Wednesday, March 1, 2023

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများကြီးကြပ်မှုအဖွဲ့ အစည်းအဝေးကျင်းပ

 


နေပြည်တော် ဖေဖော်ဝါရီ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံး၌ Online စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့်ရုပ်မြင် သံကြားတို့မှ တာဝန်ရှိသူများ၊ မြဝတီရုပ်မြင်သံကြားနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလွှင့်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားရာ၌ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော မီဒီယာများဖြစ်သည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မီဒီယာအပိုင်းမှ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးရေး၊ ထုတ်လွှင့်ပြသမှုအစီအစဉ်များတွင် အမှားအယွင်း မပါရှိအောင် ကြပ်မတ်စစ်ဆေးဂရုစိုက်ဆောင်ရွက်ရေး၊ အခပေးရုပ်သံလိုင်းများအနေဖြင့် ပြသမည်ဟုကြေညာပြီး ပြသထုတ်လွှင့်ခြင်းမပြုနိုင်ပါက ကြည့်ရှုသူများမှ သတင်းပို့တိုင်ကြားမှုများရှိလာနိုင်သဖြင့် တာဝန်ရှိသည့်ကုမ္ပဏီများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ပြည်သူကို ပြန်လည်အသိပေးပြန်ကြားပေးရေးနှင့် ဝန်ဆောင်မှု ကောင်းမွန်စေရေး၊ နိုင်ငံတော်သို့ပေးသွင်းရမည့်အခွန်အခများ၊ လျှပ်စစ်ဓာတ်အားခနှင့် စာချုပ်ပါပေးသွင်းရမည့် ဝန်ဆောင်မှုစရိတ်များကို အချိန်မီပေးသွင်းရေး၊ ကုမ္ပဏီများမှ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်တွင်းနေထိုင်မှုနှင့် ဗီဇာကိစ္စများတွင် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီဖြစ်စေရေးတို့ကို ဆွေးနွေးမှာကြားပြီး တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများကြီးကြပ်မှုအဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ရုပ်သံလွှင့်ကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း ၂၁ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို နှစ်လတစ်ကြိမ်ပြုလုပ်ကာ ရုပ်သံထုတ်လွှင့်ခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment