Wednesday, March 8, 2023

နည်းပညာအခြေခံသည့် ရေပေးဝေမှုစနစ်ဖြင့် စိုက်ပျိုးရေကို အကျိုးရှိစွာသုံးစွဲ

 


နိုင်ငံတော်တွင် အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးတို့ကို အကောင်အထည်ဖော်လျက်ရှိရာ သီးနှံစိုက်ဧက ၃၃ သန်းတွင် သီးထပ်၊ သီးညှပ်များစိုက်ပျိုးခြင်းဖြင့် ပိုမိုထုတ်လုပ်နိုင်ရန် အားပေးဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေးတွင် ရေသည်မရှိမဖြစ်အရေးပါသော သွင်းအားစုတစ်ခုဖြစ်သည့်အလျောက် အလဟဿမဖြစ်အောင် အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲနိုင်ရန် လိုအပ်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးခဲ့သည့်အတွက် ယခင်နှစ်ကာလတူထက် မိုးရေချိန်နည်းပါးသောကြောင့် အချို့သော ဆည်များအတွင်းသို့ ရေဝင်ရောက်မှုများ လျော့နည်းကြောင်း၊ ထို့ကြောင့် ဆည်ရေများကို စိုက်ပျိုး ရေးလုပ်ငန်းများ၌ သုံးစွဲရာတွင် ထိထိရောက်ရောက်ဖြင့် စနစ်တကျသုံးစွဲကြရန်လိုကြောင်း၊ ရေကို အဟောသိကံ သုံးစွဲခြင်းများ မပြုလုပ်ဘဲရေကို ချွေတာသုံးစွဲကြရန် လိုကြောင်း၊ လာမည့်နွေရာသီ၌ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး စသည့် မြေလတ် ဒေသများတွင် ရေရှားပါးမှုများဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ရေရရှိရေးအတွက် တာဝန်ရှိသူများက ကြိုတင်စဉ်းစားပြီး စီမံဆောင်ရွက်ထားကြရန်လိုကြောင်း” ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ရာ ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ကူးပြောင်း ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေကို ထိထိရောက်ရောက်သုံးစွဲရေး၊ အဟောသိကံမဖြစ်စေရေး၊ ချွေတာသုံးစွဲရေးတို့ကို အလေးဂရုပြုရတော့မည်ဖြစ်သည်။

စိုက်ပျိုးရေကို ရယူသုံးစွဲရာတွင် ဆည်မြောင်းစနစ်များမှရယူသည်ဖြစ်စေ၊ မြေအောက်ရေကို ထုတ်ယူသည်ဖြစ်စေ အလေအလွင့်မဖြစ်စေဘဲ လိုအပ်သလောက်ကိုသာရယူ၍ အကျိုးရှိရှိ ထိရောက်စွာသုံးစွဲနိုင်ရန် လိုအပ်သည်။ ရေကိုရယူရာတွင် အလေအလွင့်များပြားခြင်းဖြင့် စွမ်းအင်ပိုမိုသုံးစွဲရသည့်အတွက် ကုန်ကျစရိတ်ပိုမိုများပြားခြင်း၊ ရေ အရင်းအမြစ်ဆုံးရှုံးခြင်းအပါအဝင် ဆိုးကျိုးများဖြစ်ပေါ်နိုင်ရာ ရေချွေတာနိုင်ရေးအတွက် ကောင်းမွန်သည့် ရေပေးဝေစနစ်ကို ကျင့်သုံးရန်၊ မြေအစိုဓာတ်နှင့် မြေသား၏အရည်အသွေးတို့ ကောင်းမွန်အောင် ထိန်းသိမ်းရန်၊ သီးနှံတစ်မျိုးတည်းမစိုက်ဘဲ သီးလှည့်စိုက်ပျိုးရန် ပညာရှင်များက အကြံပြုထားသည်။

ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုပြောင်းလဲမှုနှင့်အတူ အဖိုးတန်ရေသယံဇာတများကိုလည်း တန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာသည်။ ယခုကဲ့သို့ ပူပြင်းခြောက်သွေ့သည့် ရာသီတွင် မိုးတွင်းကာလက ရေဝင်နည်းခဲ့သည့်ဆည်များ၊ မြေအောက်ရေချိုများ စသည်တို့ကို အလေအလွင့်မရှိသုံးစွဲနိုင်ရန် နည်းပညာအခြေခံသည့် ရေပေးဝေမှုစနစ်များဖြင့် အကျိုးရှိဆုံးသုံးစွဲကာ လယ်ယာကဏ္ဍကုန်ထုတ်လုပ်မှုမြင့်မားရေး ဆောင်ရွက်နိုင်ပါစေကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

No comments:

Post a Comment