ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
တောင်သူလယ်သမားအပေါင်းဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလများတိုင် ကျေးဇူးရှင်တွေဖြစ်ကြောင်း၊ အနာဂတ်မှာ စိတ်အေးဖွယ်ရာတွေ ပေါ်ပေါက်လာမှာဖြစ်ကြောင်း အသိပေးလိုသဖြင့် ဒီဆောင်းပါးကို ရေးသားခြင်းဖြစ်ပါတယ်။ တောင်သူလယ်သမားများဟာ လယ်ယာလုပ်ငန်းမှာ မိသားစုဘဝ တိုးတက်ဖွံ့ဖြိုးရေးကစလို့ နိုင်ငံတော်အတွက် ဆန်စပါးနဲ့ ပဲ၊ ပြောင်း၊ ဝါကို ပို့ကုန်အဖြစ် ပင်ပန်းကြီးစွာ ထုတ်လုပ်ပေးနေကြပါတယ်။ တောင်သူလယ်သမားကြီးများရဲ့ နွေ၊ မိုး၊ ဆောင်းမရှောင် ကိုယ်ခန္ဓာပင်ပန်းမှုကို ပဓာနမထားဘဲ စားရေရိက္ခာအစုံ ထုတ်လုပ်ပေးမှုကြောင့် ပြည်တွင်းဖူလုံရုံသာမက နိုင်ငံခြားသို့ပင် တင်ပို့ရောင်းချနိုင်ပါတယ်။ ရွှေရောင်တဝင်းဝင်းနဲ့ စေတီပုထိုးတွေတည်ဆောက်၊ အလှူဒါနတွေလည်း ပြုလုပ်နိုင်ကြပါတယ်။ ၁၉၅၈ ခုနှစ်မှာ မြန်မာဟာဆန်တန်ချိန် ၆ ဒသမ ၄ သန်းထွက်ရှိတော့ ကမ္ဘာကိုဆန်တန်ချိန်အများဆုံး တင်ပို့ရောင်းချတဲ့ စံချိန်ကိုတင်ခဲ့ပါတယ်။ အဲဒီတုန်းက ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ ကျွန်တော်တို့စံချိန်မမီခဲ့ပါဘူး။
မြန်မာနိုင်ငံဟာ မြေမျက်နှာသွင်ပြင် အမျိုးမျိုးရှိ၊ နေရောင်ခြည်ကိုလည်းမြင်၊ ပင်လယ်ကမ်းခြေနဲ့ ရေခဲတောင်လည်းရှိ၊ မြေဩဇာကောင်းတဲ့ စိုက်ပျိုးမြေတွေကလည်း ကျယ်ပြော၊ နုန်းတင်မြေနု သစ်တောတွေနဲ့ လမုတောကလည်းရှိ၊ သစ်ခွမျိုးစုံက အစ၊ ပန်းရနံ့တွေကလည်း မွှေးကြိုင်လှပသာယာ လျက်ရှိတဲ့ နိုင်ငံဖြစ်တယ်။ နိုင်ငံသားများဟာ အလွန် ရိုးသားဖြူစင်တဲ့ လယ်သမားတွေ၊ မြေဩဇာကောင်း တဲ့ လယ်မြေတွေ၊ နုန်းတင်မြေနု မြစ်ချောင်းအင်းအိုင်တွေကို မတိမ်ကောအောင်ကာကွယ်ရင်း ကြိုးစား ပမ်းစားနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေများပါတယ်။
အေးအတူပူအမျှ ကမ္ဘာ့လူသားကောင်းများအဖြစ် ထားအပ်တဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားကာ ချစ်ခင်စွာနေထိုင်ခဲ့ကြပါတယ်။ မြန်မာတို့ဟာ ရက်ရောသူတွေ၊ စဉ်းစားဆင်ခြင်တတ်တဲ့သူတွေ၊ ကူညီရိုင်းပင်းသူတွေ၊ ရောင့်ရဲတင်းတိမ်သူတွေ၊ ကိုယ်ကျိုးစွန့်လွှတ်နိုင်သူတွေပဲလို့ နာမည်ရခဲ့ပါတယ်။ ဗြိတိသျှကိုလိုနီလက်အောက်မှာ အရင်းရှင်ကုမ္ပဏီများဟာ ဆန်စပါးလယ်ယာထွက်ကုန်ရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်ဈေးကစား၊ ခေါင်းပုံဖြတ်မှုတွေကြောင့် ၁၉၃၀ ပြည့်နှစ်မှာ ဆရာစံတောင်သူလယ်သမား အရေးတော်ပုံ ပေါ်ပေါက်ခဲ့ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွေမှာ တောတောင်နေ လယ်သမားတချို့ဟာ တစ်တပ်တစ်အား ပါဝင်ခဲ့ကြရတယ်။
လွတ်လပ်ရေးရပြီးတဲ့အခါမှာ ပြည်တွင်းမငြိမ်သက်မှုတွေကြားမှာ ကျေးလက်လူထုဟာ တောင်ယာလယ်လုပ် ဓားမခုတ်ဘဝနဲ့ ခရီးကြမ်းလျှောက်ရင်း သစ္စာရှိစွာ ရပ်ရွာရဲ့စပါးကျီကို ဖြည့်တင်းပြီး တိုင်းပြည်ကို ကျေးဇူးပြုခဲ့ကြပါတယ်။ လုံ့လဝီရိယကို အခြေခံ၊ ပတ်ဝန်းကျင်ကပေးတဲ့ အတွေ့အကြုံနဲ့ မိသားစုကိုစောင့်ရှောက်တဲ့ ကျွန်တော့်မိဘများဟာ လယ်ယာလုပ်ငန်းနဲ့ အလှူမင်္ဂလာ သုံးကြိမ်ပြုလုပ်ကျင်းပနိုင်ခဲ့ပါတယ်။
၁၉၆၅ ခုနှစ် အောက်တိုဘာလထဲမှာ တက္ကသိုလ်ဆရာဖြစ်ဖို့ ရန်ကုန်အင်တာဗျူးကအပြန်အညာ ပြန်ရောက်တော့ ကျွန်တော့်အဖေက “ဖောင်တော် သီ၊ ဒိုက်ဦးစပါးတွေ ဘယ်လိုနေလဲ” လို့မေးပါတယ်။ သတိမထားမိကြောင်း ရိုးသားစွာဝန်ခံခဲ့ပါတယ်။ တကယ်တော့ ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းကြီးတွေက စပါးကောင်း၊ ဆန်ကောင်းတွေကို တစ်နိုင်ငံလုံးနီးပါးအတွက် ထုတ်ပေးနိုင်တဲ့အပြင်ကမ္ဘာကိုလည်း ဆန်တင်ပို့နိုင်ခဲ့ပါတယ်။ အဖေဟာမိသားစုအတွက် ကောင်းပေ့ဆိုတဲ့ဆန်ကို အောက်ပြည်အောက်ရွာက ဝယ်ကျွေးခဲ့ပါတယ်။
မြန်မာ့စီးပွားရေး
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကုန်ထုတ်လုပ်မှု၊ မြေပေါ်မြေအောက် သယံဇာတထုတ်လုပ်မှု အပေါ်မှာ တည်နေဆဲဖြစ်ပါတယ်။ သယံဇာတမျိုးစုံကို တန်ဖိုးမြှင့်မလုပ်နိုင်သေးဘဲ ထုခွဲရောင်းချရတဲ့အပေါ် နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ ယနေ့အထိ မူတည်နေဆဲဖြစ်ပါတယ်။ နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ဟာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံ၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသောနိုင်ငံဖြစ်ပါတယ်။ မြန်မာစီးပွားရေးဟာ စိုက်ပျိုးရေးအပေါ်မှာ အကြီးအကျယ် အမှီပြုနေရဆဲဖြစ်ပါတယ်။
ဧရာဝတီ မြစ်ဝှမ်း၊ မူးမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း၊ ဟူးကောင်းချိုင့်ဝှမ်းက လယ်ယာမြေတွေမှာသီးမှည့်နေတဲ့ စပါးနှံတွေပဲကြည့်ကြည့် ကမ္ဘာမှာရွှေနိုင်ငံလို တစ်မျိုးအမည်ရနေပါတယ်။ အရှေ့တောင်အာရှမှာ နယ်မြေ အကျယ်ဆုံး၊ စိုက်ပျိုးနိုင်တဲ့ မြေဧက၊ သစ်တောနဲ့ ကျောက်သံပတ္တမြား သယံဇာတကြွယ်ဝ လျက်ရှိနေပါတယ်။ ရေသွင်းစိုက်ပျိုးနိုင်တဲ့ မြေဧရိယာဟာလည်း ဧရာဝတီ၊ စစ်တောင်းနဲ့ဒီမြစ်ကြီး တွေဆီကိုစီးဝင်နေတဲ့ မြစ်ချောင်းတွေကိုအကြောင်းပြု၊ ရေသွင်းစိုက်ပျိုးနိုင်တဲ့ မြေဧကဟာလည်းများစွာ ရှိနေပါတယ်။ စိုက်ပျိုးရေးမှာနည်းပညာမြင့် ကျွမ်းကျင်လူ့စွမ်းအားရှားပါးနေခြင်းကြောင့် အရည်အသွေးမီ သီးနှံထွက်မှုမှာ နိမ့်ကျလျက်ရှိနေပါတယ်။ ၂၁ ရာစုများလို မပေါကြွယ်သော်လည်း သားသမီးများကို မူလတန်း၊ အလယ်တန်းအထိ ကျောင်းပို့နိုင်သူတွေရှိခဲ့ပါတယ်။ ငွေရေးကြေးရေးအခက်အခဲကြောင့် မဟုတ်လှဘဲ မိမိဝန်းကျင်အနီး တစ်ဝိုက်မှာလက်လှမ်းမီတဲ့ မူလတန်းကျောင်းများမရှိခြင်း၊ တည်ငြိမ်အေးချမ်းမှု ခေါင်းပါးခြင်းကြောင့်သာ ဖြစ်ခဲ့ပါတယ်။
တောင်သူလယ်သမားတို့ရဲ့အရေးကို ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ ပိုတွေးနိုင်၊ စဉ်းစားနိုင်ခဲ့တာတွေ့ရပါတယ်။ တောင်သူလယ်သမား အလုပ်သမားထုဟာယနေ့အထိ ကျေးလက်မှာနေကြဆဲဖြစ်ပါတယ်။ မိမိတို့ရဲ့ ရေမြေတောတောင်သဘာဝကို သံယောဇဉ်ရှိဆဲဖြစ်ပြီး ကျောင်းကန်ဘုရားနဲ့ ထုံးဖြူဖြူစေတီကိုပင် ပူဇော်ဆဲ ဖြစ်တာကို တွေ့ရပါတယ်။ ဒါတွေဟာ ဘာကြောင့်လဲဆိုရင် နိုင်ငံတော်က တောင်သူလယ်သမားထုရဲ့ အရေးကို ဦးစားပေးအလေးထားလို့ပဲ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်တွင် အုန်းတော၊ ၁၉၆၃ ခုနှစ်တွင် ဒူးယားနဲ့ပုပ္ပား၊ ၁၉၆၄ ခုနှစ်တွင် ခပေါင်း၊ ၁၉၆၅ နဲ့ ၁၉၆၈ ခုနှစ်တို့တွင် ရန်ကုန်မြို့ကြီးတို့မှာ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီးတွေကျင်းပခဲ့တာဟာ သမိုင်းမှတ်တိုင်ကြီးတွေပဲ။ ၁၉၆၃ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ရန်ကုန်နဲ့ချောက်တို့မှာ အလုပ်သမား နှီးနှောဖလှယ်ပွဲကြီးတွေ ကျင်းပ၊ တောင်သူလယ်သမားတို့ရဲ့ နောင်ရေးကိုတွေးဆပြီး ဆောင်ရွက် ပေးမှုတွေဟာ အတော်မြင့်မားတဲ့အဆင့်ကို ရောက်တယ်လို့ သုံးသပ်လို့ရပါတယ်။ ၁၉၆၂-၁၉၇၄ ခုနှစ် များအတွင်း အဆိုပါ တောင်သူလယ်သမား၊ အလုပ်သမားတို့ရဲ့ နှီးနှောဖလှယ်ပွဲကြီးတွေက ညှိနှိုင်းရရှိ တဲ့ ရလဒ်တို့ကိုအခြေပြုပြီး ကျေးရွာ၊ မြို့နယ်နဲ့ ဗဟိုလို့အဆင့်သုံးဆင့်ပါတဲ့ ပြည်သူ့တောင်သူ လယ်သမားကောင်စီများကို ၁၉၆၉ ခုနှစ်မှာ ဖွဲ့စည်းကာ နိုင်ငံတော်တည်ဆောက်ရေးတွေမှာ တောင်သူ လယ်သမားတွေဟာပါဝင်ခဲ့တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ မိုးစပါးစိုက်ဧက ၁၅ သန်း၊ ပန်းတိုင်ရည်မှန်းချက်တစ်ဧကလျှင် တင်း ၁၀၀၊ ယခုအခါ ပျမ်းမျှအားဖြင့် တစ်နိုင်ငံလုံးမှာ တစ်ဧက ၇၅ တင်းသာ ထွက်ရှိပါတယ်။ ဆန်စပါးကိုအထွက်နှုန်း ပြည့်မီအောင်ဆောင်ရွက်နိုင်ပါက တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားလာခြင်းမှအစ တိုင်းပြည် အတွက်လည်း ဝင်ငွေပိုမိုရရှိမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဆန်ဖူလုံမှုဟာ ၁၄၂ ရာခိုင်နှုန်း စားရေရိက္ခာဖူလုံတဲ့ နိုင်ငံဖြစ်ပေမယ့်အဓိကကျတဲ့ ဆန်စားသောက်ကုန်လည်ပတ်ဖူလုံမှု လိုအပ်ချက်တွေ ရှိနေသေးပါတယ်။ ဒေသတွင်း ဝမ်းစာစားရေရိက္ခာဖူလုံပိုလျှံပြီး ပြည်ပကိုတင်ပို့ ရောင်းချနိုင်ရင် စီးပွားရေးတိုးတက်လာမှာ ဖြစ်ပါတယ်။
ပညာလုပ်သား လယ်သမား
မြန်မာတို့ ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ဖို့ဆိုရင် စိုက်ပျိုးရေးကိုကြည့်၊ ရေဘယ်လောက်လောင်း သင့်သလဲ၊ ဓာတ်မြေသြဇာ ဘယ်လောက်ထည့်ရမလဲဆိုတာသိနိုင်တဲ့ ပညာလိုပါလိမ့်မယ်။ ပိုးသတ်ဆေး မလွန်မကျွံအောင် ထည့်တတ်ရပါလိမ့်မယ်။ သမားရိုးကျနည်းနဲ့ဆိုရင် ဘယ်ကိစ္စမှ မည်မည်ရရ ဖြစ်ထွန်းနိုင်မှာမဟုတ်ပါဘူး။ လုပ်ရိုးလုပ်စဉ် အတိုင်း၊ မိရိုးဖလာအတိုင်းလုပ်လို့ မရတဲ့ခေတ်ထဲမှာ ရောက်နေလို့ပဲ။ ဒီနေ့ခေတ်မှာ မြေနဲ့ ရေမှာ အချဉ်ဓာတ်ကိုတိုင်းတဲ့ pH (ပီအိတ်ချ်) မီတာကလည်း ဝယ်နိုင်လာတော့ လယ်သမားဟာ ပီအိတ်ချ်မီတာကို ခါးကြားထိုး၊ ပီအိတ်ချ်တိုင်း၊ သူ့ရဲ့ မြေဟာ ပီအိတ်ချ် ၅ ဖြစ်ရင် အာလူးစိုက်ရမှန်းသိတယ်။ ပီအိတ်ချ် ၆ ဆိုရင် မြေပဲနဲ့ ဂေါ်ဖီစိုက်ရမှန်း သိလာတဲ့ အဆင့်ရောက်လာပါတယ်။ ပညာလုပ်သားအင်အား (Knowledge base ၊ skilled base work force) ကျွမ်းကျင်မှုတစ်ခုဟာ လူတိုင်း၊ မိသားစုဝင် တိုင်း လိုအပ်နေပြီဆိုတာ အလွန်ထင်ရှားပါတယ်။
၁၉၉၅-၁၉၉၆ ခုနှစ်လောက်က ထိုင်းဘုရင်မင်းမြတ်ဟာ ထိုင်းတောင်သူလယ်သမားတွေရဲ့ ပညာရေးအဆင့်အတန်းကို ဖော်ထုတ်စေတဲ့အခါ ပျမ်းမျှမူလတန်းအဆင့်သာရှိကြောင်းသိတော့ စိုက်ပျိုးရေးစွမ်းအားစု ပင်မတောင်သူလယ်သမားတွေရဲ့ ပညာရေးကိုမြှင့်တင်ပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံ မူလတန်းကလေးတွေဟာ လယ်ယာမြေတွေမှာ ပဲပင်တွေနဲ့ဝါ၊ နှမ်း၊ စပါး၊ အလှည့်ကျစိုက်ပျိုးနိုင်ကြောင်း အသိရှိသွားအောင် လယ်ယာစိုက်ပျိုးစွမ်းအားစုအရင်းအမြစ်ကို ထူထောင်ပေးခဲ့ပါတယ်။
ကိုယ့်တိုင်း ကိုယ့်ပြည်နယ်တစ်ခွင်မှာ ဘဝသစ်ဖန်တီးနိုင်မယ့် အမြော်အမြင်ကြီးမားတဲ့၊ ကြံရည်ဖန်ရည်ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ် လိုအပ်လျက်ရှိနေပါတယ်။ မြန်မာ့လယ်သမားအင်အားစုဟာ သမားရိုးကျ ဆန်ရေစပါးစိုက်ပျိုးမှုနဲ့ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဆန်တင်ပို့မှုကို ရေရှည်ဘယ်လို ယှဉ်မလဲဆိုတာ အထူးစဉ်းစားကြရပါလိမ့်မယ်။ဘာကြောင့်လဲ။ ဒီလယ်ယာ လုပ်သားအင်အားစုကို ပညာရေးက မတ်နေအောင် လမ်းကြောင်းတစ်ခုနဲ့ ထောင်ပေးရပါလိမ့်မယ်။ ပြည်သူတို့ရဲ့လိုအင်ကို ဖြည့်ဆည်းနိုင်ဖို့ တက္ကသိုလ်များက ပိုအားထုတ်ကြရလိမ့်မယ်လို့ အဓိပ္ပာယ်ပေါ်ပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် လူသားအရင်းအမြစ်ကောင်းများ လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်လိုအပ်တဲ့ လူသားအရင်းအမြစ်များ ရရှိစေရေး ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားဖို့ အားပေးဆောင်ရွက်လျက်ရှိကြောင်း တွေ့မြင်နေရ ပါတယ်။ မြို့ပြနဲ့ ကျေးလက်စီးပွားရေးကို တန်းတူထားကာ ကျေးလက်စီးပွားရေးနဲ့ မြို့ပြစီးပွားရေးတို့ အကြား ချိတ်ဆက်ပေါင်းစည်းခြင်းဖြစ်ပြီး အလုပ်အကိုင်ရရှိမှု၊ ပညာတတ်မြောက်မှုနဲ့ ကျန်းမာရေး ကောင်းမွန်မှုတို့အတွက် လယ်ယာပြင်ပနဲ့ လယ်ယာမဟုတ်တဲ့ကဏ္ဍများ၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာများ၊ ပညာရေး၊ ကျန်းမာရေးနဲ့ အုပ်ချုပ်မှုတို့မှာရင်းနှီးမြှုပ်နှံခြင်းဖြင့် ကျေးလက်ပြည်သူများရဲ့ ဘဝကို ထိန်းသိမ်းနိုင်မယ့် ကျေးလက်ဒေသတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ၅၂ ရာခိုင်နှုန်းသော လယ်ယာလုပ်သားများက တိုင်းပြည်ရဲ့ ဂျီဒီပီ ၃၆ ရာခိုင်နှုန်းကို ထုတ်ပေးနေပါတယ်။
ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတွေကတော့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်ကြီးများကို အကြောင်းပြုပြီး လယ်ယာသားငါး စိုက်ပျိုးသီးနှံ ဆန်ရေစပါးပေါကြွယ်ဝရေး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ခေတ်မီအောင် စက်မှုလုပ်ငန်းတွေကို အင်တိုက်အားတိုက် တပ်ဆင်ကာထူထောင်နိုင် ပါတယ်။ လိုအပ်တဲ့ စွမ်းအင်ကိုတော့ ရေအားလျှပ်စစ်နဲ့ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ကို သုံးရလိမ့်မယ်။ အလုပ်အကိုင်တွေပေါလာမယ်။ ဆင်းရဲမွဲတေမှုတွေ လျော့ကျလာမယ်။ ချမ်းသာလာမယ်။ နိုင်ငံမှာလည်းအေးချမ်းမယ်၊ ပြည်တွင်းနိုင်ငံရေးတင်းမာမှုတွေ ကင်းဝေးသွားရင် မြန်မာဟာ မြန်မြန်ဆန်ဆန် တောင့်တောင့်တင်းတင်းနဲ့ အေးချမ်းသာယာတဲ့ ဘဝကိုမျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်။
ပင်ပန်းဆင်းရဲမှုတွေ ထူပြောတဲ့ဘဝက တောင်သူလယ်သမား၊ အလုပ်သမားထုကြီးကို လွတ်မြောက်ရန် စက်မှုလယ်ယာကို ကူးပြောင်းခြင်း၊ အထွက်တိုးစပါးတွေ ပြောင်းလဲစိုက်ပျိုးခြင်း သံသရာထဲမှာရှိနေဆဲပါပဲ။ စိုက်ပျိုးရေးမှာ နည်းပညာမြင့်ကျွမ်းကျင်လူ့စွမ်းအားရှားပါးနေခြင်းကြောင့် အရည်အသွေးမီသီးနှံထွက်မှုမှာ နိမ့်ကျလျက်ရှိနေပါတယ်။
၂၀ ရာစု မြန်မာနိုင်ငံဟာ လွတ်လပ်ရေးဆုံးရှုံးခဲ့ရတဲ့ ကံကြမ္မာ၊ နှစ်ပေါင်းတစ်ရာကျော်ကြာ တိုင် တိုင်းတစ်ပါးလက်အောက်ရောက်ခဲ့ရခြင်း၊ ထိုဘဝမှရုန်းထွက်ရခြင်း၊ နိုင်ငံရေးအယူဝါဒတွေ အမျိုးမျိုးကြောင့် စီးပွားရေးစီမံကိန်းတွေ ထင်သလောက်မအောင်ခြင်ခြင်းတွေဟာ အကြောင်းတရားမျိုးစုံထဲက အကြောင်းတရားများပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာရဲ့အတွေ့အကြုံတွေကို အကြောင်းပြုရင် မြန်မာ တောင်သူလယ်သမားတွေဟာ ရေခံမြေခံကောင်းတဲ့ ပတ်ဝန်းကျင်မှာရှိနေတာကို တန်ဖိုးထားတတ်ဖို့ တိုင်းပြည်ရဲ့ ယနေ့အစိုးရဟာလူအများစုကို အကျိုးပြုစေမယ့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ဖွံ့ဖြိုး အောင်တာစူတဲ့လုပ်ငန်းတွေထဲမှာ MSME လုပ်ငန်းတွေ ကြီးထွားလာဖို့ အားပေးနေတာကိုတွေ့မြင်ရပါ တယ်။
ပညာရေးနဲ့ပတ်သက်လို့ လူ့စွမ်းအားအရင်းအမြစ်အတွက် အထူးလိုအပ်နေတဲ့ စက်မှုစိုက်ပျိုး သိပ္ပံကျောင်းတွေ တည်ထောင်နေတာ ခြေလှမ်းသစ်တွေဖြစ်ကြောင်း တက္ကသိုလ်တက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ လူထုအတွင်းမှာ အလုပ်လုပ်နိုင်တဲ့သူဖြစ်အောင် ပြင်ဆင်ပေးတာဖြစ်ပါတယ်။ တက္ကသိုလ်၊ ကောလိပ်တွေက ပါမောက္ခ၊ ဌာနမှူးကြီးများရဲ့ တာဝန်တွေဟာ ပြောင်းလဲလာတဲ့တောင်းဆိုမှု တွေအရ ပို၍ကြီးမားလာပါတယ်။ သင်ကြားရေး သုတေသနနဲ့ ထပ်ဆင့်တီထွင်မှုတွေကို ပိုပြီးဦးစားပေး လုပ်လာကြရပါတယ်။ ပါမောက္ခကနေ ဆရာ၊ ဆရာမတွေဟာ လူထုလိုအပ်ချက်၊ စက်ရုံတွေ လိုအပ်ချက်၊ တစ်ဦးကိုတစ်ဦး ဖြည့်ဆည်းသွားကြရမှာဖြစ်ပါတယ်။ အခြေခံအင်အားတစ်ရပ်ဖြစ်တဲ့ အစိုးရကျောင်းတွေက ဆရာ ဆရာမများရဲ့အားကိုလည်း အားထားရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အမိုးနီးယားထုတ်နိုင်တော့ ယူရီးယားထုတ်၊ နိုက်ထရိတ်ထုတ်၊ အမိုနီယမ် ဆာလ်ဖိတ်လည်း ထုတ်နိုင်ပြီး တောင်သူလယ်သမားတွေ လယ်ယာမှာသုံးနိုင်တော့ ဂျုံစပါးတွေအထွက်တိုးပြီး ငတ်မွတ်ခေါင်းပါးမှုက တစ်နည်းတစ်ဖုံလွတ်ပြီလို့ ပြောနိုင်ပါတော့တယ်။ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများလိုအပ်ကြောင်း၊ စက်မှုလုပ်ငန်းကျွမ်းကျင်သူတွေဟာလည်း ယနေ့အထိရှားပါးပစ္စည်း။ စက်မှုနိုင်ငံ မဆိုထားဘိ၊ စက်မှုလယ်ယာမှာပင် ချည့်နဲ့နေဆဲ၊ တစ်ပိုင်တစ်နိုင် တစ်အုပ်တစ်မနဲ့ သွားနေရဆဲဖြစ်ပါတယ်။
ဒါ့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် လိုအပ်တဲ့ လူသားအရင်းအမြစ်များရရှိစေရေး ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားဖို့ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားမှုနဲ့ ပတ်သက်လို့ ယခုအချိန်မှာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ထားပေမယ့် အချို့သော ကျောင်းသား ကျောင်းသူများအနေနဲ့ လုံခြုံရေးအရ၊ စီးပွားရေးအရ ပညာပြန်လည်သင်ကြားမှု မရှိတာလည်းရှိကြောင်း၊ ဒါကြောင့် ယနေ့ခေတ်အချိန်အခါမှာ ပို့ချသူဆရာ ဆရာမများရဲ့ ပညာအရည်အသွေး၊ သဘောထား၊ အမြော်အမြင်မြင့်မားမှုဟာ လိုအပ်ချက်တစ်ခု၊ ကုန်ပစ္စည်းသဘောနဲ့ကြည့်ရင် ထူးချွန်ပြောင်မြောက်တဲ့၊ တီထွင်ကြံဆနိုင်တဲ့လူ မဖြစ်လင့်ကစား၊ စိတ်ထားမြင့်မြတ်တဲ့ မေတ္တာတရားရှိတဲ့ လူတော့အနည်းဆုံးဖြစ်သွားစေရမယ်။ ဆရာဆရာမများဟာ မည်သည့်အဆင့်မှာပင်ရှိစေ ပညာရေးကို မိမိကျောင်းဝင်းထဲက ကိစ္စလောက်ဟု သဘောမထားတော့ဘဲ လူ့အဖွဲ့အစည်းရဲ့အရေးကိစ္စဖြစ်တဲ့အတွက် ဆရာ ဆရာမအပေါင်းနဲ့ ဒေသတွင်းက ကျောင်းသားအပေါင်းဟာ အမျိုးသားရေး တာဝန်ကို ထမ်းဆောင်ဖို့ဖြစ်ပါတယ်။
မြစ်ကြီးသုံးသွယ်
အမြဲစွတ်စိုလျက်ရှိတဲ့ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နဲ့ အရှေ့ဘက်ခြမ်းကသံလွင်မြစ်။ ဒီမြစ်ကြီး သုံးသွယ်ဟာ မြန်မာတို့အတွက် ချမ်းသာဖို့ပဲ။ ဒီလိုခေတ်အခြေအနေမှာ သိပ္ပံပညာနည်းပညာ၊ စိုက်ပျိုးရေး၊ စီးပွားရေးဘွဲ့ရတွေဟာ ကိုယ်ပိုင်စီးပွားရေးကုမ္ပဏီကြီးတွေတည်ထောင်၊ ဘဏ်လုပ်ငန်းကြီးတွေ တည်ထောင်၊ ရေနံကုမ္ပဏီကြီးတွေတည်ထောင်ဖို့တာစူရမယ်။ အလုပ်လုပ်ဖို့ ပညာသင်ရမယ်။ ဒီလိုဆိုရင် မြန်မာ့အနာဂတ်ဟာ သေချာရေရာပါမယ်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ တက္ကသိုလ်တွေဟာ ဧရာဝတီမြစ်ကို အကြောင်းပြုပြီး ဓာတုဗေဒရှုထောင့်ကသာမက ကြွယ်ဝမှုအဖုံဖုံကို စူးစမ်းလေ့လာခြင်း၊ သုတေသနပြုခြင်း၊ သင်ကြားခြင်းလုပ်ကြရင် ဒီတက္ကသိုလ်တွေက ဝန်ဆောင်မှုပေးနိုင်ခြင်းဟာ အဲဒီတက္ကသိုလ်ရဲ့အဆင့် (Ranking) တွေပဲဖြစ်ပါတယ်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ်ကြောင်း တစ်လျှောက်ဖွဲ့စည်းထားတဲ့ တက္ကသိုလ်အစုအဖွဲ့ (Cluster Universities) တွေဟာ နိုင်ငံရဲ့အရင်းအနှီးကို ထပ်ဆင့်ပေါက်ဖွားပေးနိုင်မှာ ဖြစ်ပါတယ်။
ဆည်မြောင်းတာတမံတွေဟာရေထိန်းဖို့၊ ရေတင်ဖို့ဖြစ်ပါတယ်။ သောက်သုံးရေနဲ့ စိုက်ပျိုးရေဟာ နေရာအနှံ့နီးပါးရနေသေးတဲ့ အနေအထားဖြစ်တာကို သတင်းစာတွေမှာဖတ်ရှုရပါတယ်။ လျှပ်စစ် မော်တော်ယာဉ်တွေသုံးစွဲဖို့ တာစူနေတာ၊ ရေအားလျှပ်စစ်ရဖို့ နေရောင်ခြည်စွမ်းအင်ရဖို့ ကြိုးပမ်းမှုတွေဟာ ကျေးလက်ဒေသဖွံ့ဖြိုးဖို့ ဖြစ်တာမို့ မြန်မာ့တောင်သူလယ်သမားတို့ စိတ်အေးရပြီလို့ ရေးရခြင်းဖြစ်ပါတယ်။
“ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်စေ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံ့စီးပွားရေး ပြန်လည် ဦးမော့လာစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်တယ်။ “MSME လုပ်ငန်းများရဲ့ ရည်ရွယ်ချက်က ပြည်တွင်းစီးပွားရေးဖြစ်တဲ့ ကုန်ထုတ်လုပ်မှုကိုမြှင့်တင်ပေးရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ရော်ဘာ ကုန်ကြမ်းများကို အသုံးပြုပြီး သွင်းကုန်အစားထိုး ကုန်ချောဖြစ်တဲ့ရော်ဘာပြားများ၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ကားတာယာများထုတ်လုပ်နိုင်တဲ့ MSME လုပ်ငန်းများ ပေါ်ပေါက်လာ စေရန် သက်ဆိုင်သည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း”။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအားတွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားမှုမှ ကောက်နုတ်ချက်)
ယနေ့တက္ကသိုလ်များဟာ ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ပညာရေးစနစ်ဖြစ်ရေးအတွက် ဆက်လက် ကြိုးပမ်းရာမှာ သမားရိုးကျဗဟိုဦးစီးအုပ်ချုပ်မှုပုံစံမှ ပိုမိုနွေးထွေးတဲ့ မိသားစုပုံစံ(Corporate Model) အသွင်နဲ့ ကျောင်းသားနဲ့မိဘများရဲ့ လိုအင်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ထုတ်လုပ်ရာမှာ ပုံစံသစ်နဲ့သွားရမှာဖြစ်ပါတယ်။
မြန်မာ့လယ်သမားအင်အားကို ခေတ်မီအင်အားစုဖြစ်ဖို့ ဧရာဝတီ၊ ပဲခူး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ လက်ရှိဖွင့်လှစ်ထားတဲ့ တက္ကသိုလ်တွေမှာ ဆန်စပါးစိုက်ပျိုး ငါးမွေးမြူရေးမဟာဌာနကြီးအဖြစ် ပြောင်းလဲသင့်က ပြောင်းလဲရမှာဖြစ်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့ပညာရေး အဆင့်မြင့်ဖို့ နိုင်ငံကကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီအားထားရပါမယ်။
လူ့သမိုင်းစဉ် တစ်လျှောက်လုံးမှာ ပညာရေးဟာဖွံ့ဖြိုးတိုးတက်မှုအတွက် အရင်းအမြစ်ဖြစ်ခဲ့ပါတယ်။ သိပ္ပံနဲ့ နည်းပညာဟာ ဒီနေ့လူ့အဖွဲ့အစည်းအတွက် အင်အားကြီးမားစွာဖန်တီးပေးနေပါတယ်။ သိပ္ပံနဲ့နည်းပညာနယ်ပယ်ထဲက သုတေသနတွေကြောင့်၊ လေ့လာမှုရလဒ်တွေကြောင့် ၁၈၄ဝ ပြည့်နှစ်ရောက်တော့ စက်မှုထွန်းကားဖို့ကိစ္စမှာ သိပ္ပံပညာအခြေခံတွေဟာ အကြောင်းတရားပဲဖြစ်ခဲ့ ပါတယ်။ အမေရိကန်တို့ဟာ ၁၈၉ဝ ပြည့်နှစ်မှာ စက်မှုလယ်ယာကို တည်ထောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံများမှာ ကုန်ပစ္စည်းမျိုးစုံကို ထုတ်လုပ်၊ စျေးကလည်း သက်သာ၊ ပစ္စည်းတွေကလည်း သေသပ်လှပပြီး လူကြိုက်များခဲ့ပါတယ်။ ကမ္ဘာ့စျေးကွက်ကို ထိုးဖောက်ခဲ့ပါတယ်။ စက်မှုနည်းပညာ ထွန်းကားခြင်းရဲ့ရလဒ်ပဲ။ သိပ္ပံနဲ့ နည်းပညာ ထွန်းကားတဲ့ နိုင်ငံတွေဟာ ပိုပြီးချမ်းသာသွားကြပါတယ်။
ကောင်းပါပြီ၊ ဒီဆောင်းပါးကို ဒီလို နိဂုံးချုပ်ချင်ပါတယ်။
စက်မှုလယ်ယာ စက်စွမ်းအားနဲ့နည်းပညာထည့်လိုက်ရင် ဆန်စပါးနဲ့ ပဲမျိုးစုံတင်ပို့နိုင်တဲ့နိုင်ငံအဖြစ် ရောက်နိုင်တာမို့ မြန်မာတောင်သူလယ်သမားတို့ဟာ စိတ်ချမ်းသာကိုယ်ကျန်းမာချမ်းသာတဲ့ သူဌေးကြီးတွေ ဖြစ်လာမှာဖြစ်ကြောင်း ယုံကြည်မှုရှိရှိ၊ ဝီရိယရှိရှိဖြင့် ရှေ့သို့ချီတက်ရန်ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။ ။
No comments:
Post a Comment