Saturday, March 18, 2023

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် မတ် ၁၈

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသော တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် စစ်တွေခရိုင်၊ ပေါက်တောမြို့ရှိ စိုးမဲကျီကျေးရွာသို့ရောက်ရှိရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် စိုးမဲကျီကျေးရွာရှိ ဓမ္မရက္ခိတစိုးမဲကျီ ကျောင်းတိုက်၌အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၆၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၆၇ ဦး၊ ခွဲစိတ်ရောဂါ ၂၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၄ ဦး၊ ကလေးရောဂါ ၃၄ ဦး၊ အရိုးရောဂါ ၁၂၀ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၄၈ ဦး၊ မျက်စိရောဂါ ၁၈၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၃ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၉ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၅၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၁ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၂ ဦးကို နီးစပ်ရာ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး ဆောင်ရွက်ပေးသည်။

ယင်းသို့‌ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်-

ကျွန်မတို့ရွာဆိုရင် မြို့တွေနဲ့လည်းဝေးပါတယ်။ ပြီးရင်ဒီရာသီဥတုအခြေအနေနဲ့ဆိုရင် အဆိုးဆုံး အခြေအနေမှာရင်ဆိုင်နေရတဲ့ ရွာတစ်ရွာလည်းဖြစ်ပါတယ်ရှင့်။ ဒီလိုမျိုး သံလွင်နယ်လှည့်ဆေးကုသင်္ဘောကြီး လာမယ်လို့ပြောတဲ့အချိန်မှာ ကျွန်မတို့အရမ်းဝမ်းသာပါတယ်။ လာမယ်လို့သတင်းကြားတာနဲ့ကို အရမ်းကိုဝမ်းသာနေတာပါ။ ဘာလို့ဆိုတော့ ဒီမှာက ကျွန်မတို့တစ်ခုခုရောဂါဖြစ်ပြီဆိုရင် မြို့နဲ့လည်း အလှမ်းဝေးတဲ့အတွက် ကုန်ကျစရိတ်တွေလည်း အကုန်လုံးအများကြီးများပါတယ်။ သံလွင်ယာဉ်ကြီးလာ မယ်လို့သတင်းကြားကတည်းက ကျွန်မအရမ်းဝမ်းသာတယ်။ ကျွန်မတို့ရွာသူရွာသားတွေလည်း ဝမ်းသာတယ်။ ပြီးရင် အနီးနားမှာရှိတဲ့ရွာတွေကလည်း အရမ်းကိုဝမ်းသာကြပါတယ်။ ဘာလို့ဆိုရင် ဒီမှာက အကုန်လုံးကုလို့ရတယ်လေ။ အကြောနဲ့ပတ်သက်တာကော၊ မျက်စိနဲ့ပတ်သက်တာကောပြီးရင် ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါဆိုရင်အကုန်လုံး ပြလို့ရတယ်။ ပိုပြီးတော့ပိုပြီးတော့ကောင်းတာက ဘာလဲဆိုရင် မျက်စိမမြင်ဘဲနဲ့ အများကြီးနေနေရတဲ့သူဆိုရင် ချက်ချင်းကိုခွဲစိတ်ပေးတယ်။ ဒီသံလွင်ယာဉ်ကြီးထဲမှာ ခွဲစိတ်ပေးတာဆိုတော့ပိုပြီးတော့အဆင်ပြေတယ်။ ဆေးလိုတဲ့သူတွေဆိုရင်လည်း ဆေးပေးတယ်။ ခွဲစိတ်ဖို့လိုမယ်ဆိုရင်လည်းခွဲစိတ်ပေးတယ်။ အဲ့ဒါတွေကအစ အရမ်းအရမ်းပဲပျော်မိပါတယ်။ အရမ်းလည်းပီတိဖြစ်မိပါတယ်။ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာတွေစီစဉ်ပေးလဲဆိုရင် ဒီစစ်ရေယာဉ်နဲ့ လာပြီးအခမဲ့ကုသပေးတယ်။ ဘယ်အရာမှကုန်စရာမရှိဘူး။ ပြီးရင်လူနာတွေကိုလည်း ထပ်ပြီးတော့ စားစရာတွေကိုလည်း အခမဲ့ကျွေးပေးတာမျိုးတွေရှိပါတယ်။ ဆေးခန်းဆိုရင်လည်း ခွဲစိတ်ခလုံးဝမကုန်ပါဘူး။ အကုန်လုံးကိုအခမဲ့ကုပေးပါတယ်။ အခုဆို ကိုယ်ဝန်ဆောင်တွေကို ဒီမှာကုသပေးတယ်လေ။ ဒီမှာ OG တွေလည်းပါတယ်လေ။ ကျန်းမာရေးအခက်အခဲတွေအကုန်လုံးကို ဒီသံလွင်ယာဉ်ကြီးကပဲ ဖြေရှင်းပေးတာလေ။ အဲ့ဒါကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လုပ်ပေးတဲ့‌ ကျေးဇူးတွေကြောင့်ပါ။ ပြည်သူ့ကလေးတွေသီချင်းဆိုလျှင်လည်း ရခိုင်ဘာသာနဲ့ ဆိုထားတယ်လေ။ ပြီးရင်ရခိုင်ဘာသာနဲ့ ပြည်သူ့ကလေးတွေကိုကြားရတယ်။ အဲ့ဒီအခါကျ ပိုပြီးတော့ဝမ်းသာတယ်။ ပိုပြီးတော့ရင်းနှီးသလို ခံစားရတယ်။ တစ်ထပ်တည်းပဲ ခံစားရတယ်ရှင့်။ အဲ့ဒါကိုလည်း ဘာနဲ့မှလဲလို့မရတဲ့ပီတိလည်းဖြစ်ပါတယ်ရှင့်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တကွ တပ်မတော်ကိုကော အကုန်လုံးကျေးဇူးတင်ပါတယ်ရှင့်။ တကယ်စိတ်ရင်းနဲ့ အရမ်းပဲကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက စိတ်ရှည်လက်ရှည်နဲ့ ကုသပေးတဲ့ ဆရာဝန်တွေကော အကုန်လုံးအဖက်ဖက် ကကူညီပေးတဲ့ ဌာနဆိုင်ရာအကြီးအကဲတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။ အရမ်းကို ကျေးဇူးတင်ပါတယ်ရှင့်။ တစ်သက်မှာတစ်ခါးမှ မလာဖူးဘူးလေ။ မလာသေးခင်ကလည်းပျော်တယ်။ လာလို့ပြီးရင်လည်း ထပ်ပြီးတော့လာစေချင်တယ်။ အမြဲတမ်းလာစေချင်တယ်။ အရမ်းကြိုဆိုတာရှင့်။ ကျွန်မတစ်ယောက်တည်း ကြိုဆိုတာမဟုတ်ပါဘူး။ ကျွန်မရွာကကော ရွာအနီးအနားက လူတွေကကော အကုန်လုံးကကြိုဆိုတာပါရှင့်။ နောက်လည်းလာခဲ့ဖို့ပြောချင်ပါတယ်ရှင့်။

ကျွန်တော်တို့အနေနဲ့ အတိုင်းအဆမရှိပျော်ရွှင်ပါတယ်။ လူကြီးတွေ ဒီကိုတကူးတကလာပြီးမှ ဆေးကုပေးတယ်ဆိုတော့ ဒီမှာအခက်အခဲတွေရှိတဲ့ ကျွန်တော်တို့ရွာသူ၊ ရွာသားတွေကို ကူညီပေးတာ ကျွန်တော်တို့ရွာသားတွေကိုယ်စား ကျွန်တော်ကအတိုင်းအဆမရှိပျော်ရွှင်မိပါတယ်။ တစ်ရွာလုံးလည်း ဒီလိုပါပဲ။ ကျေးဇူးလည်းအများကြီးတင်ပါတယ်။ ကျွန်တော်တို့ရွာက မြို့တွေနဲ့အလှမ်းဝေးတယ်။ နောက်ပြီး ဒီသဘာဝလေမုန်တိုင်းတွေကြောင့်၊ သဘာဝဒီရေတွေကြောင့် မသွားဖြစ်တဲ့ဟာတွေ၊ ကိုယ်ဝန်ဆောင်တွေဆိုရင် ဗိုက်နာလိုမွေးရမည့်ဟာတွေဆိုင် မမွေးခဲ့ရဘူး။ သွားရလာရတာလည်း ခက်ခဲတာကြောင့် မြို့ဆိုရင်လည်း သွားချင်ပေမဲ့ မသွားခဲ့ရတာ‌တွေလည်းရှိပါတယ်။ ကျွန်တော်တို့ကို အခုလိုလာပြီးတော့ ဒီကျန်းမာရေးအတွက်စောင့်ရှောက်ပေးတဲ့အတွက် အရမ်းကိုဝမ်းမြောက်ပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ကို ဒီလိုမျိုး ဆေးလာကုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က အလှမ်းဝေးတဲ့မြို့ဆေးခန်းတွေဆီလည်း မသွားနိုင်ဘူးလေ။ အဲ့လိုမသွားရတဲ့ဟာတွေကို ဒီမှာကအခုလိုလာရောက်ကုသပေးတဲ့အတွက် ဝမ်းသာစရာလည်းဖြစ်တယ်။ အခက်အခဲတွေလည်း မရှိတော့ဘူးလေ။ ကိုယ့်ရွာ၊ ကိုယ့်ဒေသမှာ ကိုယ့်ထမင်းကိုယ်စားရ တော့လေပိုပြီးအဆင်ပြေပါတယ်။ ဆရာတို့ရဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ ကုသပေးတဲ့ဆေးတွေကြောင့်လည်း ကျွန်တော်တို့အနေနဲ့အဆင်ပြေပါတယ်။ အဲ့ဒါကြောင့်ပိုပြီးတော့ ဝမ်းမြောက်မိပါတယ်။ အရင်ကတော့ဒီလိုမျိုး ဌာနဆိုင်ရာတွေ လာရောက်ကုသပေးတာလည်း ကျွန်တော်တို့မတွေ့ရဖူးပါဘူး။ နိုင်ငံတော်အကြီးအကဲရဲ့ ခွင့်ပြုချက်နဲ့ကျွန်တော်တို့ကို ဒီကျေးရွာထဲမှာ ဒီဌာနဆိုင်ရာအစုံကလာပြီးတော့ စေတနာရှိရှိနဲ့ကုသပေးတဲ့အတွက် ကျွန်တော်တို့ကျေးရွာသားတွေအနေနဲ့ အတိုင်းအဆမသိ မပြောပြတတ်လောက်အောင် ဝမ်းသာပီတိဖြစ်မိတယ်ဆိုတာပြောချင်ချင်ပါတယ်။ နိုင်ငံတော်အကြီးအကဲ ဘုန်းကြီးပါစေ။ အသက်ရှည်ပါစေ။ ပိုပြီးမှ ကျွန်တော်တို့ကိုကူညီပေးတဲ့အတွက် အရမ်းကျေးဇူးတင်ရှိပါကြောင်း ကျွန်တော်က တစ်ရွာလုံးကိုယ်စားပြောချင်ပါတယ်။ ဒီမှာရောက်ရှိလာတဲ့ ဌာနဆိုင်ရာအားလုံးနဲ့တကွ ဒီကဆရာ၊ ဆရာမတွေအကုန်လုံးကို ကျွန်တော်တို့ရွာသားတွေကိုယ်စား ကျွန်တော်က အရမ်းကိုပဲကျေးဇူးတင်ရှိပါတယ်။ လေးလည်းလေးစားပါတယ်။ ဂုဏ်လည်းယူပါတယ်လို့ပြောချင်ပါတယ်။

No comments:

Post a Comment