Tuesday, March 7, 2023

လယ်ယာမြေကောင်းစေပြီး သီးနှံအထွက်တိုးစေဖို့ သဘာဝမြေဩဇာသုံးစွဲကြပါစို့

 


လယ်ယာစိုက်ပျိုးရေးတွင် သီးနှံများ အထွက်တိုးတက်စေရေးအတွက် မြေဆီလွှာသည် အလွန်အရေးကြီးသည်။ မြေဆီလွှာအာဟာရဓာတ်ပြည့်ဝမှသာ သီးနှံများ အထွက်တိုးမည်မှာ တောင်သူဦးကြီးများ သိရှိပြီးဖြစ်သည်။ သီးနှံများအထွက်တိုးစေရေးအတွက် မြေဆီလွှာပြုပြင်ရေးနည်းလမ်း ဆောင်ရွက်ကြရာတွင် မြေဩဇာများကို သုံးစွဲခြင်းသည်လည်း တစ်နည်းအပါအဝင်ဖြစ်သည်။ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုကြသော မြေဩဇာများကိုစနစ်တကျ ခွဲခြားကြည့်လျှင် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာဟူ၍ သုံးမျိုးတွေ့ရှိနိုင်သည်။ ဓာတ်မြေဩဇာများကို သုံးစွဲခြင်းသည်အပင်ကြီးထွားမှု၊ သီးပွင့်မှုစသည့်အပင်ဇီဝကမ္မဖြစ်စဉ်များကို ချက်ချင်းအကျိုးဖြစ်ထွန်းစေသော်လည်း ရေရှည်သုံးစွဲပါက မြေဆီလွှာပျက်စီးမှုကို ဖြစ်ပေါ်စေပါသည်။ ဇီဝမြေဩဇာ(ရိုင်ဇိုဘီယံ)သည် သီးနှံအမျိုးအစားအလိုက်၊ မြေအမျိုးအစားအလိုက် ထည့်သွင်းအသုံးပြုရသော မြေဩဇာအမျိုးအစားဖြစ်သည်။ အပင်နှင့်တိရစ္ဆာန်တို့၏ ရုပ်ကြွင်းနှင့်အညစ်အကြေးများကို သဘာဝမြေဩဇာအဖြစ် ရှေးယခင်ကတည်းကပင် သီးနှံစိုက်ပျိုးရာတွင် အသုံးပြုခဲ့ကြပြီး ရေရှည်တည်တံ့သော သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် ဆက်လက်အသုံးပြုသင့်သော မြေဩဇာအမျိုးအစား ဖြစ်သည်။

သဘာဝမြေသြဇာတွင် နွားချေးအပါအဝင် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ သီးနှံအကြွင်းအကျန်၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ နှမ်းဖတ်၊ ပဲဖတ်၊ အရိုးမှုန့်၊ သစ်စိမ်းမြေဩဇာတို့ ပါဝင်သည်။ သဘာဝမြေဩဇာများကို အခြားပြည်ပနိုင်ငံများတွင်လည်း အသုံးပြုလျက်ရှိပြီး ဓာတ်မြေဩဇာ ဈေးနှုန်း ကြီးမြင့်ခြင်း၊ ဓာတ်မြေဩဇာများ အသုံးပြုမှုများလာ သည့်အတွက် မြေဆီလွှာတွင် မြေဆီသြဇာ ခန်းခြောက်လာခြင်း၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေခြင်းတို့ကြောင့် ဘေးအန္တရာယ်ကင်းသော သီးနှံစိုက်ပျိုး ထုတ်လုပ်မှု အတွက် သဘာဝမြေဩဇာများကို တွင်တွင် ကျယ်ကျယ် အသုံးပြုလာကြသည်။

သဘာဝမြေသြဇာတွင် အာဟာရဓာတ် ပါဝင်မှု မှာ ဓာတ်မြေဩဇာထက်နည်းပါးသော်လည်း သီးနှံများလိုအပ်သော အာဟာရဓာတ်စုံများပါဝင်ပြီး ရေရှည်မြေဆီလွှာပြုပြင်ရာတွင် ပိုမိုကောင်းမွန်စေ သော မြေဩဇာအမျိုးအစား ဖြစ်သည်။ သဘာဝမြေဩဇာသည် မြေဆီလွှာ၏ ရူပ၊ ဓာတုနှင့်ဇီဝဂုဏ်သတ္တိများကို ပိုမိုကောင်းမွန်တိုးတက်စေသည်။ မြေဆီလွှာအတွင်း သဘာဝမြေဆွေးပါဝင်မှု ပမာဏများပါက မြေဆီလွှာအရောင်သည် မည်းမှောင်နက်ခြင်း၊ ရေစိမ့်ဝင်နိုင်မှုကောင်းခြင်း၊ မြေသားဖွဲ့စည်းမှု ပိုမိုကောင်းမွန်ခြင်းနှင့် မြေသင်းနံ့ကောင်းခြင်းတို့ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် သဘာဝမြေဩဇာများကို စနစ်တကျနှင့် နည်းလမ်းမှန်ကန်စွာ အသုံးပြုနိုင်လျှင် မြေဆီလွှာကောင်းမွန်ပြီး သီးနှံအထွက်နှုန်းတိုးမည်မှာ ဧကန် အမှန်ပင် ဖြစ်သည်။

သဘာဝမြေသြဇာကို ဘယ်လို သုံးမလဲ

တောင်သူအများစုမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် သဘာဝမြေဩဇာအဖြစ် နွားချေးကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြပြီး အချို့သော တောင်သူဦးကြီးများမှာ နွားချေးသီးသန့်အသုံးပြုကြပြီး အချို့သောတောင်သူများမှာ နွားချေးကို သီးနှံအကြွင်းအကျန်များနှင့် ရောနှောအသုံးကြသည်။ နွားချေးများကို စုဆောင်းသည့် နည်းလမ်းနှစ်မျိုးကိုတွေ့ရပြီး ပထမနည်းမှာနွားများ အိပ်စက်အနားယူနိုင်သော အကျယ်အဝန်းအတိုင်း ကျင်းတူးထားပြီး နွားများစွန့်ပစ်သမျှ ကျင်ကြီး၊ ကျင်ငယ်များ စိုစွတ်ပြီးဗွက်ထလာသည့် အခါတိုင်း အောက်ခင်းများ ထပ်ဖြည့်ခင်းကာ စုဆောင်းသည့်နည်း ဖြစ်ပါသည်။ ဒုတိယနည်းမှာကျင်းကို နွားအောက်တွင်မထားဘဲ သင့်လျော်သော သီးခြားနေရာတွင် အမိုးနှင့်ထားရ၍ နွားချေးများကို နေ့စဉ် နွားတင်းကုပ်မှ သယ်ယူပြီး ကျင်းထဲသို့ထည့်ပေးကာ စုဆောင်းသော နည်းဖြစ်သည်။

နွားချေးမြေဩဇာကို အသုံးပြုသည့်အခါ အရေးအကြီးဆုံး အထူးဂရုစိုက်ရမည့်အချက်မှာ နွားချေးသည် “အေး” ရမည်ဖြစ်သည်။ နွားချေး “အပူ” ကို စိုက်ခင်းထဲတွင် မထည့်ရပါ။ ဆိုလိုသည်မှာ နွားချေးသည် ကောင်းစွာဆွေးမြည့်နေရမည်ဟု ဆိုလိုပါသည်။ နွားချေး “အပူ” သည် နွားများ ချက်ချင်းယိုထားသော ပူပူနွေးနွေးချေးနှင့် တင်စား ပြောထားခြင်းသာဖြစ်ပြီး မဆွေးမြည့်သော နွားချေးကို ဆိုလိုပါသည်။ ကောင်းစွာ မဆွေးမြည့်သော နွားချေးများကို သီးနှံစိုက်ပျိုးမြေများတွင်အသုံးပြုလျှင် ဆွေးမြည့်ခြင်းဖြစ်စဉ်မှထွက်ရှိသော အော်ဂဲနစ် အက်စစ်များသည် အပင်ကို အဆိပ်အတောက်ဖြစ်စေ နိုင်သည်။ ထို့ပြင် အဏုဇီဝပိုးများသည် အာဟာရဓာတ်များကို ပြိုင်တူစုပ်ယူစားသုံးသည့်အတွက် သီးနှံပင်များအတွက် လိုအပ်သော အာဟာရဓာတ်များကို အလုံအလောက် မရရှိနိုင်ပါ။ ထို့ကြောင့် ကောင်းစွာဆွေးမြည့်သော နွားချေးကိုသာ စိုက်ခင်း ထဲတွင် အသုံးပြုရန် အလွန်အရေးကြီးသည်။

အသုံးပြုသောနွားချေးသည် ကောင်းစွာဆွေးမြည့်လျှင် နွားချေးတွင်ပါဝင်သော အာဟာရ ဓာတ်များကို အပင်သည် စားသုံးနိုင်သည့်အပြင် ဆွေးမြည့်သော နွားချေးသဘာဝမြေဩဇာမှ ထွက်ပေါ်လာသော အက်စစ်ဓာတ်ကြောင့် အပင်စားသုံးရန်ခက်ခဲသော သံဓာတ်၊ မန်ဂနိစ်ဓာတ်နှင့် ဖော့စဖိတ်ဓာတ်များကို အပင်သည်အလွယ်တကူ စားသုံးနိုင်သည်။ ထို့ကြောင့် နွားချေးမြေသြဇာများကို ကောင်းစွာဆွေးမြည့်အောင် ပြုလုပ်ပြီးမှသာ သုံးစွဲသင့်သည်။

ဘာ့ကြောင့် သဘာဝမြေဩဇာကို သုံးသင့်တာလဲ

ကောင်းစွာဆွေးမြည့်သော သဘာဝမြေဩဇာများကို အသုံးပြုလျှင်စေးသောမြေကို ဖွယ်စေပါ သည်။ သဲဆန်လွန်းသောမြေကို သိပ်သည်းစေသည်။ ရေအစိုဓာတ်ကို ပိုမိုထိန်းသိမ်းထားနိုင်သည်။ မြေထဲတွင် လေဝင်လေထွက်ကောင်းမွန်စေနိုင်သလို အပူအအေးကိုလည်း မျှတအောင် ထိန်းထားပေးနိုင် ပါသည်။ ထို့ပြင် အာဟာရဓာတ်များကို အမြစ်မှ အလွယ်တကူစုပ်ယူစားသောက်နိုင်သည်။ အရေးအကြီးဆုံးအချက်မှာ မြေဆီလွှာအတွင်းရှိ သဘာဝမြေဆွေး (သို့) မြေဆီဩဇာဓာတ်ကို ဖြည့်တင်းပေးရုံမျှမက ရေရှည်ကာလတွင် မြေဆီလွှာ အာဟာရဓာတ်များကို ထိန်းသိမ်းထားနိုင်ပါသည်။ ဤအချက်သည် ကုန်ကျစရိတ်များပြီး အပင်အတွက်အာဟာရဓာတ် တစ်မျိုးတည်းသာ ဖြည့်ပေးနိုင်သော ဓာတ်မြေဩဇာများထက် ပိုမိုကောင်းမွန်သောအဓိက အားသာချက်ဖြစ်သည်။

တောင်သူအများစုအသုံးပြုနေကြသည့် ပုလဲမြေဩဇာဟုခေါ်သည့် ယူရီးယားဓာတ်မြေဩဇာကို အသုံးပြုလျှင် နိုက်ထရိုဂျင်ဓာတ်အာဟာရတစ်မျိုး တည်းကိုလည်းကောင်း၊ တီစူပါကိုအသုံးပြုလျှင် ဖော့စဖောရပ်ဓာတ် တစ်မျိုးတည်းကိုလည်းကောင်း၊ ပိုတက်ရှ်ကိုအသုံးပြုလျှင် ပိုတက်ဆီယမ်ဓာတ် တစ်မျိုးတည်းကိုလည်းကောင်း အသီးသီးရရှိစေ မည်ဖြစ်သည်။ အလားတူပင် ကွန်ပေါင်းမြေဩဇာ အသုံးပြုလျှင်လည်း အာဟာရဓာတ်သုံးမျိုး၊ လေးမျိုးသာ ရရှိနိုင်မည်ဖြစ်သော်လည်း သဘာဝမြေဩဇာကို အသုံးပြုခြင်းဖြင့် သီးခြားဝယ်ယူစရာ မလိုဘဲ အာဟာရဓာတ်စုံပါဝင်ပြီး တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တွင် အလွယ်တကူ ရရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့မွေးမြူထားသော နွားများကိုစနစ်တကျ မွေးမြူပြီးနွားချေးများကိုစနစ်တကျ သိမ်းဆည်းသိုလှောင်ထားသည့် အလေ့ အကျင့်မျိုး မွေးမြူနိုင်လျှင်လည်း များစွာအကျိုးထူး လှပေသည်။

သဘာဝမြေဩဇာများသည် အာဟာရဓာတ် တစ်မျိုးချင်းစီအနေဖြင့် ပါဝင်မှုနည်းပါးသော်လည်း အပင်မှလိုအပ်သည့် အာဟာရဓာတ်ပါဝင်မှုကို စုံလင်စွာ ပေးစွမ်းနိုင်ပါသည်။ တွေ့ရှိချက်များအရ နွားတစ်ကောင်သည် တစ်နေ့လျှင် နွားချေးအစို ၄၀ နှင့် အခြောက် ၁၂ ကီလိုဂရမ် ထွက်ရှိသည့်အတွက် နွားအကောင်တစ်ရာမွေးထားပါက တစ်နေ့လျှင် နွားချေး ၁ ဒသမ ၂ တန် ရရှိနိုင်မည်ဖြစ်ပြီး တစ်နှစ် လျှင် နွားချေး ၄၃၈ တန် ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် နွားချေးတစ်တန် (၁၀၀၀ ကီလိုဂရမ်) ကို စိုက်ပျိုးမြေဆီ လွှာများတွင် ထည့်သွင်းခြင်းဖြင့် နိုက်ထရိုဂျင် ၂ ဒသမ ၄၂ ကီလိုဂရမ်၊ ဖော့စဖိတ် ၆ ဒသမ ၆၀ ကီလိုဂရမ်၊ ပိုတက်ရှ် ၃ ဒသမ ၄၃ ကီလို ဂရမ်နှင့် အော်ဂဲနစ်မြေဆွေး ၁၈၁ ဒသမ ၃၄ ကီလို ဂရမ် ရရှိနိုင်မည်ဖြစ်ပါသည်။

စိုက်ပျိုးရေးကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော သီးနှံစိုက်ပျိုး ထုတ်လုပ်သူ များအနေဖြင့် စိုက်ပျိုးသည့် သီးနှံအထွက်နှုန်းတိုးမှသာ ဝင်ငွေကောင်းပြီး လူနေမှုဘဝ မြင့်မားနိုင်ပေမည်။ ထိုသို့ သီးနှံအထွက်တိုးရေး လုပ်ဆောင်ရာတွင် ဓာတ်မြေသြ ဇာတစ်မျိုးတည်းကို နှစ်စဉ်ဆက်တိုက် အသုံးပြုလျှင် မြေဆီလွှာ၏ အရည်အသွေးသည် တဖြည်းဖြည်းကျဆင်းလာပြီး သီးနှံပင်အတွက် လိုအပ်သောအာဟာရဓာတ် လျော့နည်းလာခြင်းဖြင့် အပင်ဖြစ်ထွန်းမှုကိုထိခိုက်ကာ အထွက်နှုန်းလျော့ နည်းလာနိုင်သည်။ ထို့ကြောင့် သဘာဝမြေဩဇာများကို မဖြစ်မနေသုံးစွဲရပေလိမ့်မည်။ အလားတူ ယနေ့ခေတ်တွင် ဓာတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် စိုက်ပျိုးသော လယ်ယာသီးနှံအချို့နှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများတွင် ဓာတ်ကြွင်း အာနိသင်ပါဝင်မှု လျှော့ချနိုင်ရေးတို့အတွက် နွားချေးမြေဩဇာအသုံးပြုရန် အထူးပင် လိုအပ် လာသည်။

အလားတူမြန်မာနိုင်ငံတွင် မွေးမြူရေးလုပ်ငန်း များမှ အများဆုံးထွက်ရှိနေသော ကြက်ချေး၊ ဝက်ချေး၊ ဆိတ်ချေးတို့ကို နွားချေးမြေဩဇာကဲ့သို့ သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ပါသည်။ လေ့လာတွေ့ရှိချက်များအရ ကြက်အကောင်တစ်ရာ မှ တစ်ရက်လျှင် ကြက်ချေး ၀ ဒသမ ၀၃ တန်၊ ဝက် နှင့် ဆိတ်မှ ၀ ဒသမ ၀၉ တန်ခန့်ရရှိနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင်ကြက်ချေး ၁၀ ဒသမ ၉၅ တန်နှင့် ဝက်နှင့်ဆိတ်ချေး စုစုပေါင်း ၃၂ ဒသမ ၈၂ တန် ရရှိနိုင်မည် ဖြစ်ပါသည်။ ကြက်ချေး၊ ဝက်ချေးစသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများသည် ဗက်တီးရီးယား၊ မှိုနှင့် ဗိုင်းရပ်စ်များ ကပ်ပါးပရိုတိုဇိုဝါးများ၊ ပဋိဇီဝ ပိုးသတ်ဆေးများနှင့် ပဋိဇီဝယဉ်ပါးသော ရောဂါ ပိုးမွှားများ၊ အန္တရာယ်ရှိစေနိုင်သော ဓာတ်ကြွင်း များ၊ 17β estradiol နှင့် testosterone ဟော်မုန်း များဖြစ်သော အီစထရိုဂျင်နှင့် ဒိုင်အောက်ဇင် furans polychlorinated biphenyls နှင့် poly-cyclic aromatic hydrocarbons ကဲ့သို့သော ပိုးသတ်ဆေးများ ပါဝင်နိုင်သဖြင့် ကြက်ချေး၊ ဝက်ချေးတို့ကို အခြေပြုသော မြေဩဇာများကို အသုံးပြုမည်ဆိုပါက လူနှင့်သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် သတိပြုသုံးစွဲသင့်ပါသည်။

ထို့ကြောင့် စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးကိုပါ တွဲဖက် လုပ်ကိုင်ပါက မွေးမြူရေးမှ ဝင်ငွေရရှိမည့် အပြင် မွေးမြူရေးမှထွက်သော စာမျက်နှာ ၁၆ မှ

တိရစ္ဆာန်ချေးများကို သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် စိုက်ပျိုးရေးအတွက်လည်း များစွာအထောက်အကူ ပြုနိုင်ပါသည်။ သို့ရာတွင် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုးမြေဆီလွှာများတွင် သဘာဝမြေဩဇာအဖြစ် အသုံးပြုရာတွင် စနစ်တကျအသုံးပြုရန်နှင့် ကောင်းစွာဆွေးမြည့် ပြီးမှသာ အသုံးပြုရန် လိုအပ်ပါသည်။

သို့ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာနသည် လယ်ယာထွက်သီးနှံ အကြွင်းကျန်များ၊ နွားချေး များကို သဘာဝမြေဩဇာအဖြစ် စနစ်တကျပြုလုပ် သုံးစွဲနိုင်ရေး၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း၊ ဓာတ်မြေဩဇာများကို စနစ်တကျ၊ အချိန်ကိုက်၊ အချိုးညီအသုံးပြုနိုင်ရေးနှင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအတွက် ပညာပေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါသည်။

အချုပ်အားဖြင့်ဆိုသော် သဘာဝမြေဩဇာများသည် လယ်ယာလုပ်ငန်းခွင်တွင် အလွယ်တကူရရှိနိုင်ခြင်း၊ ဈေးနှုန်းသက်သာစွာဖြင့်ရရှိနိုင်ခြင်း၊ မြေဆီလွှာအတွက် မြေဆီဩဇာဓာတ်ကို ရေရှည်ထိန်းသိမ်းထားနိုင်ခြင်း၊ မြေဆီဩဇာထက်သန်ခြင်းနှင့် သီးနှံများအထွက်နှုန်း တိုးတက်စေရုံသာမက သီးနှံအရည်အသွေးပါ တိုးတက်စေခြင်း တို့ကြောင့် တောင်သူဦးကြီးတို့ဘဝမြင့်မားစေဖို့ သဘာဝမြေဩဇာကို ပိုမိုသုံးစွဲသင့် ပါကြောင်း နှိုးဆော်တိုက်တွန်းအပ် ပါသည်။ ။

No comments:

Post a Comment