နေပြည်တော် ဖေဖော်ဝါရီ ၁၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပေါင်းလောင်း မြစ်ပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၁)တည်ဆောက်ရေးမှ အကောင် အထည်ဖော်တည်ဆောက်လျက်ရှိသည့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းရှုရပ်မှနေ၍ စီမံကိန်းဧရိယာအတွင်း ပင်မတမံ မြေကြီး/ကျောက်သားတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ရေလွှဲစနစ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် မြေကြီး/ကျောက်သား တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းအတွင်း အလယ်ပေါင်းလောင်းမြစ်ကူး တံတားတည်ဆောက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ အလယ်ပေါင်းလောင်း မြစ်ကူး တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အပ်ငွေလုပ်ငန်းစနစ်ဖြင့် တာဝန်ယူတည်ဆောက်ပေးခြင်း ဖြစ်ပြီး လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အားစီမံကိန်းရှင်းလင်းဆောင်၌ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများနှင့် ခွင့်ပြုဘဏ္ဍာရန်ပုံငွေ ရရှိ/သုံးစွဲမှု အခြေအနေများ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသည် စီမံကိန်းလုပ်ငန်းတစ်ခုလုံး ပြီးစီးမှုရှစ်ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ကြောင်း၊ အလယ်ပေါင်းလောင်း ရေအား လျှပ်စစ်စီမံကိန်းအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရန်ပုံငွေ ဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများသည် မတ်လ မတိုင်မီ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သောကြောင့် စီမံကိန်းအား IPP/BOT စနစ်ဖြင့် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရန် Notice to Proceed–NTP ထုတ်ပေးထားသည့် Pan Theingi Energy Co.,Ltd. သို့ ဖေဖော်ဝါရီလကုန်တွင် စနစ်တကျ လွှဲပြောင်းပေးသွားရန်ဖြစ်ကြောင်း၊ Pan Theingi Energy Co.,Ltd. မှ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကုမ္ပဏီအနေဖြင့် ယခုနှစ် ပွင့်လင်းရာသီ လက်ကျန်ကာလအတွင်း ဆောင်ရွက်နိုင်မည့်လုပ်ငန်းများဖြစ်သည့် စီမံကိန်းချဉ်းကပ်လမ်း အဆင့်မြှင့်တင်ဖောက်လုပ်ခြင်းလုပ်ငန်း၊ ရေလွှဲရေထုတ်ပြွန် ဆက်လက်တည်ဆောက်ခြင်းလုပ်ငန်း၊ ပင်မတမံမြေကြီး/ကျောက်သားတူးဖော်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေး အမြန်စီမံသွားရန်ဖြစ်ကြောင်း၊ ဆက်လက်၍ Pan Theingi Energy Co.,Ltd. အနေဖြင့် တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ စုဆောင်းခြင်း၊ ပင်မတမံ RCC တွင်အသုံးပြုမည့် ခွဲကျောက်စုဆောင်းထုတ်လုပ်ခြင်း၊ စီမံကိန်းအတွက် လိုအပ်သော စက်၊ ယာဉ်၊ ယန္တရားများပို့ဆောင်ခြင်းစသည့်လုပ်ငန်းများကိုလည်း ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို စနစ်တကျပြုစုရေးဆွဲ၍ အမြန်တင်ပြသွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်စဉ် အခက်အခဲများဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရန်နှင့် ဌာနအနေဖြင့်လည်း လိုအပ်သည်များ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားသည်။
ဆောင်ရွက်လျက်ရှိ
အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း သည် နေပြည်တော် ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် RCC ကွန်ကရစ် ရေလှောင်တမံတည်ဆောက်ပြီး စုစုပေါင်း စက်တပ်ဆင်အင်အား ၁၆၆ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တပ်ဆင်တည်ဆောက်ကာ နှစ်စဉ် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၅၉၂ သန်း ထုတ်လုပ်ပြီး နိုင်ငံတော် ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ရှစ်ရာခိုင်နှုန်းခန့်ကိုဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျန်လုပ်ငန်းများကို IPP/BOT စနစ်ဖြင့် Pan Theingi Energy Co.,Ltd. မှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် စတင် ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment