တောင်ကြီး မတ် ၆
(၇၄)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို မတ်(၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်း၌ ကျင်းပသည်။ အခမ်းအနားတွင် ပအိုဝ်းတိုင်းရင်းသားများက ပအိုဝ်းအမျိုးသားအလံအား သယ်ဆောင်၍ အလံတင်ပြီး အလေးပြုကြသည်။
ဆက်လက်၍ (၇၄)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဂုဏ်ပြုစကားပြောကြားရာ ပအိုဝ်းအမျိုးသားနေ့ကို နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိရာ ယနေ့ထိ (၇၄)ကြိမ်မြောက် ရောက်ခဲ့ပြီဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားနေ့ကို သာမန်ကျင်းပခြင်းမျိုးမဟုတ်ဘဲ ပိုမိုကျယ်ပြန့်သစ်လွင်သည့် အဓိပ္ပာယ်နှင့် အနှစ်သာရကို ဆောင်ယူမည့် နေ့ထူးရက်မြတ်အဖြစ် ပြောင်းလဲကျင်းပလာသည်ကို တွေ့ရှိရပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ပအိုဝ်းတိုင်းရင်းသား ဒေသခံများအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုရလဒ်အသီးအပွင့်များကို ခံစားနေသည်ကိုလည်း များစွာ ဝမ်းမြောက်ဝမ်းသာဖြင့် တွေ့မြင်နေရပြီဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းလုံးညီညွတ်စွာနေထိုင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများသည် မိမိတို့၏ ဘာသာဓလေ့ထုံးစံများကို အမြတ်တနိုး ကျင့်သုံးလိုက်နာ စောင့်ထိန်းနေထိုင်ကြသည့်အတွက် တိုင်းရင်းသားအားလုံး၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့ထုံးစံများကို တိုင်းရင်းသားပြည်သူအပေါင်းက ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဝဏ္ဏကျော်ထင်ဦးအောင်ခမ်းထီထံမှ
ပေးပို့သော သဝဏ်လွှာကို ပအိုဝ်းစာပေယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးခွန်မင်းကျော်က
ဖတ်ကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ (၇၄)နှစ်မြောက်ပအိုဝ်းအမျိုးသားနေ့ ပွဲတော်အတွက်
အလှူဒါန်းငွေကျပ်သိန်း(၁၀၀)ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ
အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးခွန်ဝင်းကိုမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပွဲတော်တက်ရောက်လာကြသော
ပအိုဝ်းတိုင်းရင်းသား၊ တိုင်းရင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း
သိရှိရသည်။
မောင်မောင်သန်း
(တောင်ကြီး)
No comments:
Post a Comment