Wednesday, March 1, 2023

ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်၏ အစည်းအဝေးအဖွင့် သာရဏီယ သြဝါဒကထာ

 


[ ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်) အင်္ဂါနေ့]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့မှ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးဟူသောဦးတည်ချက်ဖြင့် ကြွရောက်တော်မူလာကြကုန်သော သာသနာ့ဦးသျှောင် ဖြစ်တော်မူကြသည့် နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော် အရှင်မြတ်တို့ဘုရား။

“မမ သီသာဗာဓံ မမ ဥဒရာဗာဓန္တိ၊ ကိဉ္စိ ရောဂံ အနုပဒိသိတွာ ” ဟူသော သာသနာ့အာဇာနည် မဟာထေရ်အရှင်မြတ်တို့၏ ခံယူချက်အတိုင်းခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကို ရှုငဲ့တော်မမူကြဘဲ “သမဏကိစ္စတော အညကိစ္စာနိ၊ အဇ္ဈပေက္ခိတွာ ပိဋ္ဌိံ ကတွာ” ဟူသောသာသနာ့အာဇာနည် မဟာထေရ်အရှင်မြတ်တို့၏ ကျင့်ထုံးကို နှလုံးမူ လျက် ကိုယ်ရေးကိုယ်တာကိစ္စအဝဝတို့ကို လျစ်လျူရှုကာ သာသနာတော်အရေးကိစ္စကိုသာ အလေးဂရုပြု၍ ကြွရောက်တော်မူလာကြသော ဆရာတော်အရှင်မြတ်တို့၏ သာသနာ့စိတ်ဓာတ်ကို လေးမြတ်ကြည်ညိုလျက် သာသနာတော်အတွက် အားတက် ရွှင်လန်းဝမ်းမြောက်ရပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

သုံးလောကထွတ်ထား သဗ္ဗညုရှင်တော် မြတ်ဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီ၊ စာဂ၊ စရိယတို့ကို ပြည့်ဝအောင် ဖြည့်ကျင့်ဆည်းပူးတော်မူ၍ ရရှိတော်မူခဲ့သော သဗ္ဗညုတရွှေဉာဏ်တော်ဖြင့် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါများ၏ အကျိုးစီးပွားအလို့ငှါ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီးကို တည်ထောင်တော်မူခဲ့ပါ သည်ဘုရား။ ထိုတည်ထောင်အပ်ပြီးသော သာသနာတော်မြတ်ကြီးကို အဓွန့်ရှည်ကြာစွာ တည်တံ့အောင် လက်ဆင့်ကမ်းထမ်းဆောင်နိုင်ကြမည့် ပဉ္စဝဂ္ဂီငါးပါးတို့နှင့်တကွ အရှင်သာရိ ပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင် ဥပါလိ စသော သာဝကတို့ကို ရဟန်းပြုပေးတော်မူလျက် သံဃာ့အဖွဲ့အစည်းကြီးကိုလည်း ဖွဲ့စည်းတည်ထောင်တော် မူခဲ့ပါသည်ဘုရား။

ထိုသံဃာ့အဖွဲ့အစည်းဝင် အရှင်မြတ်တို့သည် မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီးကို ဘုရားရှင် လက်ထက်တော်မှစ၍ လက်ဆင့်ကမ်းထမ်းဆောင် တော်မူလာခဲ့ကြရာ ယခုမျက်မှောက်ခေတ်တိုင် အောင်နှစ်ပေါင်း(၂၅၆၆) နှစ်သို့ ရောက်ရှိခဲ့ပါပြီ ဘုရား၊ ထိုသို့ (၂၅၆၆) နှစ်ဟူသော ခရီးရှည်ကြီးကို လျှောက်လှမ်းလာခဲ့ရသည့် ဗုဒ္ဓသာသနာတော်ကြီး သည် “ခေါက်ရှာငှက်ပျံ၊ ခင်ပုပ်ပျံနှင့်၊ ဘုတ်ပျံ ရှူးပျံ၊ လောကဓံဟု၊ ထုံးစံတရား၊ ဤရှစ်ပါးကား၊ ပိုင်းခြား လူမှာ၊ မမြဲစွာတည့်” ဟူသော မန်လည်ဆရာတော် ကြီး၏ လင်္ကာဆောင်ပုဒ်အတိုင်း မြင့်ချည်တစ်ခါ နိမ့်ချည်တစ်လှည့်ဖြင့် အလှည့်အပြောင်း, အတက် အကျရှိခဲ့ပါသည်ဘုရား။ ဖြောင့်ဖြူးသာယာသည့် ခရီးချောကိုသာ လျှောက်လှမ်းခဲ့ရသည်မဟုတ်ဘဲ ဝိတဏ္ဍဘေး ရှုပ်ထွေးထူပြော မချောမမွေ့သည့် ခရီးကြမ်းကြီးများကိုလည်း လျှောက်လှမ်းခဲ့ရပါ သည်ဘုရား။

သာသနာတော်သမိုင်းတွင် ရဟန်း၊ သာမဏေများ သမဏသညာကင်းမဲ့ကာ ဝိနည်းသိက္ခာပုဒ်တော်များကို လေးလေးစားစားမကျင့်သုံးတော့ဘဲ မိစ္ဆာဇီဝ အနေသနအမှုတို့ကို ပြုလုပ်ခြင်း၊ လူပြိန်းကြိုက် အဓမ္မဝါဒများကို ဟောပြောကြလျက် သာသနာ့စင်ပြိုင် အဖွဲ့အစည်းများတည်ထောင်ခြင်းစသည့် သာသနာ့အန္တရာယ်များ ပေါ်ပေါက်၍ သာသနာတော် ညှိုးမှိန်ခဲ့ခြင်းများ ကြုံတွေ့ခဲ့ရပါ သည်ဘုရား။ ထိုသို့သော သာသနပစ္စတ္ထိက သာသနာ့အန္တရာယ်များကို ဖယ်ရှားသုတ်သင်၍ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်လာပါသည်ဘုရား။ သို့ဖြစ်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၊ ဂိုဏ်းအသီးသီးတို့မှ သာသနာ့ဦးသျှောင် ဆရာတော်ကြီးများသည် နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှုကိုရယူလျက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကျင်းပကာ “သံဃာ့ အဖွဲ့ အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ” ကို အတည်ပြုတော်မူကြပြီး ယင်းအခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ရပ်ကွက်၊ ကျေးရွာအဆင့်မှ နိုင်ငံတော်အဆင့်အထိ သံဃာ့ဝန်ဆောင်၊ သံဃနာယက အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်း၍ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် ဆောင်ရွက်လာခဲ့ကြသည်ကို ဆရာတော်များ သိတော်မူကြပြီးဖြစ်ပါသည်ဘုရား။

“ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု” (ဝိ၊ ဋ္ဌ၊ ၁၊ နှာ ၁၁) (ခုဒ္ဒကပါဌ၊ ဋ္ဌ၊ နှာ ၈၂) ဟူသော အဋ္ဌကထာများအရ ဝိနည်းသည် မြတ်စွာဘုရား သာသနာတော်၏ အသက်ဖြစ်သကဲ့သို့ သံဃာ့အဖွဲ့ အစည်းအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ သည်လည်း သံဃာ့အဖွဲ့အစည်းကြီး ကျစ်လျစ်စွာ တည်တံ့ရေးအတွက် အသက်သွေးကြောပင် ဖြစ်ပါ သည် ဘုရား။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းသည် သာမညမည်ကာမတ္တ ရေးဆွဲပြဋ္ဌာန်းထားသော စည်းမျဉ်း မဟုတ်ကြောင်း လျှောက်ထားလိုပါသည်ဘုရား။ ယင်းစည်းမျဉ်းကို ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက ၁၃၄၂ ခုနှစ်၊ နယုန် လဆန်း ၁၃ ရက် (၂၅-၅-၁၉၈၀) ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်ဘုရား။ သံဃာ့ကိစ္စဖြစ် သည့် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စရပ်များကို ဆောင်ရွက်ရာ၌ တွေ့ကြုံလာရသည့် ပြဿနာရပ်များကို အဆင်ပြေချောမွေ့စွာ ဖြေရှင်း နိုင်ရေးအတွက် ပထမအကြိမ် ပြင်ဆင်ဖြည့်စွက် ချက်ကို ဒုတိယအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်း အဝေးကြီးက ၁၃၄၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် (၂၉-၅-၁၉၈၅)ရက်နေ့တွင် ပြင်ဆင်၍ အတည်ပြုနိုင်ခဲ့ပါသည်ဘုရား။ ရပ်/ကျေး သံဃနာယကအဖွဲ့၊ ကျေးရွာအုပ်စု သံဃနာယကအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက်ချက်ကို တတိယအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးက ၁၃၅၁ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် (၈-၃-၁၉၉၀)ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါသည်ဘုရား။ သံဃာ့ကိစ္စများ ဆောင်ရွက်ရာ၌ အခြေအနေအချိန်အခါအရ လိုက်လျောညီထွေ ဆောင်ရွက်နိုင်ရန် တတိယအကြိမ်ပြင်ဆင် ဖြည့်စွက်ချက်ကိုစတုတ္ထအကြိမ် ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးက ၁၃၅၆ ခုနှစ်၊ တပေါင်းလဆန်း (၁၁)ရက် (၁၁-၃-၁၉၉၅)ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပါသည်ဘုရား။ ဘုရားရှင်သော်မှ အနုပညတ်သဘောဖြင့် အရာဌာနအားလျော်စွာ ပြင်ဆင်ဖြည့်စွက်ရိုးဖြစ်ရာ သက်တမ်းကြာရှည်သည့် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီး တည်တံ့ခိုင်မြစေရန် သံဃာ့ဆန္ဒနှင့်အညီ လောကကြောင်း၊ ဓမ္မကြောင်း မတိမ်းစောင်းစေဘဲ စတုတ္ထအကြိမ် ပြင်ဆင်ဖြည့်စွက်ချက်များကို ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးက ၁၃၇၆ ခုနှစ်၊ ကဆုန်လပြည့် (၁၃-၅-၂၀၁၄) ရက်နေ့တွင် ပြင်ဆင်ဖြည့်စွက်အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါသည် ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

ဤသို့သက်တမ်းရှည်ကြာ အချိန်ယူကာ အတည်ပြုပြဋ္ဌာန်းထားသော သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း တည်မြဲနေသမျှကာလပတ်လုံး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးမှစ၍ ရပ်ကွက်/ ကျေးရွာအုပ်စု သံဃနာယကအဖွဲ့အထိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်လည်း မယိုင်မလဲတည်မြဲနေမည်သာ ဖြစ်ပါသည်ဘုရား။ ထိုသို့သော သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့က အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများ၌ ပြဋ္ဌာန်းထားသော မိမိတို့ဆိုင်ရာ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်နေပါက ထေရဝါဒ ဗုဒ္ဓသာသနာတော် မြတ်ကြီးသည်လည်း တည်တံ့နေမည်သာဖြစ်ပါ သည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား-

ဘုရားရှင်ကိုယ်တော်မြတ်က “န ခေါ ကဿပ ပထဝီဓာတု သဒ္ဓမ္မံ အန္တရ ဓာပေတိ၊ န အာပေါဓာတု သဒ္ဓမ္မံ အန္တရဓာပေတိ၊ န တေဇောဓာတု သဒ္ဓမ္မံ အန္တရဓာပေတိ၊ န ဝါယောဓာတု သဒ္ဓမ္မံ အန္တရ ဓာပေတိ၊ အထ ခေါ ဣဓေဝ တေ ဥပ္ပဇ္ဇန္တိ မောဃ ပုရိသာ ယေ ဣမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ။ သေယျထာပိ ကဿပ နာဝါ အာဒိကေနေဝ သြပိလဝတိ၊ န ခေါ ကဿပ ဧဝံ သဒ္ဓမ္မဿ အန္တရဓာနံ ဟောတိ” ဟု (သံ၊ ၂၊ ၄၂၃) တွင် ဟောတော်မူခဲ့ပါသည်ဘုရား။ အဓိပ္ပာယ်အကျယ်အားဖြင့် ဘုရားရှင်၏သာသနာတော်သုံးရပ်သည် ဓာတ်လေးပါး ပျက်ခြင်းကြောင့် ကွယ်ပျောက်ရသည်မဟုတ်ပေ။ သာသနာအတွင်း မှာ ဖြစ်ကြသည့် (သာသနာ့အတွင်းသား) မောဃ ပုရိသခေါ် ရဟန်းသာမဏေတို့ကြောင့်သာ ကွယ်ပျောက်ရသည်။ ဥပမာအားဖြင့် ဝန်တင်သောလှေသည် ဝန်ပြည့်ခြင်းကြောင့်သာ နစ်မြုပ်ရသကဲ့သို့ ဤအတူပင် ပရိယတ်စသည်ကြောင့် သာသနာ တော်ကွယ်ရသည်မဟုတ်။ သာသနာ့တာဝန်ကိုကျေပွန်အောင် မထမ်းဆောင်ကြဘဲ သာသနာတော် ကြီးကွယ်ပျောက်နစ်မြုပ်အောင် ဖိစီးနေကြသည့် မောဃပုရိသခေါ် သာသနာ့ဝန်စီးများကြောင့်သာ သာသနာကွယ်ပျောက်ရသည်ဟု ဟောတော်မူ လိုရင်းဖြစ်ပါသည်ဘုရား။

ထို့ကြောင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၌ ပါဝင်တော်မူကြသော ဆရာတော်အားလုံးတို့သည် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်အောင်လေ့လာကြစေရန်၊ စိတ်ပါဝင်စာစွာဖြင့် တက်တက်ကြွကြွ ဆောင်ရွက်ချင်လာကြစေရန် နာယကသင်တန်းများပေးခြင်း၊ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားစေလိုသော စိတ်ဓာတ်များ ဖြည့်တင်းပေးခြင်းဖြင့် သံဃာ့အဖွဲ့အစည်းများ၏ အရည်အချင်းကို မြှင့်တင်ပေးသင့်ပါသည် ဘုရား။ ထို့အပြင် ဝိနည်းဓိုရ်ဆရာတော်များ၏ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှု အားနည်းခြင်း ကြောင့်လည်း ဝိနိစ္ဆယဆုံးဖြတ်ချက်များ ချွတ်ယွင်းခြင်း၊ ပီပြင်မှုမရှိခြင်း၊ မူလပျက်ဖြစ်ခြင်းစသည်များ ကြုံတွေ့နေရသဖြင့် ဝိနည်းဓိုရ် ဆရာတော်များ အားလည်း ဝိနည်းဓိုရ်သင်တန်းများပေး၍ အရည်အသွေး မြှင့်တင်သင့်ပါသည်ဘုရား။ နိုင်ငံတော်မှစ၍ ရပ်/ကျေးအထိ သံဃာ့အဖွဲ့အစည်းများကျစ်လျစ်စွာ တည်တံ့ခိုင်မြဲအောင် သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၌ပျော့ကွက် ဟာကွက်လိုအပ်ချက်များကို လေ့လာစိစစ်၍ ဖြည့်စွက်ပြင်ဆင် ဖြုတ်ပယ်သင့်သည်များကို ဖြည့်စွက်ပြင်ဆင်ဖြုတ်ပယ်လျက် သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်ကို ပိုမိုကျစ်လျစ်ခိုင်မာသေသပ်စွာ တည်တံ့နိုင်အောင် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းလိုပါသည်ဘုရား။

ဤသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်များ၏ အကူအညီကိုရယူလျက် အထက်အဖွဲ့အစည်းများနှင့် အောက်အဖွဲ့အစည်းတို့ ညီညီညွတ်ညွတ် တိုင်ပင်ညှိနှိုင်းပြီးလျှင် မျက်ခြည်မပြတ် သတိချပ် လျက် တက်ကြွလက်တွဲဆောင်ရွက်ကြပါက သာသနာတော်သန့်ရှင်းတည်တံ့ရေးလုပ်ငန်း ဆောင်ရွက်ချက်များ အောင်မြင်ပြီးမြောက်မည် ဖြစ်ပါသည်ဘုရား။ သို့ဖြစ်၍ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကိစ္စရပ်များ ဆောင်ရွက် ကြရာတွင် တက်တက်ကြွကြွ စွမ်းစွမ်းတမံဆောင် ရွက်တော်မူနိုင်ကြပါစေကြောင်း တိုက်တွန်းလျက် ဘုရားတပည့်တော်၏ သာရဏီယသြဝါဒကထာကို နိဂုံးကမ္ပတ်အဆုံးသတ်ပါသည် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အရှင်မြတ်တို့ ဘုရား။

No comments:

Post a Comment