Friday, March 3, 2023

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ယာယီခိုလှုံရာစခန်းမှ မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့

 


နေပြည်တော် မတ် ၃

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ယာယီခိုလှုံရာစခန်းတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်မိသားစုများသည် ၎င်းတို့၏ သဘောဆန္ဒဖြင့် မူလနေရပ်ဒေသများသို့ ပြန်လည်နေထိုင်ကြမည်ဖြစ်ရာ အဆိုပါယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ လတ်တလော စားသောက်နေထိုင်ရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှု၊ လက်မှုပညာသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေရပ်ပြန်အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။

 


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် ၅၀၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၁၄၀ စုအတွက် ငွေကျပ်သိန်း ၇၀၀ ကိုလည်းကောင်း၊ တိုင်းမှူးက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် သိန်း ၁၄၀ ကိုလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူ ၁ ဦးလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၅၃၂ ဦးအတွက် ထောက်ပံ့ငွေ ၄၇၈၈၀၀၀ ကျပ်ကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါသည့် Family Kit  ၁ ပုံးနှုန်းဖြင့် Family Kit  ၁၄၀ ပုံးကို လည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စခန်းတာဝန်ခံများထံ အသီးသီးထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်တို့မှ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် စက်မှုဇုန်ယာယီခိုလှုံရာစခန်းမှ ၎င်းတို့၏နေရပ်ဒေသဖြစ်သော ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာများသို့ နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ၏ အိမ်သုံးကုန်ပစ္စည်းများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာဆိုင်ရာဝန်ထမ်းများက မော်တော်ယာဉ်များပေါ်သို့ ကူညီသယ်ယူပို့ဆောင်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက နေရပ်ပြန်မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကာ ၎င်းတို့၏ နေရပ်ကျေးရွာများအရောက် မော်တော်ယာဉ်များဖြင့် အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment