Friday, February 17, 2023

မိသားစုတွင်းရှိ ကလေးများသာမက ပရဟိတဂေဟာများရှိ ကလေးများပါ ကလေးသူငယ်အခွင့်အရေး အပြည့်အဝရရှိစေရန်နှင့် မိမိကိုယ်ကို တန်ဖိုးထားတတ်စေရန် ဝိုင်းဝန်းဆောင်ရွက်


နေပြည်တော် ဖေဖော်ဝါရီ ၁၆

မိသားစုတွင်းရှိ ကလေးများသာမက ပရဟိတ ဂေဟာများရှိကလေးများပါ ကလေးသူငယ်အခွင့် အရေး အပြည့်အဝရရှိစေရန်နှင့် မိမိကိုယ်ကို တန်ဖိုးထားတတ်စေရန် ဝိုင်းဝန်းဆောင်ရွက်ပေး ကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို တိုက်တွန်းပြောကြားသည်။

တိုက်တွန်းပြောကြား

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ယနေ့ကျင်းပသည့် နိုင်ငံအတွင်းရှိ ပရဟိတဂေဟာများတွင် ကလေးသူငယ်များအား လက်ခံစောင့်ရှောက်မှုနှင့် ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေအားလေ့လာ ဆန်းစစ်သည့် သုတေသနလုပ်ငန်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထိုသို့တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကလေးငယ်များသည် မိမိတို့နိုင်ငံ၏ အနာဂတ်များဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိသားစုနှင့်မနေရသော၊ ပရဟိတဂေဟာများတွင် ရောက်ရှိနေသော ကလေးများကို နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များအဖြစ် သတ်မှတ်၍ တန်ဖိုးထားစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနလုပ်ငန်းသည်လည်း အရေးပါကြောင်း၊ သုတေသနမှ ထွက်ပေါ်လာသော ရလဒ်များဖြင့် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ယခု သုတေသနမှ ထွက်ပေါ်လာသော ရလဒ်များကိုလည်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီအစည်းအဝေးတွင် ရှင်းလင်းတင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ချက်များအပေါ်မည်သို့ ဖြေရှင်းဆောင်ရွက်ပေးရမည်ဆိုသည့် နည်းလမ်းများရရှိလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းအစည်းအဝေးတွင် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများက နိုင်ငံအတွင်းရှိ ပရဟိတဂေဟာများတွင် ကလေးသူငယ်များ လက်ခံစောင့် ရှောက်မှုနှင့် ပတ်သက်၍ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေနှင့်ဆောင်ရွက်ထားရှိမှု အခြေ အနေအား လေ့လာဆန်းစစ်သည့် သုတေသနလုပ်ငန်း နှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်။

ပူးပေါင်းဆောင်ရွက်လျက်ရှိ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ INGOs/NGOs များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် UNCRC ပါ ကလေးသူငယ်များနှင့်ပတ်သက်သည့် အသက် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့် ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် စသည့် ကလေးသူငယ်အခွင့်အရေးလေးရပ်ကို Focal Ministry အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါအခွင့်အရေးလေးရပ်ကို အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာနအနေဖြင့် ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ ပရဟိတဂေဟာ၊ သင်တန်းကျောင်းများတွင် အနိမ့်ဆုံးထားရှိရမည့် စံချိန်စံညွှန်းများ၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း လမ်းညွှန်စသည်တို့ကို ရေးဆွဲပြဋ္ဌာန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment