နေပြည်တော် မတ် ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် တောင်သူများ၏ ဆီထွက်သီးနှံ နေကြာစိုက်ခင်းများနှင့် ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်းများကို ကြည့်ရှုအားပေးပြီး ဒေသနေ တောင်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်း ပညာနှင့် အကူအညီများကို မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေမှုနှင့် လယ်ယာကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်တွင် ပါဝင်နေသူအားလုံး၏ အပြန်အလှန်အကျိုးပြုနိုင်ကြရေးနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး ပြောကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မအူပင်ခရိုင် ညောင်တုန်း ကျွန်းရှိ မဲဇလီရေထိန်းတံခါးသို့ ရောက်ရှိပြီး ရေထိန်းတံခါးကြံ့ခိုင်မှုနှင့် ရေဝင်ရေလွှဲ ထိန်းသိမ်းမှုလုပ်ငန်း များ၊ ရေနက်ကွင်းဧရိယာများအတွင်း မိုးရာသီရေလွှမ်းမိုးမှုကို ကာကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေနက်ကွင်းများ၌ နွေစပါးအပါအဝင် အခြားသီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်ခရိုင် ညောင်တုန်းကျွန်းရှိ ဝါဝါဝင်းစိုက်ပျိုး၊ မွေးမြူရေးကုမ္ပဏီနှင့် ရွှေနဂါးမင်းကုမ္ပဏီများ၏ စိုက်ပျိုးမွေးမြူရေး အခြေခံကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန အပင်ဇီဝနည်းပညာ ဗဟိုဌာန၏ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရန် စီမံထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဓာတ်ခွဲခန်းဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ရန်၊ အပင်ဇီဝနည်းပညာ ဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်မှု အဆင့်လိုက် မှတ်တမ်းများ စနစ်တကျ ပြုစုထိန်းသိမ်းထားရှိရန်နှင့်ဌာနအတွင်း ပြန်လည်သုံးသပ်မှု၊ ဆွေးနွေးမှုများ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ကျွမ်းကျင်သော လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ရန်နှင့် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ နည်းပညာရပ်ဆိုင်ရာ အတွေ့အကြုံဖလှယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
အလားတူမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးရေးဌာနစု(ပေါင်းငူ)၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဘဏ္ဍာနှစ်အလိုက် နို့စားနွား မျိုးရည်ခဲချောင်း လျာထားချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ မျိုးနွားသိုးများ ဝယ်ယူဖြည့်ဆည်း နိုင်ရေးနှင့် နည်းပညာပေးသင်တန်းများ တိုးချဲ့ဆောင်ရွက်ရေး လိုအပ်ချက်များကို တာဝန်ရှိသူများ အား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment