Wednesday, February 22, 2023

(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဒုတိယနေ့ဆက်လက်ကျင်းပ

 


နေပြည်တော် ဖေဖော်ဝါရီ ၂၁

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “(၅၁) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ဒဂုံမြို့နယ်အမှတ် ၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန၌ ဆက်လက်ကျင်းပသည်။

ယနေ့နံနက်ပိုင်းတွင် အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ လူမှုရေးနှင့် ကျန်းမာရေးစနစ် သုတေသနစာတမ်းစုစုပေါင်း ၂၂ စောင်ကို စာတမ်းရှင်များက ဖတ်ကြားတင်သွင်းခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေး အကြံပြုကြသည်။

ဒုတိယနေ့နံနက်ပိုင်း သဘာပတိများအဖြစ် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်း၊ တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊ ဆေးတက္ကသိုလ်(၂) ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာအေးအေးခင်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာလှလှဝင်း၊ ဆေးတက္ကသိုလ်(၁)ပါမောက္ခ/ ဌာနမှူးပါမောက္ခ ဒေါက်တာ စန်းစန်းဌေးတို့က ဆောင်ရွက်ကြပြီး ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ သုတေသီများနှင့် စာတမ်းရှင်များ တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာပြည်အတွက် အရေးပါသော ကျန်းမာရေးပြဿနာဖြစ်သည့် တီဘီရောဂါနှင့် အသည်းရောင် အသားဝါဘီရောဂါဆိုင်ရာသိကောင်းစရာများကို “မော်လီကျူး နည်းပညာ၏ လက်တွေ့ ဆေးပညာရပ်တွင် အရေးပါမှု- တီဘီရောဂါနှင့် အသည်းရောင် အသားဝါဘီတို့တွင် အဓိကထား ဆွေးနွေးခြင်း (Myanmar-Korea Joint Symposium (2023): Clinical Significance of Molecular Techniques: A Focus on TB and Hepatitis B) ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲ ပြုလုပ်သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် သဘာပတိများအဖြစ် ဆေးသုတေသနဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ လှိုင်မြတ်သူနှင့် ကိုရီးယားသမ္မတနိုင်ငံ Pusan National University မှ ပါမောက္ခ Jae Hun Cheong တို့က ဆောင်ရွက်ခဲ့ကြပြီး ကိုရီးယားသမ္မတ နိုင်ငံ International Tubercu-losis Research Center မှ Chairman of the Board, Dr. Sun Dae Song က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ကိုရီးယားသမ္မတနိုင်ငံ International Tuberculosis Research Centre မှ Section Head Dr. Jeong Seok Lee က ပိုင်ရာဇီနမိုက်တီဘီ ဆေးယဉ်ပါးခြင်းကို ထောက်လှမ်း ရှာဖွေခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ အမျိုးသားမှီငြမ်းပြု တီဘီဓာတ်ခွဲဌာနမှ အထူးကုဆရာဝန်ကြီး (အဏုဇီဝဗေဒ) ဒေါက်တာဝင့်ဝင့်ညွန့်က ဆေးယဉ်ပါး တီဘီကုသမှုတွင် ဓာတ်ခွဲခန်း၏ အခန်းကဏ္ဍနှင့် လက်ရှိ ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေ ခြင်းအဆင့်ဆင့်ကိုလည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ Pusan National University မှ Prof. Jae Hun Cheong က အသည်းရောင် အသားဝါဘီပိုး၏ မျိုးဗီဇပြောင်းလဲမှုနှင့် အသည်းကင်ဆာဖြစ်ပွားခြင်းတို့ မော်လီကျူးဗေဒဆိုင်ရာ ဆက်စပ်မှုတို့ကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာဝါဝါအောင်က မျိုးဗီဇစိစစ်ခြင်း၏ ဆေးလက်တွေ့ နယ်ပယ်တွင် အသုံးဝင်မှုလက်ရှိတွေ့ရှိချက်များနှင့် ရှေ့ဆောင်ရွက်မည့် အစီအစဉ်တို့ကိုလည်းကောင်း ဆွေးနွေးတင်ပြ အသိပညာဖလှယ်ခဲ့ကြပြီး တက်ရောက်လာကြသော တီဘီရောဂါနှင့် အသည်းရောင် အသားဝါရောဂါဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် သုတေသီပညာရှင်များက ဝိုင်းဝန်းမေးမြန်း ဆွေးနွေးကြသည်။

ညီလာခံကို ဖေဖော်ဝါရီ၂၄ ရက် အထိ ငါးရက်တာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment