Thursday, February 23, 2023

အလိမ်အညာလှည့်စားမှုများအား သတိတရားလက်ကိုင်ထားရှောင်ရှား



 လောကကြီးအတွင်းဝယ် အသိအမြင်ဗဟုသုတနှင့် ဆင်ခြင်တုံတရားအားနည်းမှုကို အကြောင်းပြု၍ မကောင်းမှုများ၊ မသမာမှုများ၊ လိမ်ညာလှည့်ဖြားမှုများ ကျင်လည်ကျက်စားနေကြသည်ကို သတိပြုရမည်ဖြစ်သည်။ အထူးသဖြင့် နည်းပညာ ထွန်းကားနေသောကာလတွင် ပြည်သူလူထုကြား၌ သုံးစွဲနေသောလူမှု ကွန်ရက်များကို အသုံးချ၍ မသမာသူတို့ကမကောင်းမှုများ ကျူးလွန်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ နည်းပညာသည် လူသားများကောင်းကျိုးများကို ဆောင်ကြဉ်းနေသလို မသမာသူများက ထိုနည်းပညာကိုအသုံးပြု၍ လူသားတို့၏အကျိုးစီးပွားများကို ဖျက်ဆီးနေကြသည်။ သတင်းအချက်အလက်နှင့်နည်းပညာ ထွန်းကားလာသည့်ခေတ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမျက်နှာစာများပေါ်တွင် သတင်းတု၊ သတင်းယောင်၊ သတင်းအမှား၊ အမုန်းစကားနှင့် အလိမ်အညာလှည့်ဖြား မှုများ များစွာပေါ်ထွက်လျက်ရှိသည်။

မမှန်သတင်းများကို ဟန့်တားနိုင်ရန်အတွက် မခိုင်မာသည့်သတင်းအချက် အလက်အရင်းအမြစ်များကို အလွယ်တကူမယုံကြည်မိရန်လိုသည်။ အခြေအမြစ်မရှိ သည့်သတင်းအချက်အလက်များကို မယုံကြည်ရန်အတွက် ဖော်ပြနေကျမဟုတ်သည့် ခါတော်မီသတင်းများ၊ သတင်းဟောင်းများ၊ ညံ့ဖျင်းနေသည့် အချက်အလက်များ၊ တင်ပြမှုများ၊ မမှန်ကန်သည့်ပြောဆိုစည်းရုံးမှုများကို သတိထားရန်လိုပါသည်။ အများက အသိအမှတ်မပြု၊ မိမိကိုယ်တိုင်လည်း ကောင်းစွာမသိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံမှ ပေါ်ထွက်လာသောသတင်းအချက်အလက်များကို မှန်ကန်မှု ရှိ မရှိ၊ ယုတ္တိတန်မှုရှိ မရှိ ကိုယ်ပိုင်ဆင်ခြင်တုံတရားဖြင့် သေချာစွာစိစစ်သုံးသပ်ကြည့် ရန် လိုအပ်ပေသည်။

နိုင်ငံရေး၊ စီးပွားရေး သတင်းမှားများကြောင့် ပြည်သူအချို့ နစ်နာဆုံးရှုံးမှုတို့နှင့် လမ်းမှားပေါ်သို့ ရောက်ရှိသွားကြသည့်အဖြစ်များကို သင်ခန်းစာယူကြရမည် ဖြစ်သည်။ မကြာသေးမီရက်ပိုင်းက နည်းပညာပိုင်းဖြင့် ဆက်သွယ်ရေးကွန်ရက် ကိုအသုံးပြု၍ ငွေကြေးလိမ်လည်မှုကိုတွေ့ရပေသည်။ အဆိုပါငွေကြေးလိမ်လည်မှု မျိုးကို ယခင်ကလည်း ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သည်။ ယခုထပ်မံကြုံတွေ့ရခြင်းသည် ပြည်သူများကြားတွင် အသိအမြင်ဗဟုသုတများ လိုအပ်နေသည်မှာ ပေါ်လွင်ပေသည်။ မသမာသူများက လူပုဂ္ဂိုလ်အချို့၏ဘဏ်ငွေစာရင်းများအတွင်းမှ နည်းပညာဆိုင်ရာ ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍ ငွေကြေးလိမ်လည်လွှဲပြောင်း ထုတ်ယူမှုများကျူးလွန်ခဲ့ရာ လူပုဂ္ဂိုလ်အချို့ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့များက စုံစမ်းဖော်ထုတ်၍ ဖမ်းဆီး အရေးယူခြင်းများပြုလုပ်ခဲ့ရသည်။

ယခုအခါ ပြည်သူအများစုသည် ဆိုရှယ်မီဒီယာများနှင့် လူမှုကွန်ရက်များကို အသုံးပြု နေကြသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ဖေ့စ်ဘွတ် သုံးစွဲသူပေါင်း လူဦးရေသန်း ၃၀ နီးပါးရှိသည်ဟုသိရသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၅၁ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။ လူမှုကွန်ရက်သုံးစွဲသူများပြားသလို လူမှုကွန်ရက် ပေါ်မှတစ်ဆင့် အဖျက်အမှောင့်အမျိုးမျိုးအပြင် ငွေကြေးလိမ်လည်မှုများ များပြား လာသည်ကိုတွေ့ရသည်။ ယခုကဲ့သို့ ငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍ ပြည်သူ အချို့အနေဖြင့် မိမိတို့၏ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်၊ ကိုယ်ရေးအချက်အလက် များနှင့် လုပ်ငန်းလိပ်စာများကို ဆက်သွယ်မှုလွယ်ကူစေရန်အတွက် လူမှုကွန်ရက် ဆိုရှယ်မီဒီယာနှင့်ဖေ့စ်ဘွတ်တို့တွင် ဖော်ပြလေ့ရှိကြရာ ယင်းတို့ကိုအသုံးပြု၍ မသမာသူများက လိမ်လည်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

ပြစ်မှုကျူးလွန်သူများအနေဖြင့် အီးမေးလ်လိပ်စာများကို စောင့်ကြည့်ရယူပြီး ငွေကြေးလိမ်လည်လွှဲပြောင်းရယူနိုင်သည့် အခွင့်အလမ်းများရရှိခဲ့ခြင်းဖြစ်သည်။ လိမ်လည်သူများသည် KBZ Pay Account များအား မသိနားမလည်သူအချို့ထံမှ ငွေကြေးအနည်းငယ်အသုံးပြု၍ ဝယ်ယူကာ အဆိုပါ Account များဖြင့် ငွေကြေး လွှဲပြောင်းရယူရာတွင် ကြားခံအဖြစ် အသုံးပြုကြကြောင်းသိရှိရသည်။ ထို့ကြောင့် အများပြည်သူတို့အနေဖြင့် မိမိတို့၏ဘဏ် Account များအတွင်းမှ ငွေကြေးများကို မသမာသူဒုစရိုက်သမားများက ဆက်သွယ်ရေးကွန်ရက်နည်းပညာကို အသုံးပြု၍ လိမ်လည်လွှဲပြောင်းထုတ်ယူခြင်းမခံရစေရန် မိမိတို့၏ကိုယ်ရေးအချက်အလက်၊ မေးလ်လိပ်စာ၊ ဖုန်းနံပါတ်များအား လုံခြုံမှုရှိစေရန်၊ အထူးသတိပြုရန်နှင့် မသမာ သူများ၏ အသုံးချခံမဖြစ်စေရေး ကိုယ်ရေးကိုယ်တာလိုအပ်ချက်မှတစ်ပါး ဘဏ် Account နှင့် KBZ Pay Account များ ဖွင့်လှစ်ရောင်းချခြင်းများ မပြုလုပ်ကြရန် လိုအပ်ပါသည်။

သို့ဖြစ်ရာ လူမှုကွန်ရက် အွန်လိုင်းနည်းပညာကို အသုံးပြုနေသော ပြည်သူများ အနေဖြင့် မိမိတို့အတွက် ထိခိုက်နစ်နာမှုများမဖြစ်စေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးတို့တွင် နည်းပညာကိုအသုံးချ၍ မမှန်မကန်ဆောင်ရွက် နေသောမကောင်းမှု များအား လေ့လာသတိပြုနိုင်ရန် တိုက်တွန်းအပ်ပါ ကြောင်း။                    

No comments:

Post a Comment