Sunday, February 19, 2023

နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်တင်ပို့မှုများ လွယ်ကူချောမွေ့စေရေး Vehicle Monitoring System အသုံးပြုစစ်ဆေး ကုန်ပစ္စည်းသယ်ဆောင်သည့်ယာဉ်များအတွက် QR Code ပါဝင်သည့် ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်ကို Online မှ လျှောက်ထားခွင့်ပြု

 


နေပြည်တော် ဖေဖော်ဝါရီ ၁၈

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ တရားဝင်မှန်ကန်စွာဆောင်ရွက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပို့ကုန်တင်ပို့သည့်ယာဉ်များက ကုန်ပစ္စည်းများသယ်ဆောင်တင်ပို့ရာတွင် စနစ်တကျရှိစေရေးအတွက်လည်းကောင်း၊ ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ်များကို Vehicle Monitoring System ဖြင့် Online မှ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။

အဆိုပါအစီအစဉ်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပို့ကုန်ယာဉ်များက QR Code ကိုအသုံးပြု၍ ကုန်ပစ္စည်း သယ်ဆောင်တင်ပို့နေခြင်းကို မန္တလေး ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ သွားရောက် စစ်ဆေးသည်။

ထိုသို့ စစ်ဆေးကြည့်ရှုစဉ် ပို့ကုန်ပစ္စည်းများကို နယ်စပ်မှတင်ပို့ရာတွင် ကုန်ပစ္စည်းသယ်ဆောင်သည့်ယာဉ်များအတွက် QR Code ပါဝင်သည့် ပစ္စည်းသယ် ဆောင်ခွင့်လက်မှတ်ကို Online မှ လျှောက်ထားခွင့်ပြုနေသည့်အစီအစဉ်များ၊ စစ်ဆေးဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခြေအနေများကိုလည်းကောင်း၊ အဆိုပါအစီအစဉ်နှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ထုတ်ပြန်ချက်များကိုလည်း ကောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပို့ကုန်လုပ်ငန်းရှင်များ၊ ယာဉ်မောင်းများနှင့်တွေ့ဆုံကာ အခက်အခဲများမေးမြန်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment