Friday, March 31, 2023

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

 



နေပြည်တော် မတ် ၃၀

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို Online စနစ်ဖြင့် ယနေ့နံနက်ပိုင်းက ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်းဖြင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးနှင့် သက်ဆိုင်သည့် အသိအမြင်များ တိုးပွားလာမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေမည့် နေရာများတွင် မှန်မှန်ကန်ကန်သုံးစွဲနိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှ ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားတစ်ခုဖြစ်သည့်အတွက်အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ရန်လိုအပ်ကြောင်း၊ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဂတိလိုက်စားမှုသည် ယုံကြည်အပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းသည် အစိုးရဌာနများတွင်သာမက ပုဂ္ဂလိကလုပ်ငန်းများနှင့်ပါ သက်ဆိုင်ပြီးလာဘ်ငွေ အနည်းငယ်ပေးခြင်း/ ယူခြင်းမှသည် နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုကိုထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေ ခြင်းအထိ ပါဝင်ပါကြောင်း၊ အဂတိလိုက်စားခြင်းသည် အကျင့်ဖောက်ပြန်ခြင်း ဖြစ်သည့်အပြင် တံစိုးလက်ဆောင် ပေးခြင်း/ယူခြင်း၊ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ ဆရာမွေးတပည့်မွေးခြင်း၊ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ အပေါင်းအဖော်ကောင်းစား ရေးအတွက် ဘက်လိုက်ခြင်းနှင့် ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကျင့်သုံးခြင်းတို့အထိ ပါဝင်ပါ ကြောင်း၊ ပညာပေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အစိုးရအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဌာနများမှ ဝန်ထမ်း များနှင့်အတူ ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် ဖြစ်ပါကြောင်း။

အဂတိ လိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်းနည်းလမ်းသည် အခြေခံ ကျသည့် နည်းလမ်းတစ်ခုဖြစ် သည့်အတွက် အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင် ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် အသိပညာပေး ဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ် တည်ကြည်မှု၊ ကျင့်ဝတ်နှင့်ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးများ ရရှိပြီးနိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေလို ကြောင်း၊ ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်သို့ လှမ်းကိုင် နိုင်ရေးသည် အန္တိမရည်မှန်းချက် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ နည်းပညာ သင်တန်းကို မတ် ၃၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) မှ အဖွဲ့ဝင်များအား Online စနစ်ဖြင့် ဆက်လက်ဆွေးနွေးပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment