Friday, March 31, 2023

မကွေးတိုင်းဒေသကြီး မှတ်ပုံတင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို တက်ရောက်

 


မကွေး မတ် ၃၁

မကွေးတိုင်းဒေသကြီး မှတ်ပုံတင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးမှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက အဖွင့်အမှာစကား ပြောကြားရာတွင် (၂၈.၁၀. ၂၀၂၂) ရက်စွဲပါ ဥပဒေအမှတ်(၄၆/၂၀၂၂)ဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် အသင်းအဖွဲ့ဥပဒေကို တိုင်းဒေသကြီးအဆင့် မှတ်ပုံတင်ရေးအဖွဲ့မှ ခွင့်ပြုထားသည့် အသင်းအဖွဲ့(၇)ဖွဲ့မှ သိရှိနိုင်ရေး အသိပညာပေး ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး(သို့) ပြည်သူတို့၏ ကိုယ်ကျိုးတရားတို့သည် ပြဌာန်းထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင် အသင်းအဖွဲ့(သို့)အစည်းရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်ဟု ပြဌာန်းထားသကဲ့သို့ တိုင်းပြည်၏ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လူမှုရေးလုပ်ငန်းများကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရန် (၂၀၁၄)ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကိုလည်း ပြဌာန်းခဲ့ပါကြောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန်ထားသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျုဟာ(၁၃၃)တွင် ၂၀၁၄ ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်ရန် မှတ်ချက်ချထားပြီး ဆက်စပ်ဌာန အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ရယူကာ ၂၀၁၈ ခုနှစ်တွင် စတင်ရေးဆွဲကာ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်နေ့တွက် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို ပြန်လည် ပြဌားန်းခဲ့ပါကြောင်းနှင့် တက်ရောက်လာကြသည့် အသင်းအဖွဲ့များအနေဖြင့်လည်း အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ မိမိတို့အသင်းအဖွဲ့၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီးမှတ်ပုံတင်ရေးအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကြည်မြင့်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၂၈.၁၀.၂၀၂၂) ရက်စွဲပါ ဥပဒေအမှတ်(၄၆/၂၀၂၂)ဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လက်မှတ်ထိုးထုတ်ပြန်ခဲ့သည့် အသင်းအဖွဲ့ဥပဒေနှင့်ပတ်သက်၍ ရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များနှင့် အသင်း အဖွဲ့များမှ ကိုယ်စားလှယ်များက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ မိမိတို့သိရှိလိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုစည်သူ(မကွေး)

No comments:

Post a Comment