Wednesday, March 1, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တွေမြို့ မြို့ရေပေးဝေရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေ သွားရောက်ကြည့်ရှုစစ်ဆေး

 





နေပြည်တော် ဖေဖော်ဝါရီ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့ရေပေးဝေရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရေရရှိရေးရှင်းလင်းတင်ပြ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့ရေပေးဝေရေးကန်တော်ကြီးနှင့် ရေစုကန်အစုအဖွဲ့နေရာသို့ရောက်ရှိကြရာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးနှင့် တာဝန်ရှိသူများက စစ်တွေမြို့အတွင်းရှိ ပြည်သူများ၏ နေ့စဉ်နှင့်နှစ်စဉ် ပျမ်းမျှသုံးရေလိုအပ်ချက်ပမာဏ၊ သုံးရေလိုအပ်ချက်အတွက် ကန်တော်ကြီးနှင့်ရေစုကန်အစုအဖွဲ့၊ ဆတ်ရိုးကျရေစုကန်အစုအဖွဲ့တို့ဖြင့် မိုးရေကိုသိုလှောင်၍ ရေပေးဝေရေးဆောင်ရွက်လျက်ရှိမှု၊ နှစ်စဉ်မိုးရွာသွန်းမှုအခြေအနေများနှင့် ရေသိုလှောင်နိုင်မှု၊ ၂၀၁၇ ခုနှစ်မှစ၍ မိုးရေချိန်ရရှိမှုနည်းလာခြင်း၊ မြို့နေလူဦးရေတိုးပွားလာခြင်းတို့ကြောင့် ရေပေး ဝေရေးတွင် လိုအပ်ချက်များဖြစ်ပေါ်လျက်ရှိမှုနှင့် ရေလှောင်ကန်တိုးချဲ့ခြင်းနှင့် ရေစုကန်များ အတွင်းသို့ ခမီကြိမ်ချောင်းရေလှောင်တမံမှ ရေသွယ်တန်းဖြည့်တင်းခြင်းနည်းလမ်းအပါအဝင် အခြားနည်းများဖြင့် ရေရရှိရေးဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိမှုတို့ကို ရှင်းလင်း တင်ပြကြသည်။

ရေလိုအပ်ချက်ဖြည့်ဆည်းပေး

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြို့နေပြည်သူလူထုတို့၏ နေ့စဉ်သုံးရေလိုအပ်ချက်ပမာဏကို ဖြည့်ဆည်းပေးနိုင်ရေးကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရေချိုကိုသိုလှောင်၍ ဖြန့်ဖြူးပေးသည့်နည်းလမ်းအပြင် ဒေသတွင်းရှိရေငန်ကို ရေချိုသုံးရေအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မြို့ပတ်ဝန်းကျင်ကို မထိခိုက်စေနိုင်မည့် မြို့၏ မြောက်ဘက်ခြမ်းတွင် မြေအောက်ရေထုတ်ယူသုံးစွဲနိုင်ရေး ဆန်းစစ် သုတေသနပြုတိုင်းတာခြင်းကို အမြန်ဆုံးဆောင်ရွက်၍ ပြန်လည်တင်ပြရန်လိုကြောင်း၊ မြေအောက်ရေကိုလုံလောက်စွာထုတ်ယူသုံးစွဲနိုင်မည့် အခြေအနေရှိပါကလည်း လောင်စာဆီအသုံးပြု၍ ရေတင်ခြင်းထက်လျှပ်စစ်ဖြင့် ရေတင်ခြင်း၊ ဆိုလာစွမ်းအင်သုံး လျှပ်စစ်ဖြင့်ရေတင်ခြင်းတို့ဆောင်ရွက်နိုင်ရေး တွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း။

လက်ရှိကန်တော်ကြီးရေစုကန်၏ သန့်ရှင်းသပ်ရပ်မှုနှင့်ကြံ့ခိုင်မှုတို့ကို ပြန်လည်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေစုကန်များ သတ်မှတ်ပမာဏအထိ ရေစုဆောင်းနိုင်မှုမရှိခြင်း သည် မိုးရေချိန်လုံလောက်စွာရရှိမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ဒေသအတွင်းရှိ သစ်တော သယံဇာတများကို အလွန်အမင်းထုတ်ယူသုံးစွဲခြင်းသည် ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးရွာရက် နည်းခြင်းနှင့် သဘာဝဘေးအန္တရာယ်တို့ကို ဖြစ်ပေါ်စေနိုင်သဖြင့် ဒေသအတွက်အကျိုးရှိသည့် လမုပင်အပါအဝင် သစ်တောသစ်ပင်စိုက်ပျိုးခြင်းများကို မဖြစ်မနေဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ သစ်ပင်သစ်တောများ များပြားစွာရှိမှသာလျှင် ရေငွေ့ကိုထိန်းနိုင်မည်ဖြစ်ပြီး မိုးရေချိန်သည်လည်း များပြားစွာရရှိနိုင်မည်ဖြစ်သည့်အတွက် ဒေသအကျိုးကို ရေရှည်ကြည့်၍ စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

သုံးရေလိုအပ်ချက်ပေးနိုင်ရေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေစုကန်များကိုကြည့်ရှုပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်နိုင်ရေးနှင့် ဒေသ၏သုံးရေလိုအပ်ချက်ကို ပြည့်မီအောင်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment