တပ်မတော်သည် ပြည်သူလူထုနှင့်အတူလက်တွဲပြီး တိုင်းတစ်ပါးအုပ်စိုးမှုအောက်မှ လွတ်မြောက်အောင်ဆောင်ရွက်ပေးခဲ့သဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာသော တိုင်းရင်းသားပြည်သူများနှင့် ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး၊ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၌ ဖြစ်ပေါ်လာသောလိုအပ်ချက်များ ဖြေရှင်းပေးရေး၊ မိဘပြည်သူလူထုတို့အား ကာကွယ်စောင့်ရှောက်ရေးနှင့်လိုလားချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် “တပ်မတော်သားများ
အနေနဲ့ ပြည်သူလူထုအပေါ် ပြုကျင့်ရမယ့်ကျင့်ဝတ် ၁၀ ပါးနဲ့အညီ နေထိုင်ကျင့်ကြံပြီး ပြည်သူလူထုရဲ့လိုအပ်ချက်ကို
ဖြည့်ဆည်းဆောင်ရွက်ပေးရမှာပဲဖြစ်တယ်။ ‘ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်’ဆိုတဲ့အတိုင်း
နိုင်ငံတော်ကို ဘက်ပေါင်းစုံကာကွယ်နိုင်ဖို့ဟာ ပြည်သူလူထုရဲ့ တစ်ခဲနက်ပူးပေါင်းပါဝင်မှသာ
ခိုင်မာမယ်။ ပြည်သူတို့ရဲ့လူမှုစီးပွားဘဝလုံခြုံမှသာ ပြည်သူများကလည်း စိတ်ရောကိုယ်ပါ
လက်တွဲဆောင်ရွက်နိုင်မှာဖြစ်လို့ ပြည်သူတို့အပေါ်ကျရောက်လာနိုင်တဲ့ ဘေးအန္တရာယ်အမျိုးမျိုးတို့ကို
အချိန်မဆိုင်းဘဲကာကွယ်ဆောင်ရွက်ပေးကြရမယ်”ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည်
၂၀၂၀ ပြည့်နှစ်က ရွေးကောက်ပွဲ မဲမသမာမှုမှတစ်ဆင့် နိုင်ငံတော်အာဏာကို ဥပဒေဖောက်ဖျက်ပြီး
အဓမ္မရယူရန် ကြိုးပမ်းခဲ့သည်ကို တားဆီးနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ
နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး ပေါ်ပေါက်လာသည့် အစိုးရဖြစ်သည်။ နိုင်ငံတော်တာဝန်ကို
စတင်ထမ်းဆောင်ချိန်တွင် ဆူပူဆန္ဒပြမှုများသာရှိသော် လည်း နောက်ပိုင်း၌ အကြမ်းဖက်သမားများက
အပြစ်မဲ့ပြည်သူများ၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြားသောနေရာများကိုပါရည်ရွယ်ချက်ရှိရှိ
ပစ်မှတ်ထားတိုက်ခိုက် လာကြရာ အပြစ်မဲ့ပြည်သူများ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊
နိုင်ငံ့ဝန်ထမ်းများသာမက ရဟန်းသံဃာ၊ ကလေးသူငယ်များနှင့် အများပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု
ဖြစ်ပေါ်ခဲ့သည်။
ကမ္ဘာပေါ်ရှိနိုင်ငံများသည်
မိမိတို့နိုင်ငံနှင့်သင့်လျော်သည့် ဒီမိုကရေစီကဲ့သို့ နိုင်ငံရေးစနစ်တစ်မျိုးမျိုးဖြင့်
လျှောက်လှမ်းလျက်ရှိသည်။ မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ နိုင်ငံတည်ငြိမ်အေးချမ်းမှသာ
ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက် နိုင်မည်ဖြစ်သည်။ နိုင်ငံကကျင့်သုံးသည့်စနစ်အပေါ်
သဘောထားကွဲလွဲမှုကြောင့် လုပ်ဆောင်လာသည့် အကြမ်းဖက်တိုက်ခိုက်မှုကို မည်သည့်အစိုးရကမျှ
ခွင့်ပြုမည် မဟုတ်ပေ။ သည်းခံမည်မဟုတ်ပေ။ ဒီမိုကရေစီသည် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း
ဖြစ်ပြီး အကြမ်းဖက်နည်းလမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော
အကြမ်းဖက်တိုက်ခိုက်မှုများသည် ရည်ရွယ်ချက်ရှိရှိဖွဲ့စည်းခဲ့သည့် NUG မှ ပေါက်ဖွားလာသည့်
PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့ကို ကူညီနေသည့် အချို့သော EAO အဖွဲ့တို့၏
နိုင်ငံပျက်စီးရေး လုပ်ဆောင်မှု များဖြစ်သည်။
ယနေ့အကြမ်းဖက်တိုက်ခိုက်မှုများသည်
အစိုးရကို တိုက်ခိုက်သည်ဟုဆိုသော်လည်း အကြမ်းဖက်အဖျက်သမားများ၏ လုပ်ရပ်များကြောင့်
ပျက်စီးဆုံးရှုံးမှုများသည် အစိုးရတစ်ရပ်အတွက် နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်အတွက်
ရှေ့ဆက်အကောင်အထည်ဖော်မည့် အမျိုးသားအကျိုးစီးပွားများ၊ ပြည်သူတို့၏အကျိုးစီးပွားများ
နစ်နာဆုံးရှုံးမှုများဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် အစိုးရကချမှတ်ထားသည့်
ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ “ပြည်သူများ၏လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး
တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်”
ဟူသည့် အချက်ကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည်
အရေးကြီးသည့်အချက်ဖြစ်၍ NUG နှင့် အကြမ်းဖက်အဖွဲ့များ၊ ၎င်းတို့ကို ပံ့ပိုးနေသည့်
EAO အဖွဲ့အချို့ကို တပ်မတော်က ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ကြောင့် အရေးပေါ်သက်တမ်းကာလအတွင်း
လုံခြုံရေးအရအရေးကြီးသည့် မြို့နယ်များအား စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ပြီး
ထိန်းချုပ်ဆောင်ရွက်နေရာ ယင်းသည် ပြည်သူများအား ထိန်းချုပ်ကန့်သတ်ခြင်းမဟုတ်ဘဲ ဒေသခံပြည်သူလူထုများ
တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် ပြည်သူလူထု အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင်
ဆောင်ရွက်နေသည့် အကြမ်းဖက်အဖျက်သမားများ၏ လုပ်ရပ်များကို ထိရောက်စွာထိန်းချုပ်နိုင်ရန်
ဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံအစိုးရတိုင်းအနေဖြင့် ဥပဒေနှင့်အညီ အေးချမ်းစွာနေထိုင်ကြသော
ပြည်သူများ အား ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသလို ဥပဒေကိုဖောက်ဖျက်ပြီး အကြမ်းဖက်အဖျက်လုပ်ရပ်များလုပ်ဆောင်သည့်
အဖျက်သမားများကို ထိရောက်စွာ နှိမ်နင်းတိုက်ဖျက်လျက်ရှိသည်။ သို့ဖြစ်ရာ ပြည်သူများ
အေးချမ်းသာယာစွာနေထိုင်နိုင်ရေးနှင့် အကျိုးစီးပွားပျက်စီးမှုမရှိစေရေးအတွက် အကြမ်းဖက်အဖျက်သမားများအား
တပ်မတော်နှင့်အတူလက်တွဲ၍ အမြစ်ပြတ်ချေမှုန်းကြရမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment