ရန်ကုန် ဖေဖော်ဝါရီ ၁၂
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကျင်းပရာ ရန်ကုန်မြို့ပြည်သူ့ရင်ပြင်အတွင်း တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ပြခန်းများ၊ ရိုးရာစားသောက် ဆိုင်ခန်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ဖွင့်လှစ်ထားသည့်ပြခန်းများနှင့် စက်မှုဇုန်အသီးသီးမှထုတ်ကုန်များရောင်းချသည့် စက်မှုဇုန်ထုတ်ကုန်ပစ္စည်းများ ဈေးရောင်းပွဲတော်ကို ကျင်းပလျက်ရှိရာ လာရောက်လည်ပတ်ကြသူ၊ ဝယ်ယူသူများဖြင့် စည်ကားလျက် ရှိသည်။
စည်ကားလျက်ရှိ
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး
ကိုယ်စားပြုပြခန်းများ၊ အစားအသောက် ဆိုင်ခန်းများတွင် တောင်ပေါ်မြေပြန့်ဒေသ သွေးချင်းတိုင်းရင်းသား
ညီအစ်ကို မောင်နှမများ၏ ရိုးရာ၊ ဓလေ့ထုံးစံများ၊ လူနေမှုပုံစံ၊ လုပ်ကိုင်စားသောက်ပုံ၊
စာပေယဉ်ကျေးမှု၊ အနုပညာ၊ ဝတ်စားဆင်ယင်မှုများ၊ စားသောက်ဖွယ်ရာများကို စိတ်ဝင်တစား ကြည့်ရှုလေ့လာသူ၊
မြည်း စမ်းစားသုံးသူတို့ဖြင့် စည်ကားလျက်ရှိသည်။
ရှမ်းပြည်နယ်ကိုယ်စားပြု
ပြခန်းအတွင်းရေးမှူး ဦးစိုးညွန့်ရွှေ က “အခုလာကြည့်တဲ့ ပရိသတ်တွေအကုန်လုံးက တိုင်းရင်းသားတွေရဲ့
ရိုးရာယဉ်ကျေးမှုဓလေ့တွေ၊ ဝတ်စားဆင်ယင်မှုတွေကို ပိုပြီးစိတ်ဝင်စားတာ တွေ့ရပါတယ်။ သိပ်မမြင်ဖူးတာကြောင့်
လည်းပါပါတယ်။ ဒါတွေကို သူတို့အဓိကလာကြည့်ပါတယ်။ ပြီးတော့ဓာတ်ပုံတွေ တွဲပြီးရိုက်ကြတယ်။
အဓိကကတော့ ကျွန်တော်တို့ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို
သူတို့တွေ သဘောကျကြတယ်လို့ ကျွန်တော့်အနေနဲ့ယူဆပါတယ်။ ပြခန်းမှာ အဓိကစိတ်အဝင်စားဆုံးကတော့
ရှေ့မှာပြထားတဲ့ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုနဲ့ တိုင်းရင်းသားရိုးရာ အကတစ်ခုဖြစ်တဲ့
တိုးနရားအက တိုးနရားအရုပ်ကြီးကို တော်တော် စိတ်ဝင်စားကြပါတယ်။
“နောက်ပြကွက်တစ်ခုကတော့
ကျွန်တော်တို့ရှမ်းပြည်နယ် အင်းလေးဒေသမှာရှိတဲ့ ကြာချည် ထုတ်လုပ်မှုအဆင့်ဆင့်ပေါ့နော်။
ကြာရိုးကနေ ကြာချည်အဆင့်ဆင့် ထုတ်လုပ်တယ်။ နောက်ဆုံး ကြာတဘက်လုပ်တဲ့ အဆင့်ထိပေါ့နော်။
ဒါတွေကိုပြည်သူတွေ တော်တော် စိတ်ဝင်တစားလေ့လာကြည့်ရှုကြတာတွေ့ရပါတယ်”ဟု ပြောသည်။
ထို့ပြင် ဝန်ကြီးဌာနပြခန်းအသီးသီးတွင်
အမှတ်တရဓာတ်ပုံရိုက်သူများဖြင့် စည်ကားလျက်ရှိ သည့်အပြင် ကျန်းမာရေးဆိုင်ရာ၊ မီဒီယာနှင့်ပုံနှိပ်ထုတ်ဝေမှု၊
ရုပ်သံထုတ်လွှင့်မှု၊ စက်မှု၊ လက်မှုပစ္စည်းများ ထုတ်လုပ်မှု၊ ဆေးဝါးထုတ်လုပ်မှု၊ အလုပ်အကိုင်အခွင့်အလမ်း
ဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ၊ လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊
ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍ၊ ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ၊ သဘာဝအလှအပများ ပုံဖော်ထားသည့်
ပြကွင်းပြကွက်များနှင့်ပတ်သက်၍ လာရောက်ကြည့်ရှုကြသူများက ၎င်းတို့စိတ်ဝင်စား သည့်အကြောင်းအရာများကို
သိလိုသမျှမေးမြန်းကြရာတွင် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးကြသည်။
စက်မှုဝန်ကြီးဌာနကိုယ်စားပြုပြခန်းမှ
ဒေါက်တာခင်ပပစိုး (ဒုတိယ ညွှန်ကြားရေးမှူး) က “မကြာခင် ဖွင့်မယ့် သင်တန်းကျောင်းက ငါးကျောင်းရှိပါတယ်။
ဒီသင်တန်း ကျောင်းတွေနဲ့ ပတ်သက်ပြီး ဒီပြပွဲမှာ စုံစမ်းလို့ရပါတယ်။ တစ်ခါတည်း ဝင်ခွင့်လျှောက်သွား
မယ်ဆိုလည်း ရပါတယ်။ ကိုးတန်းအောင် ၁၀ တန်း ဖြေဖူးတဲ့သူ။ အသက်ကလည်း ၁၇ နှစ်ကနေ ၂၅ နှစ်အတွင်း
ကလေးတွေ။ အထူးသဖြင့် စက်မှုနည်းပညာ တစ်နှစ်သင်တန်းတွေပါ၊ ဒီမှာ တစ်ခါတည်း လျှောက်လွှာဖြည့်ပြီး
တင်သွားလို့ရပါတယ်။ တက်ခွင့်ရတယ်ဆို ပြန်ပြီး ဆက်သွယ်ပေးမှာပါ။ ဒီပြပွဲကနေ လုပ်ငန်းပိုင်း
ဆိုင်ရာလုပ်ငန်းတွေလည်း ချိတ်ဆက်ဆောင်ရွက်နိုင်အောင် စီစဉ်ထားတာတွေလည်း ရှိပါတယ်” ဟု
ပြောသည်။
ပြည်သူ့ရင်ပြင်အတွင်း
တိုင်းရင်းသားများနှင့် ဝန်ကြီးဌာနများ၏ ပြကွင်းပြကွက်များ သာမက တစ်ဖက်ခြမ်းတွင် ဖွင့်လှစ်ထားသည့်
စက်မှုဇုန်အသီးသီးမှ လာရောက်ရောင်းချသည့် စက်မှုဇုန်ထုတ်ကုန်ပစ္စည်းများ ဈေးရောင်းပွဲတော်သို့လည်း
လာရောက်ကြသည့် အရေအတွက်မှာ ယခင်နေ့ကထက်ပင် ပိုမိုများပြားနေသည်ကို တွေ့မြင်ရသည်။
ခင်းကျင်းရောင်းချ
အဆိုပါ စက်မှုထုတ်ကုန်
ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခုမှ စက်မှုထုတ်ကုန်ပစ္စည်းများ
ရောင်းချသည့်ဆိုင်ခန်းပေါင်း ၃၂၂ ခန်းနှင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့မှ အသေးစား၊ အငယ်စား၊
အလတ်စားထုတ်ကုန် ဆိုင်ခန်း ပေါင်း ၃၈ ခန်း စုစုပေါင်း ဆိုင်ခန်း ပေါင်း ၃၈၇ ခန်းအား
ခင်းကျင်းရောင်းချလျက်ရှိသည်။
ဆိုင်ခန်းများနေရာချ
ခင်းကျင်းထားမှုနှင့်ပတ်သက်၍ ဈေးရောင်းပွဲတော်တာဝန်ခံ ဒေါက်တာ ခင်သော်တာဝင်းက “ရန်ကုန်တိုင်း
ဒေသကြီးအတွင်းမှာရှိတဲ့ စက်မှု ဇုန် ၂၉ ခုတည်ရှိတဲ့ မြေပုံအတိုင်း ရန်ကုန်အရှေ့ခြမ်းမှာရှိတဲ့
ဇုန်တွေ ကို အေနဲ့ ဘီ အတန်းဘက် ချထားပြီး မြောက်ပိုင်းမှာရှိတဲ့ ဇုန်တွေကိုတော့ စီနဲ့
ဒီ အတန်းအနေနဲ့ နေရာချထားပေးထား ပါတယ်။ စက်မှုဇုန် ၂၉ ခုက စက်မှု ထုတ်ကုန်တွေနဲ့ အခြားပြည်နယ်
နဲ့ တိုင်းတွေကတော့ ဒေသထွက် လက်မှုထုတ်ကုန်တွေ ရောင်းချပေးတာဖြစ်ပါတယ်”ဟု ပြောသည်။
ဈေးပွဲတော်တွင်
စက်မှုဇုန်အသီးသီးမှ ဖွင့်လှစ်ထားသည့် စားသောက်ကုန်၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်း၊ ပရိဘောအမျိုးမျိုး၊
ပလတ်စတစ်ပစ္စည်း၊ သံထည်၊ အိမ်အသုံးအဆောင် ပစ္စည်းအမျိုးမျိုး၊ စာအုပ်ဆိုင်များ၊ ဆေးဝါးဆိုင်ခန်းများ
စသည်တို့တွင်သာမက အခြေခံစားကုန်ဖြစ်သည့် ဆန်နှင့်စားသုံးဆီ ရောင်းချသည့် ဆိုင်များတွင်လည်း
ရောင်းသူဝယ်သူများဖြင့် စည်ကားလျက်ရှိသည်။
မြန်မာနိုင်ငံ
ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက ရောင်းချသည့်ဆိုင်တွင် ဈေးဝယ် နေသည့် ဒေါ်သန်းသန်းလှက
“ရန်ကုန်တစ်ဖက်ကမ်း ဒလက လာတာပါ၊ ဒီနေ့မှ လာတာပါ။ ဒီမှာ ဆီလေးဝယ်တယ်။ စျေးနှုန်းလေးလည်း
သက်သာတယ်။ ပြခန်းတွေကတော့ တိုင်းရင်းသားပြခန်း၊ မကွေးတိုင်းပြခန်းတို့ အဲဒါတွေတော့
ကြည့်ပြီးပါပြီ။ မြင်တာတော့ ကိုယ်လိုချင်တာ ရှိရင်ဝယ်မှာပဲ၊ စျေးကအပြင်ထက် သက်သာပါတယ်။
စျေးပွဲတော်ကို လာရတာပျော်ပါတယ်” ဟု ပြောသည်။
ပဲခူးတိုင်းဒေသကြီးမှ
ဈေးပွဲတော်သို့ လာရောက်လည်ပတ်သည့် မောင်စည်သူမောင်က “ဘောင်းဘီတို့၊ အဝတ်အထည်တို့ ဝယ်ခဲ့တယ်။
တခြားပြခန်းတွေ တော့ မကြည့်ရသေးဘူး။ ဝယ်ရ တာ အဆင်ပြေပါတယ်” ဟု ပြော သည်။
မီးရောင်စုံထွန်းညှိထား
ညနေပိုင်းတွင်လည်း
ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကျင်းပရာ ပြည်သူ့ရင်ပြင်အတွင်းပြပွဲ၊ ဆိုင်ခန်းများလာရောက်သူများ၊
မီးရောင်စုံထွန်းညှိထားသည့် ဆင်ရုပ်ပုံရေပန်း၊ တိုင်းရင်းသားစုံတွဲပုံ ရုပ်ပုံလေးများ၊
ပန်းပင်လေးများဖြင့် ဓာတ်ပုံရိုက်သူများ၊ တေးဂီတဖျော်ဖြေမှုများကို လာရောက်ကြည့်ရှုသူများနှင့်
ဈေးပွဲတော်သို့ လာရောက်သူများဖြင့် စည်ကားလျက်ရှိသည်။
သတင်း - နဒီမင်း
ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)
No comments:
Post a Comment