နေပြည်တော် ဖေဖော်ဝါရီ ၁၂
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကျင်းပသည့် “မျိုးစေ့ပြပွဲ ၂၀၂၃” (Seed Fair 2023) ကို ဖေဖော်ဝါရီ ၁၀ ရက်က ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာပြပွဲတွင် လယ်ယာသုံး စက်ကိရိယာပြကွက်၊ စိုက်ပျိုးရေးစီမံ ခန့်ခွဲမှုစနစ်ပြကွက်၊ နေကြာစိုက်ခင်းနှင့် ပျားမွေးမြူရေးလုပ်ငန်းပြကွက်များနှင့်အတူ ပုဂ္ဂလိကမျိုးစေ့ကုမ္ပဏီ ၁၂ ခု၏ ပြခန်းများ၊ စိုက်ပျိုးရေးအထူးပြုကုမ္ပဏီ ၁၁ ခုတို့၏ ဆီထွက်သီးနှံများ၊ နှံစားသီးနှံများ၊ ဟင်းသီးဟင်းရွက်စိုက်ကွင်း စိုက်ကွက်များဖြင့် ဝေဝေဆာဆာခင်းကျင်း ပြသထားသည်။
ပြပွဲသို့ မျိုးစေ့ထုတ်လုပ်သူ၊ မျိုးစေ့တင်သွင်းရောင်းချသူ ပုဂ္ဂလိကများ၊ မျိုးစေ့သုံးစွဲသူ တောင်သူလယ်သမားများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ မျိုးစေ့လုပ်ငန်းဆိုင်ရာ စိတ်ဝင်စားသူပြည်သူများ လာရောက် လေ့လာကြသည်။
ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ပြပွဲရှင်းလင်းဆောင်ခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စိုက်ပျိုး ထုတ်လုပ်သည့် သီးနှံများ၏ အရည်အသွေးနှင့် အထွက်နှုန်းမြင့်မားရေးအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် အရည်အသွေးပြည့်မီသော မျိုးစေ့များကို တောင်သူများ အလွယ်တကူ သုံးစွဲနိုင်ရန်နှင့် မျိုးစေ့ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြပွဲများခင်းကျင်းပြသရာတွင် ပြပွဲကာလအကန့်အသတ်ရှိသဖြင့် ရေရှည်ဆောင်ရွက်ရမည့် မျိုးစေ့ထုတ်လုပ်ငန်းများ တိုးတက်ပြောင်းလဲလာရေး အစီအမံများကို သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ စက်မှုလယ်ယာ၊ ပျားမွေးမြူရေး၊ စိုက်ပျိုးရေးရရှိသုံးစွဲနိုင်ရေးစသည့် ဆက်စပ်လုပ်ငန်းများ ပါဝင်နေသဖြင့် ဌာနများအားလုံး တစ်ပြိုင်တည်း ဟန်ချက်ညီ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မျိုးစေ့ကဏ္ဍဗဟိုချက်မအဖြစ် နေပြည်တော်မှစတင်၍ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင်ဆောင်ရွက်နိုင်ရေး၊ နေကြာမျိုးအသစ်များ မျိုးမွေးမြူထုတ်လုပ်သည်မှ မျိုးသန့်ပွားများခြင်း၊ မျိုးဖြန့်ခြင်း လုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍက အချိုးကျပါဝင်ဆောင်ရွက်ရေး၊ နည်း ပညာရပ်ဆိုင်ရာ ရုပ်သံမှတ်တမ်းများ စနစ်တကျ ဆောင်ရွက်ထားရှိပြီးအများ ပြည်သူအတွက် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးသည်။
ပဉ္စမအကြိမ်မြောက် “မျိုးစေ့ပြပွဲ ၂၀၂၃” (Seed Fair 2023)ကိုပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်အထိ ခင်းကျင်းပြသခဲ့ခြင်းဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment