Tuesday, February 21, 2023

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် မိုင်းဆတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

 

မိုင်းဆတ် ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့သည် ယမန်နေ့ ညနေ(၄)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်သို့ ရောက်ရှိကာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မယ်ဆွမ်တောင်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။




ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအောင်ဟိန်းကျော်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ် ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လမ်းပန်း ဆက်သွယ်ရေးနှင့် မြို့ဖွံ့ဖြိုးတိုးတက်မှုများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်းပြီး အမှာစကားပြောကြားပြီးနောက် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်သိန်း(၃၀)ကို ထောက်ပံ့ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်တို့က လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် ရပ်မိရပ်ဖတို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ်(၂၃၉)သန်းဖြင့် အောင်ဇေယျ ဘက်စုံအားကစားကွင်း အတွင်း၌ တည် ဆောက်ခဲ့သည့် အထူးတန်းပွဲကြည့်စင်(RC)နှစ်ထပ် အဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးမှူး ဦးချစ်ကိုကိုနှင့် တာဝန်ရှိသူတို့က လက်ခံ ရယူခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျဒယ်ရပ်ကွက်ရှိ စမ်းကြဘုရားကျောင်းသို့ သွား ရောက်ကြည့်ရှုပြီး ထောက်ပံ့ငွေကျပ်သိန်း(၃၀)အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ဦးကျဝိုခါးနှင့် ဦးကျအူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)

No comments:

Post a Comment