(၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်)
အားလုံးမင်္ဂလာပါ
ဒီနေ့ ကျင်းပပြုလုပ်တဲ့ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြ ပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သ အပ်ပါတယ်။
ကမ္ဘာ့လူဦးရေရဲ့
ထက်ဝက်ကျော်မျှရှိတဲ့ အမျိုးသမီးများဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အဓိကကျတဲ့ အင်အားစုကြီးဖြစ်ပြီး
အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်နိုင်မှုတွေကို ပိုမိုအာရုံစိုက်မိလာစေဖို့နဲ့
အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အလေးထား အကောင်အထည် ဖော်နိုင်စေဖို့ ရည်ရွယ်ပြီး
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်ကျင်းပကြပါတယ်။
ကုလသမဂ္ဂက အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပနိုင်ရေး ဆောင်ပုဒ်များကို နှစ်စဉ်ချမှတ်ပေးလျက်ရှိရာ ယခု ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆောင်ပုဒ်ကတော့ “ကျားမတန်းတူညီမျှဖို့ နည်းပညာနဲ့ ဆန်းသစ်စို့” (Digit ALL: Innovation and technology for gender equality) ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ရဲ့ ဆိုလိုချက်ကတော့ စီးပွားရေးနဲ့ လူမှုရေးအပေါ် မညီမျှမှုများပိုမိုဖြစ်ပွားစေတဲ့ ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍမှာ ကျားမကွာဟမှုဆိုင်ရာ သက်ရောက်မှုများကို စူးစမ်းလေ့လာခြင်းဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ကဏ္ဍ မှာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များရဲ့ အခွင့်အရေးတွေကို ကာကွယ်ခြင်းနဲ့ အွန်လိုင်းနဲ့ နည်းပညာဆိုင်ရာ ကျားမအခြေပြု အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြခြင်းပဲ ဖြစ်ပါတယ်။
အမျိုးသမီးများနဲ့
ထိခိုက်လွယ်တဲ့ အုပ်စုများကို နည်းပညာလက်လှမ်းမီ ရရှိစေခြင်းဟာ အမျိုးသမီးများရဲ့ လိုအပ်ချက်တွေကို
ဖြည့်ဆည်းပေးခြင်းဖြစ်သလို ကျားမတန်းတူညီမျှမှုကို ပိုမိုမြှင့်တင်ပေးဖို့အတွက် အသိပညာနဲ့
ဆန်းသစ်တီထွင်မှုများကို ပေးနိုင်တဲ့ အလား အလာကောင်းတွေကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။
နည်းပညာကဏ္ဍမှာ အမျိုးသမီးများပါဝင်နိုင်မှုမရှိခြင်းဟာ ကုန်ကျစရိတ်ပိုမိုများပြားစေပါတယ်။
UN Women’s Gender Snapshot 2022 အစီရင်ခံစာအရ ဒစ်ဂျစ်တယ်ကမ္ဘာကနေ အမျိုးသမီးတွေကို
ဖယ်ထုတ်ခြင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဝင်ငွေနိမ့်ကျတဲ့ နိုင်ငံများနဲ့ အလယ်အလတ်ဝင်ငွေရှိတဲ့
နိုင်ငံများရဲ့ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုးရဲ့ အမေရိကန် ဒေါ်လာ ၁ ထရီလီယံကို
ဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။ အဲဒီကိစ္စအပေါ် ဘယ်လိုဆောင်ရွက်ချက်မှ လုပ်မပေးနိုင်ဘူးဆိုရင်
၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ ဆုံးရှုံးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
ဒီလိုမဖြစ်စေဖို့အတွက် အွန်လိုင်းအကြမ်းဖက်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့
လိုအပ်မှာဖြစ်ပြီး နိုင်ငံပေါင်း ၅၁ နိုင်ငံရဲ့ လေ့လာမှုတစ်ခုအရ အမျိုးသမီး ၃၈ ရာခိုင်နှုန်းဟာ
အွန်လိုင်းအကြမ်းဖက်မှု များကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရကြောင်းနဲ့ ကိုဗစ်-၁၉ ကာလအတွင်း
အွန်လိုင်းပေါ်မှာ အချိန်ပိုမိုသုံးစွဲခဲ့တဲ့ အမျိုးသမီးတွေအနေနဲ့ အွန်လိုင်းနဲ့ သတင်းအချက်အလက်
နည်းပညာဆိုင်ရာများမှာ အကြမ်းဖက်ခံရမှု တိုးမြင့်လာကြောင်း လေ့လာမှုအစီရင်ခံစာမှာ ဖော်ပြထားတာ
တွေ့ရှိရပါတယ်။
ဒါပေမယ့် တစ်ဖက်မှာတော့
ဒစ်ဂျစ်တယ်နည်းပညာတိုးတက် ပြောင်းလဲလာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အခွင့်အလမ်းများဟာ
ကျားမဆိုင်ရာ မညီမျှမှုတွေကို ဆက်လက်တည်မြဲစေနိုင်တာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်းနဲ့
ဒစ်ဂျစ်တယ်ဆိုင်ရာ ကျားမခွဲခြားမှုရဲ့ ရလဒ်အနေနဲ့ အမျိုးသမီးများနောက်ကျ ကျန်ရစ်ခဲ့မှုနဲ့အတူ
နည်းပညာ လက်လှမ်းမီရရှိမှုနဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်များမှာ
ကျားမရေးရာ မညီမျှမှုများဟာ မြင့်မားလျက်ရှိတာကိုလည်း
အဆိုပါ လေ့လာမှုစစ်တမ်းမှာ ဖော်ပြထားတာ တွေ့ရှိရတဲ့အတွက် ဒီအချက်တွေကို သတိထားကြဖို့
လိုအပ်ကြောင်းမှာကြားလိုပါတယ်။
ကျားမတန်းတူညီမျှရေးအတွက်
နိုင်ငံအလိုက် ဘယ်လိုပဲ အမျိုးသမီးအခွင့်အရေးကို ပြည့်ဝအောင်ဆောင်ရွက်ပေးနေတယ်၊ အမျိုးသမီးတွေဟာ
အခွင့်အရေးတွေ တန်းတူညီမျှရနေတယ် ဆိုပေမယ့် နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုတွေ၊
ကျင့်သုံးနေကြတဲ့ အစဉ်အလာ ရိုးရာဓလေ့ထုံးစံတွေအရ ကျားမတန်းတူညီမျှရေးမှာ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပြီး
ပြောင်းလဲခြင်းမပြုနိုင်သေးတဲ့ အတားအဆီးတွေလည်း ရှိနေဆဲပဲဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။
သတင်းအချက်အလက်နည်းပညာခေတ်
(Information Age) ကာလဟာ ၁၉၉၀ ပြည့်နှစ်ကစခဲ့တာဖြစ်ပြီး ကွန်ပျူတာနည်းပညာနဲ့အတူ သိပ္ပံနဲ့နည်းပညာနဲ့
သတင်းအချက်အလက်နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတာကြောင့် ကဏ္ဍအသီးသီးမှာများစွာ
အထောက်အပံ့ပြုနေတာကို တွေ့မြင်နိုင်မှာလည်း ဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာ ဒစ်ဂျစ်တယ်နည်းပညာလျင်မြန်စွာ
ဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာမှု၊ ကျယ်ပြန့်စွာချိတ်ဆက်အသုံးပြုလာမှုတို့ကြောင့် ဒစ်ဂျစ်တယ်နည်းပညာများကနေတစ်ဆင့်
သတင်း အချက်အလက်များ ရရှိခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများရရှိခြင်း၊
အသိပညာဗဟုသုတများ လေ့လာသင်ယူနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပြီး၊ လူတွေရဲ့
နေ့စဉ်ဘဝတွေမှာ များစွာအထောက်အကူပြုစေပါတယ်။ ဒီလိုနည်းပညာဆိုင်ရာ အကျိုးကျေးဇူး များကိုရရှိပြီး
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ဆီကို ကျားမတန်းတူ ညီမျှစွာ အရောက်လှမ်းနိုင်ဖို့အတွက်
တီထွင်ဆန်းသစ်မှု၊ နည်းပညာနဲ့ ဒစ်ဂျစ်တယ်အသိပညာဆိုင်ရာ ကျားမရေးရာ အလေးထားချဉ်းကပ်မှုနဲ့
မြှင့်တင်ဆောင်ရွက်ဖို့၊ နည်းပညာလက်လှမ်းမီ ရရှိဖို့၊ နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ
ဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနက မကြာသေးမီက ရေးဆွဲထားရှိတဲ့ “သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)”
ရဲ့ အခန်း(၅) “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊
အဆင့်မြင့်သိပ္ပံနှင့် နည်းပညာကဏ္ဍ” မဏ္ဍိုင်(၁) “အခွင့်အလမ်းနှင့် လူတိုင်းအကျုံးဝင်မှု” မှာ ကျားမရေးရာထည့်သွင်းဆောင်ရွက်ထားတဲ့
မူဝါဒကို ရေးဆွဲထားတာတွေ့ရှိရမှာ ဖြစ်ပါတယ်။ အဆိုပါ မဟာဗျူဟာစီမံကိန်းကို နိုင်ငံတော်ရဲ့
မူဝါဒနဲ့အညီ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (National Comprehensive
Development Plan-NCDP) နဲ့ ချိတ်ဆက် ရေးဆွဲထားတာ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ
လိုအပ်နေတဲ့ လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာဖွံ့ဖြိုးမှုသင်တန်းများနဲ့ နည်းပညာမြှင့်တင်ရေးသင်တန်းများကို
ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းသားများခေါ်ယူရာမှာ သတ်မှတ် အရည်အချင်းများနဲ့ ကိုက်ညီပါက
ကျားမခွဲခြားမှုမရှိဘဲ တန်းတူညီမျှတဲ့ အခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးနေတာကို တွေ့ရမှာဖြစ်ပါတယ်။
နည်းပညာတက္ကသိုလ်တွေနဲ့ ကွန်ပျူတာတက္ကသိုလ်တွေမှာ အမျိုးသမီး တက်ရောက်မှုရာခိုင်နှုန်းဟာ
၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ထိ ၄၀ ရာခိုင်နှုန်းသာ တက်ရောက်ခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ်မှာ
၄၈ ရာခိုင်နှုန်း တက်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။
အမျိုးသမီးများအနေနဲ့
နည်းပညာလက်လှမ်းမီရရှိပြီး ဒီဂျစ်တယ် နည်းပညာကျွမ်းကျင်တဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို
လက်လှမ်းမီ အသုံးပြုနိုင်မယ်ဆိုရင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ပိုမိုလုပ်ကိုင်လာနိုင်မှာဖြစ်ပြီး
ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများအား မှီခိုမှု ကင်းစွာဆောင်ရွက်လာနိုင်မှာ ဖြစ်တာကြောင့်
မိမိတို့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို နိုင်ငံရဲ့စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အကျိုးသက်ရောက်လာစေမှာ ဖြစ်ပါတယ်။
ဆန်းသစ်တဲ့ နည်းပညာများတိုးတက်လာခြင်းဟာ
ကောင်းကျိုးတွေကို ဖြစ်ပေါ်လာစေသလိုတစ်ဖက်မှာလည်း နည်းပညာကို အသုံးပြုပြီး အမျိုးသမီးများအပေါ်
ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများ၊ အွန်လိုင်းကနေတစ်ဆင့် နှောင့်ယှက်မှုများ၊ ခြိမ်းခြောက်မှုများ၊
အွန်လိုင်းကနေတစ်ဆင့် အကြမ်းဖက်မှုများနဲ့ ရာဇဝတ်လုပ်ငန်းများလုပ်ကိုင်ရန် အတင်းအကြပ်ခိုင်းစေမှုတို့လည်း
ရှိနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စုများရဲ့
၈၆ ရာခိုင်နှုန်းခန့်မှာ အနည်းဆုံးလက်ကိုင်ဖုန်းတစ်လုံးပိုင်ဆိုင်ပြီး အင်တာနက်အသုံးပြုမှုနဲ့
ပတ်သက်ပြီးတော့လည်း တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများရဲ့ ၅၆ ရာခိုင်နှုန်းဟာ အိမ်မှာအင်တာနက်အသုံးပြုလျက်ရှိပြီး၊
မြို့ပြမှာ ၇၄ ဒသမ ၇ ရာခိုင်နှုန်း နဲ့ ကျေးလက်မှာ ၄၈ ဒသမ ၈ ရာခိုင်နှုန်းရှိတာကို
တွေ့ရှိရပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ နောက်ပိုင်းကာလတွေမှာ ဒီရာခိုင်နှုန်းထက် ပိုမိုများလာနိုင်မယ်လို့
ခန့်မှန်းရနိုင်ပါတယ်။ ယနေ့ခေတ်မှာ ကျောင်းနေတဲ့ အရွယ်ကစပြီး ကလေးတိုင်းဟာ လက်ကိုင်ဖုန်းကို
ကိုင်တွယ်ရင်းနှီးနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ကလေး၊ လူငယ်၊
အမျိုးသမီးငယ်ရွယ်အများစုဟာ လက်ကိုင်ဖုန်း အသုံးပြုကြရာမှာကောင်းမွန်တဲ့ အကျိုးရလဒ်ရနိုင်တာရှိသလိုသုံးတဲ့
နည်းလမ်းမှားရင်လည်း အန္တရာယ်ရှိပြီး အကျိုးကျေးဇူးမရှိနိုင်တာကို သတိထားကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဖုန်းအသုံးပြုခြင်း ကနေတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာဗဟုသုတများကို
ရှာဖွေရာမှာ လမ်းကြောင်းမမှားစေရေး သင်ကြားပေးဖို့ မိဘ၊ဆရာများနဲ့ အုပ်ထိန်းသူ လူကြီးသူမများမှာ
တာဝန်ရှိသလို သတင်းမီဒီယာများကနေတစ်ဆင့် အသိပညာပေးမှုများကိုလည်း ဆောင်ရွက်ပေးဖို့
လိုအပ်ပါတယ်။ ဒါမှသာ နိုင်ငံအတွက် မှန်ကန်တဲ့ လူ့စွမ်းအားအရင်းအမြစ်ပေါ်ထွက်လာပြီး
ပိုမိုပြည့်စုံကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
အာဆီယံဒေသတွင်းမှာလည်း
အင်တာနက်ကနေတစ်ဆင့် မိန်းကလေးငယ်များအပါအဝင် ကလေးသူငယ်များအပေါ် နည်းမျိုးစုံနဲ့ အမြတ်ထုတ်မှု၊
အလွဲသုံးမှုတို့မှ ကာကွယ်စောင့်ရှောက်ရေး အာဆီယံ ဒေသလုံးဆိုင်ရာလုပ်ငန်းစီမံချက်ကို
ရေးဆွဲထားပြီးဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့
အခွင့်အရေးများကို တန်းတူရရှိနိုင်စေရန်နဲ့ ခွဲခြားဆက်ဆံမှုများ ပပျောက်စေဖို့အတွက်
နိုင်ငံတကာမှာ ချမှတ်ထားတဲ့ ကွန်ဗင်းရှင်းတွေကို ကြည့်မယ်ဆိုရင်လည်း ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့မှာ
ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုခဲ့တဲ့ “အမျိုးသမီးများအား
နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ
ကုလသမဂ္ဂကွန်ဗင်းရှင်း” (Convention on the Elimination of All forms of
Discrimination Against Women-CEDAW)မှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့် အရေးများကိုလည်း ပြဋ္ဌာန်းထားရှိပြီး နိုင်ငံတစ်နိုင်ငံရဲ့
ပြီးပြည့်စုံတဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာကြီးတစ်ခုလုံး သာယာဝပြောရေးနဲ့ ငြိမ်းချမ်းရေးကို
တည်ဆောက်ပေးတဲ့ အကြောင်းတရားများရရှိဖို့အတွက် နယ်ပယ်အားလုံးမှာ အမျိုးသားများနဲ့တန်းတူ
အမျိုးသမီးများရဲ့ ပါဝင်မှုကို တိုးမြှင့်နိုင်သလောက် တိုးမြှင့်ပေးဖို့လိုအပ်ကြောင်း
ပြဋ္ဌာန်းထားတာတွေ့ရပါတယ်။
မြန်မာနိုင်ငံက
၁၉၉၇ ခုနှစ်မှာ “အမျိုးသမီးများအား နည်းမျိုးစုံဖြင့်
ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း” ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး
အဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေကို အလေးအနက်ထားအကောင်အထည်ဖော်လျက်
ရှိပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်ကြားဖြတ် လူဦးရေသန်းခေါင် စာရင်းအစီရင်ခံစာအရ
အိမ်ထောင်စုလူဦးရေ ၅၄ ဒသမ ၉ သန်းမှာ အမျိုးသား ၄၆ ဒသမ ၈ ရာခိုင်နှုန်း၊ အမျိုးသမီး
၅၃ ဒသမ ၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒီကိန်းဂဏန်းအရ အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို
အလေးပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုး သက်ရောက်စေမှာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတော်အနေနဲ့
မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီနဲ့ ဒေသဆိုင်ရာကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး
အမျိုးသမီးများ အထူးသဖြင့် အမျိုးသမီးငယ်ရွယ်များရဲ့ လူမှုစီးပွားဘဝအခြေအနေ မြင့်မားရေးမှာ
အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကဏ္ဍစုံမှာ အမျိုးသမီးများနဲ့ အမျိုးသားတန်းတူ
ပါဝင်ခွင့်ရရှိရေးနဲ့ အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ကဏ္ဍပေါင်းစုံပါဝင်တဲ့ “အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း” (၂၀၁၃-၂၀၂၂)ရေးဆွဲပြီး အကောင် အထည် ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းဟာ
၂၀၂၂ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် (၂၀၂၃-၂၀၃၂)မဟာဗျူဟာ စီမံကိန်းအသစ်ရေးဆွဲရေးအတွက်
ဦးဆောင်ကော်မတီနဲ့ လုပ်ငန်း ကော်မတီ (၁၂)ရပ် ဖွဲ့စည်းပြီး စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
မဟာဗျူဟာစီမံကိန်း အသစ်ရေးဆွဲရာမှာ ပြောင်းလဲတိုးတက်လာတဲ့ ခေတ်မီနည်းပညာများကို အခြေခံပြီး
ကဏ္ဍစုံ၊ နယ်ပယ်စုံမှာ ကျားမတန်းတူညီမျှရေး၊ အမျိုးသမီးများ စွမ်းပကားမြင့်မားစေရေး၊
ကျေးလက်၊ မြို့ပြကွာဟမှုမရှိစေရေးတို့ကို အလေးထားဦးတည်ပြီး ကောင်းမွန်ပြည့်စုံတဲ့ မဟာဗျူဟာ
စီမံကိန်းတစ်ခုဖြစ်ရေး၊ ဝန်ကြီးဌာန/ အဖွဲ့အစည်းအသီးသီးက ရေးဆွဲထားတဲ့ စီမံကိန်းများနဲ့
ချိတ်ဆက် ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် မိမိတို့နဲ့သက်ဆိုင်တဲ့ လုပ်ငန်းကော်မတီများအလိုက်
တက်တက်ကြွကြွနဲ့ ဦးဆောင်ပါဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
မြန်မာ့သမိုင်းစဉ်တစ်လျှောက်
မိသားစု၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနဲ့ လူမျိုးအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနဲ့
ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသားများနဲ့
တန်းတူရင်ပေါင်တန်းပါဝင်ခဲ့တဲ့ အမျိုးသမီးများရဲ့ စွမ်းဆောင်နိုင်မှုတွေကို ဂုဏ်ယူလျက်
လေးစားအသိအမှတ်ပြုပါကြောင်း ပြောကြားလိုပါတယ်။
အမျိုးသမီးများနဲ့
မိန်းကလေးငယ်တွေအနေနဲ့ အစဉ်အလာအရ တွေကြုံနေရတဲ့ အခက်အခဲအတားအဆီးတွေ၊ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေကို
ကျော်လွှားနိုင်ဖို့အတွက် လိုအပ်နေတဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေအသစ်တွေ ရေးဆွဲဖို့လိုအပ်သလို
တည်ဆဲဥပဒေများအနေနဲ့ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များအတွက် ဥပဒေအရပိုမို ထိရောက်စွာ
ကာကွယ်ပေးရန် လိုအပ်ချက်တွေရှိတယ်ဆိုရင်လည်း လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်မှုတွေကိုလည်း ဆောင်ရွက်သွားကြဖို့
ပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့
ပြောကြားလိုတာကတော့ ဒီနေ့ခေတ်ဟာ အသိပညာအခြေပြုတဲ့ ခေတ်ဖြစ်သလို နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်
အသိပညာကြွယ်ဝတဲ့ လူသားအရင်းအမြစ်များရဲ့ အခန်း ကဏ္ဍဟာလည်း အဓိကကျပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလူဦးရေရဲ့
ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့
ပြည်ထောင်စုတည်ဆောက်ရေးမှာ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်တဲ့၊
အားကောင်းတဲ့ လူသားအရင်းအမြစ်တွေ ဖြစ်ကြပါတယ်။
အမျိုးသမီးအများစုဟာ
သားသမီးများရဲ့ မိခင်များဖြစ်ကြသလို ကျောင်းသားကျောင်းသူများရဲ့ လက်ဦးဆရာများလည်း ဖြစ်ကြတဲ့အတွက်
နိုင်ငံရဲ့ အနာဂတ်လူငယ်များပြုစုပျိုးထောင်ရေးမှာ အလွန်အရေးပါသူများ၊ အဓိကကျသူများဖြစ်ကြပါတယ်။
ဒီလိုအဖိုးတန်တဲ့ လူသား အရင်းအမြစ်တွေကို ကျေးလက်မြို့ပြ ကွာဟချက်နည်းပြီး ကဏ္ဍစုံမှာ
အမျိုးသမီးများနဲ့ မိန်းကလေးငယ်တို့ရဲ့ စွမ်းရည်ကို အသုံးချနိုင်ဖို့နဲ့ ယခုနှစ်အပြည်ပြည်ဆိုင်ရာ
အမျိုးသမီးများနေ့ရဲ့ “ကျားမတန်းတူ ညီမျှဖို့
နည်းပညာနဲ့ ဆန်းသစ်စို့” ဆောင်ပုဒ်နဲ့အညီ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်တဲ့ အနာဂတ်တစ်ခုရရှိဖို့
တီထွင်ဆန်းသစ်တဲ့ နည်းပညာများနဲ့အတူ အမျိုးသမီးများအားလုံးအနေဖြင့်
အမျိုးသားများနှင့်တန်းတူ အကျုံးဝင်ပါဝင်ခွင့်ရရှိရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့
တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
No comments:
Post a Comment