နိုင်ငံတစ်နိုင်ငံအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာများအား စနစ်တကျ ဆောင်ရွက်နိုင်ရန်၊ ပြည်သူများ၏ဆန္ဒဖြင့် မှန်ကန်စွာရွေးချယ်တင်မြှောက်ထားသော အစိုးရတစ်ရပ်ပေါ်ထွန်းလာရန် လွတ်လပ်မျှတပြီး ဒီမိုကရေစီစံနှုန်းနှင့်အညီ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
သို့ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင်ပါဝင်သည့် နောက်ဆုံးအချက်ဖြစ်သော “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့်အတိုင်း ရွေးကောက်ပွဲအတွက် လိုအပ်သည့် ကြိုတင်ဆောင်ရွက်ရန် ရှိသည်များအား ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံရေးပါတီများပြားနေပြီး ပါတီအလိုက် ပြည်သူကို ကိုယ်စားပြုနိုင်မှု အားနည်းနေ
ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများအနက် ၂၃-၁-၂၀၂၃ ရက်က ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)တွင် နိုင်ငံတော်အကြီးအကဲက“ယခင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် သည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် အခြေအနေကို သုံးသပ်ကြည့်ပါက မိမိတို့နိုင်ငံ၌ နိုင်ငံရေးပါတီများပြားနေပြီး ပါတီအလိုက် ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေသည်ကို တွေ့နိုင်ပါကြောင်း၊ ဖြစ်သင့်သည်မှာ နိုင်ငံရေးပါတီများတွင် မိမိကိုထောက်ခံသည့် ပြည်သူများကို စုစုစည်းစည်း အင်အားရှိရှိဖြင့် ကိုယ်စားပြုနိုင်ရန်လိုအပ်ကြောင်း၊ ပြည်သူတို့၏ စုပေါင်းစွမ်းအားဖြင့် နိုင်ငံကို ဦးဆောင်ရန်လိုအပ်ပါကြောင်း၊ ယခင် ဗဟိုဦးစီးစနစ်၊ တစ်ပါတီစနစ်များ ကျင့်သုံးခဲ့ရာမှ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျှောက်လှမ်းခဲ့ရာတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဆောင်ရွက်ရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာ၌ ပါတီစုံဒီမိုကရေစီစနစ်အမြန် ဖြစ်ထွန်းနိုင်ရေးအတွက် နိုင်ငံရေးပါတီများဖွဲ့စည်းခြင်းကို လျှော့ပေါ့ပေးခဲ့ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်တွင်လည်း နိုင်ငံသူ၊ နိုင်ငံသားအားလုံး ဒီမိုကရေစီအတွေ့အကြုံကို ပိုမိုရရှိစေရန်အတွက် ပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်ပတ်သက်၍ လျှော့ပေါ့ဆောင်ရွက်ခဲ့ကြကြောင်း၊ သို့ဖြစ်၍ ယခင်ရွေးကောက်ပွဲ အတွေ့အကြုံများအရ နိုင်ငံရေးပါတီ အများအပြားရှိသော်လည်း လွှတ်တော်၌ ပါဝင်ခွင့်ရသည့်ပါတီမှာ နည်းပါးသည်ကိုတွေ့ရကြောင်း၊ နိုင်ငံရေးပါတီများပြားပြီး ပါတီဝင်များ အစုအဖွဲ့အနေဖြင့်သာ လုပ်ဆောင်နိုင်သည့်အတွက် ဧရိယာအားဖြင့်၊ အရေအတွက်အားဖြင့်၊ နယ်ပယ်အားဖြင့် ကြီးမားကျယ်ပြန့်စွာ စုစည်းနိုင်မှုမရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပါတီများအားလုံး ယခုထက်ပိုမို၍ ကျစ်လျစ်ခိုင်မာစွာ၊ စည်းစနစ်ကျစွာနှင့် ထုထည်ဖြင့် ဖွဲ့စည်းနိုင်ရန်လိုအပ်သောကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည် သုံးသပ်ခြင်းများဆောင်ရွက်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြဋ္ဌာန်းရန် လိုအပ်ကြောင်း” လမ်းညွှန်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၆-၁-၂၀၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ထိုဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လိုအပ်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို ၃၁-၁-၂၀၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
ပြင်ဆင်ချက်နှင့် ဖြည့်စွက်ချက်များ
အဓိကအားဖြင့် အသစ်ပြဋ္ဌာန်းသည့် နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေတွင် ပြင်ဆင်ချက် (၃) ခုနှင့် ဖြည့်စွက်ချက်(၂) ခု၊ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများတွင် ပြင်ဆင်ချက် (၃) ခု အား တွေ့ရှိရပါသည်။
ပြင်ဆင်ချက် (၃) ခု
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၏ ပြင်ဆင်ချက်(၃)ခု အနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း အခန်း(၂)ပုဒ်မ ၅ (စ)တွင် “ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်းဝန်ခံချက် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေအနည်းဆုံး ၁၀၀၀ ကို စည်းရုံးရမည်ဖြစ်ကြောင်းဝန်ခံချက်” ဟူ၍ လည်းကောင်း၊ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း အခန်း (၃) ပုဒ်မ ၁၂ (က) (၁) တွင် “ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှုမပြုနိုင်ခြင်း” ဟူ၍ လည်းကောင်း၊ ပုဒ်မ ၁၂ (က) (၂)တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက အထွေထွေရွေးကောက်ပွဲ၌ မိမိစည်းရုံးရမည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ (တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင်) အနည်းဆုံး မဲဆန္ဒနယ်တစ်နယ်တွင် မိမိပါတီက ဝင်ရောက်ယှဉ်ပြိုင်မှုမပြုနိုင်ခြင်း” ဟူ၍ လည်းကောင်း ပြင်ဆင်ထားရှိပါသည်။
ဖြည့်စွက်ချက် (၂)ခု
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၏ ဖြည့်စွက်ချက် (၂)ခုအနေဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့်မှတ်ပုံတင်ခြင်း အခန်း (၂) ပုဒ်မ ၅ (ဆ)တွင် “ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကိုလည်းကောင်း မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ပြီးကြောင်း အထောက် အထား” ဟူ၍လည်းကောင်း၊ ပုဒ်မ ၅ (ဇ)တွင် “ပြည်ထောင်စုတစ်ဝန်းလုံး တွင် စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်၌ ပါတီရုံးခန်းဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ဝန်ခံချက် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ငါးမြို့နယ်၌ ပါတီရုံးခန်းဖွင့်လှစ်မည်ဖြစ်ကြောင်းဝန်ခံချက်” ဟူ၍လည်းကောင်း ဖြည့်စွက်ထားရှိပါသည်။
မှတ်ပုံတင်ခြင်းနည်းဥပဒေများတွင် ပြင်ဆင်ချက်(၃)ခု
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများတွင် ပြင်ဆင်ချက်(၃)ခုအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခြင်း အခန်း(၂)နည်းဥပဒေ ၇ နည်းဥပဒေခွဲ (ခ) တွင် “မှတ်ပုံတင်ကြေး ငွေကျပ် ၁၀ သိန်းကို ကော်မရှင်က သတ်မှတ်သည့် နည်းလမ်းများအတိုင်း ပေးသွင်းရမည်” ဟူ၍ လည်းကောင်း၊ နည်းဥပဒေ ၁၃ နည်းဥပဒေခွဲ (က) တွင် “နည်းဥပဒေ ၁၂ နည်းဥပဒေခွဲ (က) အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိသောပါတီသည် မှတ်ပုံတင်ခွင့်ရရှိသည့်နေ့ရက်မှ စ၍ ရက်ပေါင်း ၉၀ အတွင်း ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (စ) ပါအတိုင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို လည်းကောင်း ပြည့်မီအောင် စည်းရုံးရမည်ဖြစ်ပြီး မိမိတို့စည်းရုံးရရှိထားသည့် သတ်မှတ်ပါတီဝင်ဦးရေ ပြည့်မီသောအင်အားစာရင်းကို မြို့နယ်အလိုက်စုစည်း၍ ပုံစံ(ဇ) နှစ်စုံပြုစုပြီး ကော်မရှင်နှင့် သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့တင်ပြရမည်” ဟူ၍လည်းကောင်း၊ ပါတီရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းများ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း အခန်း (၄) နည်းဥပဒေ ၂၁ တွင် “ပါတီတစ်ခုသည် အထွေထွေရွေးကောက်ပွဲ၌ဖြစ်စေ၊ ကြားဖြတ်ရွေးကောက်ပွဲ၌ဖြစ်စေ ရွေးကောက်ပွဲ အသုံးစရိတ်ငွေကို မိမိပါတီကိုကိုယ်စားပြု၍ ရွေးကောက်ခံသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် ငွေကျပ် သိန်း ၁၅၀ အထိလည်းကောင်း၊ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် ငွေကျပ်သိန်း ၃၀၀ အထိလည်းကောင်း သုံးစွဲနိုင်သည်” ဟူ၍လည်းကောင်း ပြင်ဆင်ထားသည် ကို တွေ့ရှိရပါသည်။
အဆိုပါ ပြင်ဆင်ပြဋ္ဌာန်းချက်များအား လေ့လာကြည့်ပါက အကြမ်းဖျင်းအနေဖြင့် အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်ပါသည်-
(က) ပါတီများအနေဖြင့် မိမိကိုထောက်ခံသည့် ပြည်သူများကို စုစုစည်းစည်း အင်အားရှိရှိဖြင့် ကိုယ်စားပြုနိုင်ရန်အတွက် စည်းရုံးရမည့် ပါတီဝင်ဦးရေ အနည်းဆုံး သတ်မှတ်ချက်အား တိုးမြှင့်ထားခြင်း၊
( ခ ) ပါတီများအနေဖြင့် ဧရိယာကြီးမားကျယ်ပြန့်စွာ စုစည်းနိုင်ပြီး ကျစ်လျစ်ခိုင်မာစွာဖြင့် ဖွဲ့စည်းလုပ်ဆောင်နိုင်စေရန်အတွက် ပါတီရန်ပုံငွေနှင့် ပါတီရုံးခန်းဖွင့်လှစ်ရမည့် သတ်မှတ်ချက်များကို တိကျစွာသတ်မှတ်ပေးခြင်း၊
( ဂ ) ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲအသုံး စရိတ်သတ်မှတ်ချက်များကို ဥပဒေနှင့်အညီ လုံလောက်စွာ အသုံးပြုနိုင်စေရေးအတွက် ခေတ်စနစ်နှင့် လျော်ညီသည့် ပမာဏဖြစ်စေရေး တိုးမြှင့်သတ်မှတ်ပေးခြင်း၊
(ဃ) ပြောင်းလဲကျင့်သုံးမည့် အချိုးကျကိုယ်စားပြု (Proportional Representation) စနစ်အရ မဲဆန္ဒနယ်ကို ဧရိယာ ကျယ်ပြန့်စွာသတ်မှတ်၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ PR စနစ်အရ လွှတ်တော်ကိုယ်စားလှယ်နေရာ အချိုးကျရရှိမည်ဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော်များတွင် အားလုံးပါဝင်သော ကိုယ်စားပြုမှုကိုဖြစ်ပေါ်စေရန်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်သတ်မှတ်ချက်များကို သတ်မှတ်ပေးထားပါသည်။ ထို့ပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင် အနည်းဆုံးမဲဆန္ဒနယ်တစ်နယ်တွင် ယှဉ်ပြိုင်၍လည်းရသည့် အခွင့်အလမ်းကိုလည်း ခွင့်ပြုထားရှိပါသည်။
( င ) ပြဋ္ဌာန်းသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီများကို အင်အား တောင့်တင်းသော ပါတီများပေါ်ပေါက်လာစေရေး ပြဋ္ဌာန်း ချက်သည် ကန့်သတ်ချက်များရှိသည်ဟု ဆိုနိုင်သော်လည်း ပြည်ထောင်စုတစ်ဝန်းလုံး ယှဉ်ပြိုင်မည့်ပါတီအနေဖြင့် အင်အားတောင့်တင်းခိုင်မာနေမှသာ နိုင်ငံတော်အတွက် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် အင်အား တောင့်တင်းသော အစိုးရနှင့်ဥပဒေပြုရေးလွှတ်တော် ပေါ်ပေါက်လာမည်ဖြစ်ပေသည်။
( စ ) ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်ခြင်း၊ ပါတီရုံးခန်းဖွင့်ခြင်း၊ ပါတီရန်ပုံငွေ တင်ပြချက်များ စသည်ဖြင့် ကန့်သတ်မှုများရှိသော်လည်း တိုင်းဒေသကြီး/ ပြည်နယ် စည်းရုံးမည့်ပါတီများ၊ တိုင်းရင်းသား လူမျိုးစုပါတီများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အတွင်း အင်နှင့်အားနှင့် စည်းရုံးနိုင်ရေးအတွက် များစွာလျှော့ပေါ့ထားကြောင်း တွေ့ရှိရပါသည်။ လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ သဘောတူညီချက်အရ အချိုးကျကိုယ်စားပြုစနစ် (PR System) ကျင့်သုံးမည်ဖြစ် ကြောင်း သိရပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခု စည်းရုံးမည့်ပါတီအနေဖြင့် အနည်းဆုံး မဲဆန္ဒနယ်တစ်နယ် ယှဉ်ပြိုင်ရမည်ဖြစ်၍ တိုင်းရင်းသားလူမျိုးလွှတ်တော် ရွေးကောက်ပွဲနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသအတွက် ပါဝင်ယှဉ်ပြိုင်ပါလျှင် ကိုယ်စားလှယ် လောင်းတစ်ဦးသာ ယှဉ်ပြိုင်ခြင်းဖြင့်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၆၁ ၊ ပုဒ်မခွဲ (က) အရ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ်တစ်နယ်တွင် ယှဉ်ပြိုင်ပါလျှင် ကိုယ်စားလှယ်လောင်းနှစ်ဦးသာ ယှဉ်ပြိုင်ပြီး ပါတီရပ်တည်နေနိုင်ခွင့် ရှိမည်ဖြစ်သည်။ ယင်းအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်အတွက် တိုင်းဒေသကြီး/ ပြည်နယ်တွင်းရှိ မဲဆန္ဒနယ်များတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရှိနေမည်ဖြစ်၍ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် အင်ပြည့်အားပြည့် ပါဝင်ယှဉ်ပြိုင်ရွေးချယ်ခံနိုင်ပြီး ယင်းလွှတ်တော်ဥပဒေပြုရေးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တွင် အုပ်ချုပ်ရေးပိုင်းတာဝန်များကို ထမ်းဆောင်ခွင့်ရှိမည်ဖြစ်ပေသည်။ ယင်းအပြင် မိမိတို့ပါတီစည်းရုံးမှုနှင့် တိုင်းရင်းသားပြည်သူတို့၏ ထောက်ခံမှု အပေါ်မူတည်၍ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံရနိုင်ပြီး ပြည်ထောင်စု ဥပဒေပြုရေးကဏ္ဍတွင် ပါဝင်ခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။
(ဆ) ပြဋ္ဌာန်းဥပဒေ၊ နည်းဥပဒေအရ သုံးသပ်ရပါလျှင် ပါတီငယ်များအနေဖြင့် မိမိပါဝင်ယှဉ်ပြိုင်လိုသော တိုင်းဒေသကြီး/ ပြည်နယ် သုံး၊ လေးခုရှိပါလျှင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ရမည်ဖြစ်ပါသည်။ ပါတီဝင်ဦးရေ၊ ယှဉ်ပြိုင်ရမည့်မဲဆန္ဒနယ်၊ ရုံးခန်းဖွင့်ရန်မြို့နယ်၊ ပါတီရန်ပုံငွေဖော်ပြရန် အခက်အခဲရှိသော ပါတီများအနေဖြင့် ပါတီခွဲများဖွဲ့စည်း၍ မိမိယှဉ်ပြိုင်လိုသော တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပါတီခွဲများ မှတ်ပုံတင်ရမည်ဖြစ်သည်။ ဥပမာ တိုင်းဒေသကြီး/ ပြည်နယ် ငါးခု၌ ပါဝင်လိုသော ပါတီ အနေဖြင့် ပါတီခွဲ ငါးခုဖွဲ့စည်း၍ ပါဝင်ယှဉ်ပြိုင်လိုသော တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မှတ်ပုံတင်ရမည် ဖြစ်ပေ သည်။ နှိုင်းယှဉ်ချက်အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ငါးခုတွင် မှတ်ပုံတင်မည့်ပါတီနှင့် ပြည်ထောင်စုတစ်ဝန်း လုံးစည်းရုံးမည့်ပါတီ နှိုင်းယှဉ်ချက်မှာ -
ပြည်ထောင်စုတစ်ဝန်းလုံးစည်းလုံးရမည့် ပါတီကြီးများအနေဖြင့် အနည်းငယ်ကန့်သတ်မှုများ ရှိသော်လည်း မိမိကိုထောက်ခံမည့် ပြည်သူ ၁၀၀၀၀၀ အမှန်တကယ်ရှိပါက ပါတီဝင်ကြေးအဖြစ် လက်ဖက်ရည် တစ်ခွက်ဖိုးမျှသာရှိသော တစ်ဦးလျှင် ၁၀၀၀ ကျပ်နှုန်း ကောက်ခံရုံဖြင့် သိန်း ၁၀၀၀ ရရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲဝင်ရောက်မည့် အသုံးစရိတ်များကိုလည်း တစ်ဦးနှုန်းသက်သာစွာဖြင့် ကောက်ခံ ဝင်ရောက်နိုင်သည့် အားသာချက်များရှိပါသည်။ နိုင်ငံရေးပါတီငယ်များ အနေဖြင့် ပါတီခွဲများအဖြစ် ပြင်ဆင်ဖွဲ့စည်း၍ ယှဉ်ပြိုင်လိုသော တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း၊ ပြောင်းလဲကျင့်သုံးမည့် PR စနစ်အရ အချိုးကျလွှတ်တော်ကိုယ်စားလှယ် နေရာရရှိနိုင်ခြင်း စသည့်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါသည်။ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်ကို ပီပြင်စွာဖော်ဆောင်ပြီး ဥပဒေပြုရေးအပိုင်းတွင် သက်ဆိုင်ရာလွှတ်တော်များနှင့် အုပ်ချုပ်ရေးပိုင်း အစိုးရအဖွဲ့များတွင် “နိုင်ငံရေးပါတီအများစုမှ ကိုယ်စားလှယ်များ ပါဝင်လာနိုင်ရေး” အခွင့်အလမ်းများ ဖော်ဆောင်ပေးထားကြောင်း တွေ့ရှိရပါသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများ၏ ပြင်ဆင်ဖြည့်စွက်ချက်များအပေါ် ခြုံငုံသုံးသပ်ကြည့်ပါက နိုင်ငံရေးပါတီများအနေဖြင့် ယခုထက်ပိုမိုကျစ်လျစ်ခိုင်မာပြီး မဲဆန္ဒရှင်အများစု၏ စုစည်းအင်အားကို ကိုယ်စားပြုပြီး နိုင်ငံတော်အကျိုးသယ်ပိုးနိုင် စေရန် ရည်ရွယ်၍ ပြင်ဆင်ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်မည့်ပါတီများ၊ နိုင်ငံရေးပါတီအဖြစ် အသစ်တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆောင်ရွက်မည့် အစုအဖွဲ့များအနေဖြင့် စေတနာ အမှန်ဖြင့် နိုင်ငံတော်၏ရေရှည်အကျိုးကိုရည်ရွယ်၍ အသစ်ပြဋ္ဌာန်းထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများနှင့်အညီ နိုင်ငံအကျိုးကို သယ်ပိုးနိုင်စေရန်ဆန္ဒဖြင့် ရည်ရွယ်တင်ပြ အပ်ပါသည်။ ။
No comments:
Post a Comment