မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသဖြင့် စီးပွားရေးကဏ္ဍ တွင် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိသည်။ ဆန်စပါးထုတ်ကုန်သည် မြန်မာနိုင်ငံအတွက် အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည်။ ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်း အတက်ဘက်သို့ ရောက်လာသည်။ မိုးစပါး၊ နွေစပါး ပေါ်ဦးပေါ်စတွင် ဆန်ဈေးနှုန်း အတက်ဘက်တွင် ဖြစ်လေ့ရှိသော်လည်း ယခုဆန်ဈေးနှုန်းမှာ ယခင်ကာလတူထက် ပိုမိုမြင့်တက် လျက်ရှိသဖြင့် အခြေခံပြည်သူများ နစ်နာမှုမဖြစ်စေရန် အလေးထားဆောင်ရွက်ရမည် ဖြစ်သည်။
ဈေးကွက်စီးပွားရေးစနစ်တွင် ရောင်းလိုအားများပြီး ဝယ်လိုအားနည်းလျှင် ဈေးနှုန်းကျလေ့ရှိပြီး အပြန်အလှန်အားဖြင့် ရောင်းလိုအားနည်းပြီး ဝယ်လိုအားများနေလျှင် ဈေးနှုန်းတက်လေ့ရှိသည်။ ထို့ကြောင့် ဝယ်လိုအား၊ ရောင်းလိုအား သဟဇာတဖြစ်ရေး၊ ကုန်စည်စီးဆင်းမှုချောမွေ့ရေးကို အလေးထားဆောင်ရွက် ကြရသည်။ ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြသည်။ အထူးသဖြင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်မှုမရှိအောင် အထူးသတိပြုရသည်။ လက်ရှိကာလသည် စပါးပေါ်ချိန်ဖြစ်သကဲ့သို့ အစိုဓာတ်လည်း နည်းပါးသော အချိန်ဖြစ်သောကြောင့် ဆန်သိုလှောင်မှုများပြုလုပ်ကြသည်။ ထိုအခါဈေးကွက်တွင် ပြတ်လပ်သည့်သဘောဖြစ်၍ ဈေးနှုန်းတက်သည့်အကြောင်းဖြစ်လာသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ဆန်စပါးကို အဓိက စိုက်ပျိုးထုတ်လုပ်နိုင်ကာ အခြားသီးနှံများနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်သဖြင့် စားရေရိက္ခာဖူလုံသောနိုင်ငံဖြစ်သည်။ ပြီးခဲ့သည့်နှစ်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် စီးပွားရေးတွင် ကျပ်တည်းမှုများနှင့် ကုန်ဈေးနှုန်း မြင့်မားမှုများရှိသော်လည်း စားရေရိက္ခာများမှာ ပြတ်လပ်မှုမရှိပေ။ နိုင်ငံတော်အစိုးရအနေဖြင့် လူနည်းစုအကျိုးစီးပွားထက် လူများစု ဖြစ်သည့် ပြည်သူလူထုအကျိုးစီးပွားအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံများသည် နှစ်စဉ်လူဦးရေတိုးတက်လျက်ရှိရာ စားရေရိက္ခာဝယ်လိုအားမှာ အမြဲမြင့်မားလျက်ရှိသဖြင့် ရောင်းလိုအားများ မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းရှိသည်။ ပန်းတိုင်ရည်မှန်းချက်မှာ တစ်ဧကလျှင် တင်း ၁၀၀ ဖြစ်သော်လည်း ယခုအခါ ပျမ်းမျှအားဖြင့် တစ်နိုင်ငံလုံးတွင် တစ်ဧက ၇၅ တင်းသာထွက်ရှိသည်။ ထို့ကြောင့် စပါးတစ်ဧကလျှင် စပါး ငါးတင်း ပိုမိုထွက်ရှိအောင် စိုက်ပျိုးနိုင်မည်ဆိုလျှင် စပါးတင်းပေါင်း ၇၅ သန်း ပိုမိုထွက်ရှိမည်ဖြစ်၍ စပါးစိုက်တောင်သူများအတွက် ဝယ်လိုအားတက်လာမည်ဖြစ်ပြီး တိုင်းပြည်အတွက်လည်း ဝင်ငွေပိုမိုရရှိမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားလာခြင်းမှအစ ရောင်းလိုအား ဝယ်လိုအား သဟဇာတဖြစ်ပြီး ဒေသတွင်းငွေကြေးလည်ပတ်စီးဆင်းမှု ကောင်းမွန် လာမည်ဖြစ်သည်။ ရာသီအလိုက် ဆန်စပါးများ အလျဉ်မပြတ်ထုတ်လုပ်နိုင်သဖြင့် ဆန်ဈေးနှုန်းများလည်း တည်ငြိမ်လာပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း အဆင်ပြေလာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စားရေရိက္ခာဖူလုံသည့်နိုင်ငံဖြစ်သော်လည်း အဓိကကျသည့် ဆန်စားသောက်ကုန် လည်ပတ်ဖူလုံမှု လိုအပ်ချက်များရှိနေသေးသောကြောင့် ဈေးနှုန်းမြင့်မားခြင်းအကြောင်းရှိနေသည်။ အချို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများ တွင် ဆန်စပါးဝမ်းစာသည် ဖူလုံမှုထက်ကျော်လွန်နေသော်လည်း အချို့ဒေသများ တွင် ဖူလုံမှုမရှိသေးဟုသိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆန်ဖူလုံမှု မှာ ၁၄၂ ရာခိုင်နှုန်းရှိသည်။ ဆန်ဖူလုံမှုသည် သဟဇာတမဖြစ်သဖြင့် ဈေးနှုန်း မတည်ငြိမ်မှုဖြစ်လာသည်။ ဆန်ဖူလုံမှုမရှိသောဒေသများတွင် တစ်ဧကချင်းအလိုက် အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်မည်ဆိုပါက ဒေသတွင်းဝမ်းစာဖူလုံမှုကို အထောက်အကူပြုနိုင်ပြီး ဆန်ဈေးနှုန်းကွာဟမှုလည်း နည်းပါးလာမည်ဖြစ်သည်။ ဒေသတွင်း၌ ဆန်စပါးကို ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ပါက စားရေရိက္ခာဖူလုံပိုလျှံပြီး ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်ကာ စီးပွားရေးမြင့်မား တိုးတက်လာမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၂/၂၀၂၃)တွင် “၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံ့စီးပွားရေးအကျပ်အတည်းများရှိခဲ့ကြောင်း၊ သို့သော် ကုန်ဈေးနှုန်းကြီးမြင့်မှုမှလွဲ၍ စားသောက်ကုန်များ ပြတ်လပ်မှုမရှိခဲ့ကြောင်း၊ အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးခြင်းဖြင့် တိုင်းပြည် သာယာဝပြောမှုကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လူနည်းစု၏ အကျိုးစီးပွားကို အားပေးခြင်းမဟုတ်ဘဲ လူများစုဖြစ်သည့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း” ပြောကြားထားချက်နှင့်အညီ ပြည်သူလူထု၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment