Sunday, February 19, 2023

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

 (၁၉-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၈-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၄၇၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၇) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၇) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၀၁၅,၅၃၇) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၃,၉၀၁) ဦး ရှိပြီဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၅) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၃၆၃) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၉၀) ဦး ရှိပါသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID -19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၈-၂-၂၀၂၃) ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၉၃၂,၅၈၁) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း (၆,၈၁၃,၄၉၅) ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်ပါသည်။

သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားသူများတွင် ရောဂါ ပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကိုလျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ် ဆေးထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်းကို တွေ့ရှိရပါသည်။

ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲပြီး (Living with COVID) နေထိုင် ရာတွင်နေထိုင်မှုပုံစံသစ် (New Normal) နည်းလမ်းအားလိုက်နာ၍ နေထိုင်ရမည်ဖြစ် သဖြင့်-

           အသက် (၅) နှစ်နှင့်အထက် ပြည်သူများအားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  အကြိမ်ပြည့်ထိုးနှံခြင်း နှင့် ကာကွယ်ဆေးထိုးနှံပြီး (၆) လ ပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်၊

           အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ ၌ ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊

           အလုံပိတ်အခန်း၌ လူတစ်ဦးထက်ပို၍ ရှိနေစဉ် လေဝင်/လေထွက် ကောင်းမွန်စေရေး အတွက် ဖြစ်နိုင်ပါကပြတင်းပေါက်များအား ဖွင့်ထားရန်၊

           လက်ကို ဆပ်ပြာ၊ ရေ (သို့မဟုတ်) အယ်လ်ကိုဟော (အနည်းဆုံး ၆၀ ရာခိုင်နှုန်း) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ မကြာခဏ ဆေးကြောရန်၊

           လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊

           တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊

           ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ချောင်းဆိုး၊ နှာချေခြင်းစသည့် တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းများကိုဆက်လက် လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

No comments:

Post a Comment