်ပါဦးမည်။ ကိုယ့်တစ်အိမ်စာရှေ့ စိုက်ပျိုးပြီးသည့်နောက် အများနှင့်ဆိုင်သည့် နေရာများတွင်လည်း ခရေ၊ ပိတောက်၊ ရေတမာ၊ စိန်ပန်းပင်လေးများကို ကျွန်တော်စိုက်ပျိုးပေးနိုင်ခဲ့သည်။ ဤအပင်များ ကြီးထွားချိန်တွင် ကျွန်တော်လက်ရှိနေရာ၌ရှိဖို့ မသေချာသော်လည်း စိုက်ခဲ့ချင်သည်မှာ ကျွန်တော့်ဆန္ဒသာဖြစ်သည်။ ရှေ့လူတွေစိုက်ခဲ့သဖြင့် ကျွန်တော်တို့အိမ်ရှေ့တွင် ရင်ကွဲသရက်ပင်ကြီး အခုဆို သီးကင်းလိုက်နေပါပြီ။ မကြာမီကျွန်တော်တို့စားရပါဦးမည်။ အခုဆို အဲဒီသရက်ပင်အောက်မှာ ကွပ်ပျစ်လေးပါပြုလုပ်ထားခဲ့ပြီဖြစ်သည်။
တကယ်တော့ ကျွန်တော်ကိုယ်တိုင်က ကျန်းမာရေးအလုံးစုံကောင်းသူမဟုတ်ပါချေ။ နှလုံး၊ သွေးတိုး ရောဂါသည်မဟုတ်သော်ငြား လူအများစုကြုံရလေ့ရှိသည့် ခါးနာဝေဒနာကို နှစ်ရှည်လများ ခံစားနေရသူဖြစ်၏။ ရိုးရိုးအဆင့်မဟုတ်ဘဲ ခွဲစိတ်ကုသမှုအထိ ခံယူထားရသည်။ လမ်းလျှောက်လျှင် ခါးက စောင်းနေသည်ကို တော်တော်များများက သတိပြုမိကြသည်။ မြင်နေကျလူတွေကသာ မထူးဆန်းသော်လည်း တခြားသူများအတွက် အမြင်တစ်မျိုးဖြစ်နေသည်။ ခါးဝေဒနာကြောင့်ပဲ ကွန်ပျူတာစာစီရာတွင် ကြာကြာထိုင်ရိုက်လို့မရပေ။ စာပေဝါသနာပါသူမို့ စာစီစာရိုက်ကို ထိုင်၍တစ်မျိုး၊ မတ်တတ်တစ်ဖုံ၊ ဝမ်းလျားမှောက်တစ်နည်းဖြင့် ရိုက်ရသည်။ အကျိုးဆက်အားဖြင့် ကျွန်တော် ရေးချင်သော စာများရေးနိုင်ခဲ့သည်။ လိုချင်သော စာပေဆုများရခဲ့သည်။ ခါးဝေဒနာနှင့် မိသားစုအပူ သောကများကြားမှာသာ အာရုံစိုက်ထားပါက စာများလည်းရေးဖြစ်မည်မဟုတ်။ အခုအများကမဖြစ်နိုင်ဟု ထင်မှတ်ထားကြသော ကျွန်တော့် စိုက်ခင်းလေးကိုလည်း ထိုနည်းအတိုင်းကျင့်ကြံလျက် နွေကိုအန်တုကာ ရေနိုင်အောင်လောင်းပေးခဲ့သည်။ အပင်က လက်ခံနိုင်သည့်မြေဖြစ်လာအောင်ကြိုးစားပေးခဲ့သည်။ လူသာအဓိကဖြစ်သည်။ လူသားတို့၏ တီထွင်ကြံဆမှုဖြင့်သာ ကြေးခေတ်၊ ကျောက်ခေတ်၊ သံခေတ်များမှသည် စက်မှုသိပ္ပံပညာရပ်များ ထွန်းကားလာခဲ့ခြင်းနှင့်အတူ အာကာသဆီခြေဆန့်နိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်ပြောင်းလဲနေသော အရာမှန်သမျှသည် လူသားတို့ဆီမှ မြစ်ဖျားခံခဲ့ခြင်းပင်ဖြစ်သည်။ “စိတ္တေန နိယျတေလောကော” ဟူသည့်အတိုင်း စိတ်၏ဆွဲဆောင်ရာနောက်သို့ လိုက်ပါကြရခြင်းဖြစ်၏။ စိတ်၏ဆွဲဆောင်ရာနောက်သို့ လိုက်ပါကြသည့် လူသားတို့၏ ပြုမူဆောင်ရွက်ချက်များဖြင့်သာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာအဖြာဖြာသည် အကောင်း အဆိုးဟူ၍ ဖြစ်လာကြခြင်းဖြစ်ပေသည်။ လူကောင်းလူတော်တို့ထံတွင် မွန်မြတ်သန့်စင်သော နှလုံးသားများရှိကြ၏။ “လမ်းကောင်း လမ်းဆိုး၊ ထိုနှစ်မျိုးတွင်၊ ဆိုးကောင်းဟူဘိ၊ မြင်အသိကို၊ မိမိစိတ်သာဖန်ဆင်း၏” ဟူသော ကဗျာလေးအတိုင်း လူသားတို့၏ စိတ်နှလုံးသားအခံကသာ အရာရာကို ဆုံးဖြတ်ပေးသွားမည်ဖြစ်သည်။
မိမိတို့နိုင်ငံထက် ပိုမိုဆိုးရွားစွာ စစ်ဘေးဒဏ်ခံခဲ့ ရသည့်နိုင်ငံများ ယနေ့မိမိတို့ရှေ့ကရောက်နေသည်ကို သတိပြုမိပါက လူသာလျှင်ပဓာနကျသည်ကို တွေ့မြင်ရပေမည်။ ထိုနည်းတူစွာမိမိတို့လွတ်လပ် ရေးရပြီးချိန်မှ နိုင်ငံအဖြစ်ပေါ်ထွန်းလာသောနိုင်ငံအချို့သည်လည်း ကိုယ်တွေထက် ရှေ့ရောက် နေသည်မှာ ကောင်းသည့်ဘက်တွင် စုစည်းညီညာသောတိုင်းသူပြည်သားတို့၏ စွမ်းအားကြောင့်သာဖြစ်ပေသည်။ အတိတ်ကိုလက်ညှိုးညွှန်၍ အကြောင်းပြချက်မရိုးနိုင်သော ခေါင်းစဉ်များသည် နိုင်ငံတော်ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်လိမ့်မည်မဟုတ်ပါချေ။ စစ်ဘေးစစ်ဒဏ်သင့်ခြင်းကြောင့်လည်းကောင်း၊ သဘာဝဘေးဒဏ်ကြုံရခြင်းကြောင့်လည်းကောင်း အချို့နိုင်ငံများ ပျက်စီးဆုံးရှုံးမှုများဖြစ်ကြရသည်။ သို့သော်နှစ်ပိုင်းအတွင်းမှာပဲ မူလနေရာရောက်အောင် သူတို့ပြန်ကြိုးစားနိုင်ခဲ့ကြသည်။ လူသာလျှင် ပဓာနပါပေ။ လောကနီတိတွင် “နိမ့်ကျသူ၏ သားပင်ဖြစ်လင့်ကစား မင်းအမတ်ဖြစ်နိုင်၏။ သူမိုက်၏သားပင် ဖြစ်လင့်ကစားပညာရှိဖြစ်နိုင်၏။ ဥစ္စာမရှိသူ၏ သားပင်ဖြစ်လင့်ကစား ကြွယ်ဝချမ်းသာနိုင်၏” ဟူ၍ ပြဆိုထားသည်ကို မှတ်သားရသည်။ ထို့ပြင် ငယ်စဉ်ကသင်ကြားခဲ့ရသည့် ကျေးညီနောင်ပုံပြင်လေးကိုလည်း အမှတ်ရမိပြန်သည်။
ကျွန်တော့်အနေဖြင့် “တစ်သက်လုံးပျော်ချင်ရင် သစ်ပင်စိုက်’’ဟူသော ထုံးကိုနှလုံးမူလျက်ရှေးက စိုက်ခဲ့ပျိုးခဲ့သူများ၏ ကျေးဇူးကိုသတိရအောက်မေ့ကာ သစ်ပင်များထပ်စိုက်နေပါသည်။ ဥစ္စာဖြို စားဖိုက မဖြစ်ရလေအောင်လည်း အိမ်နောက်ဖေး စိုက်ခင်းလေးများကို ပုံဖော်နေသည်။ ကိုယ်ပြောင်းရွှေ့သွားသော် နောက်လူများအတွက်ဟူသော စိတ်ကိုမွေးမြူကာကြုံရသည့် မြေပြင်ရာသီဥတုအခက်အခဲများကို စိတ်ရှည်ရှည်ရင်ဆိုင်လျက် စိုက်ခင်းလေးအတွက် အချိန်ပေးနေဆဲဖြစ်သည်။
ထို့ပြင်
“သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါမျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မြော် အခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ခဲ။ ။”ဟူသည့် ငယ်စဉ်ကသင်ခဲ့ရသည့် ဆရာမငွေတာရီ၏ သာသည့်မြေသို့ ကဗျာလေးထဲကအတိုင်း သူတစ်ပါးခြံဝင်းအတွင်းမှ စိုက်ခင်းလေးများနှင့်ပန်းအလှပင်လေးများ စိမ်းစို ဝေဆာနေသည်ကိုမြင်တိုင်း ကိုယ့်အလှည့် အခွင့်ရသည့်အခါ ထိုသို့စိုက်မည်ပျိုးမည်ဟူသော အတွေး လေးများဖြင့် ကျွန်တော်စိုက်ခဲ့ပျိုးခဲ့ခြင်းဖြစ်သည်။ တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည် ဆိုသည်မှာ ကျွန်တော့်ခံယူချက် ယုံကြည်ချက်ပင်ဖြစ်သည်။
တွေ့ဆုံပွဲအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထပ်မံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ရာတွင် “မိမိဘဝတိုးတက်ရေးအတွက် မိမိသာလျှင် အဓိကအရေးအကြီးဆုံးဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦးအနေဖြင့်လည်း အရည်အသွေး၊ အရည် အချင်းများကောင်းမွန်အောင် နေထိုင်ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ တပ်မတော်သားများ အားလုံးသည် အခြေခံအားဖြင့် စစ်အတတ်ပညာများ သင်ကြားပေးပြီးဖြစ်ကြောင်း၊ တိုက်ပွဲဝင်နိုင်ရန် အတွက် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ထုတ်ပေးထားသည့် လက်နက်များကိုလည်း ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရန်လိုကြောင်း၊ တပ်မတော်သားကောင်းများဖြစ်စေရေး တပ်မတော်မှ အဆင့်ဆင့်ပညာရပ်များကို သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း၊ စစ်အတတ်ပညာများကို စစ်စည်းကမ်းကောင်းမွန်စေရန်နှင့် အမိန့်နာခံတတ်မှုရှိစေရန် သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်သဖြင့် စစ်သည်တစ်ဦးချင်း စစ်စည်းကမ်းလိုက်နာပြီး မိမိအရည်အသွေးကို အမြဲထက်မြက်နေစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” တို့ကိုပါ ထည့်သွင်းပြောကြားခဲ့သည်။
ကိုယ်ရည်ကိုယ်သွေး ပြည့်ဝခြင်းသည် လူ့စွမ်းအားအရင်းအမြစ်ဖူလုံရေးအတွက် အထောက်အကူ ကောင်းပင်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ကောင်းပေါ်တွင် စိတ်ဓာတ်စည်းကမ်းကောင်းမွန်မှုများကို ထပ်မံဖြည့်သွင်းလိုက်ခြင်းဖြင့် မိမိတို့နိုင်ငံအတွက် များစွာအကျိုးပြုလျက်ရှိသည်ကို အာရှတိုက်မှ ဂျပန်နိုင်ငံက သက်သေပြုလျက်ရှိနေသည်။ ၂၀၁၁ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် မိမိတို့ထက် အရပ်အမောင်း ဘောလုံးစွမ်းရည်သာလွန်သော အမေရိကန်အမျိုးသမီးဘောလုံးအသင်းကို အနိုင်ယူကာ ဂျပန်မလေးများက နိုင်ငံ့ဂုဏ်ကိုဆောင်ပေးခဲ့ကြသည်။ ထိုနှစ် ဂျာမနီနိုင်ငံ၌ ကျင်းပသည့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ရာတွင် ဂျပန်အသင်းအနေဖြင့် အလွယ်တကူ လာရောက်ခဲ့ကြရသည်မဟုတ်ပေ။ ပြိုင်ပွဲမကျင်းပမီ ၂၀၁၁ ခုနှစ် မတ်လတွင် ဂျပန်နိုင်ငံ သမိုင်းတစ်လျှောက် အကြီးမားဆုံး ငလျင်ကြီးလှုပ်ခတ်ခဲ့ရာ နောက်ဆက်တွဲအနေဖြင့် ပြင်းထန်သော ဆူနာမီလှိုင်းကြီးများ ရိုက်ခတ်မှုကိုပါ ထပ်မံရင်ဆိုင်ခဲ့ရသည်။ ရေလွှမ်းခြင်း၊ မြေပြိုခြင်း၊ မီးလောင်ခြင်း၊ အဆောက်အအုံများ ပျက်စီးခြင်းတို့အပြင် နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆမှုများလည်း ဖြစ်ပွားခဲ့သည်။ ထိုထိုသော ထိတ်လန့် တုန်လှုပ်ဖွယ် အခက်အခဲများကြားမှ နိုင်ငံတော်အတွက် သမိုင်းမှတ်တမ်းကောင်း ရေးထိုးခဲ့ကြသော ဂျပန်မလေးများ၏ စိတ်ဓာတ်သည်ကား လေးစားဖွယ်ကောင်းလှပါ၏။ ထိုမျှမက တစ်ချိန်က အဏုမြူဗုံးဒဏ်ကို ခံခဲ့ရသေးသော်လည်း တိုင်းပြည်ကို ရှေ့တန်းရောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်မှာ အစိုးရနှင့်ပြည်သူတည်းဟူသော “လူ”တို့၏ စုစည်း ညီညွတ်မှုကြောင့်သာဖြစ်သည်ကို လေ့လာတွေ့ရှိ ခဲ့ရသည်။
အကြီးအကဲလမ်းညွှန်ချက်ကို မြဝတီရုပ်မြင် သံကြားမှတစ်ဆင့် နာခံမိရာမှ စိုက်ခင်းလေးဆီရောက်နေသော အတွေးများ ပြန်လည်နိုးထလာခဲ့သည်။ ထိုအခါ စိုက်ခင်းလေးမှတစ်ဆင့်တက်၍ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက်ဟူသောအတွေးများ ကျွန်တော့်နှလုံးသားထဲ ဆင့်ပွားလာမိသည်။ အကြီးအကဲလမ်းညွှန်သည့်အတိုင်း မိမိဘဝတိုးတက်ရေးအတွက် မိမိသာပဓာနကျသကဲ့သို့ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း မိမိတို့ တိုင်းသူပြည်သားအားလုံးတွင် ကိုယ်စီတာဝန်ရှိကြပေသည်။ ကောင်းသောရှေ့ခရီးရောက်ဖို့ တိုင်းရင်းသားပြည်သူများ၏ “အား”ကသာအဓိကကျပါသည်။ စွမ်းရည်ပြည့်ဝသော အားအင်များရရှိစေဖို့ ကိုယ်စီကိုယ်ရည်ကိုယ်သွေးများ ပြည့်ဝနေကြဖို့ အရေးကြီးပေသည်။ ရိုးသားကြိုးစားမှုအပြည့်ဖြင့် စွမ်းရည်ပြည့်ဝစွာ လျှောက်လှမ်းနေသော လမ်းခရီးတွင် မဖြစ်နိုင်ဘူးဆိုသည့်အရာများ ရှိနေလိမ့်မည်မဟုတ်ပါချေ။ သူ့မြေမှာဖြူပြာပွင့်ပါက ကိုယ့်မြေမှာ နီဝါပွင့်ရေးအတွက် လူသာလျှင်ပဓာနဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment