Thursday, February 23, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၂/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား





နေပြည်တော် ဖေဖော်ဝါရီ ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

 


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်ရမည်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ကိုနိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလ ကို ၆ လ သက်တမ်းတိုးပြီးချိန်တွင် အသစ်ထပ်မံဖွဲ့စည်းသည့် ကောင်စီဝင်များဖြင့် ပထမဆုံး အကြိမ်ပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ လာမည့် ၆ လတာကာလအတွင်း နိုင်ငံတော် အတွက် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရဆောင်ရွက်ရန်ရှိသည့် ကိစ္စများကို တိုင်ပင် ဆွေးနွေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်အဆင့်မူဝါဒများ ချမှတ်ဆောင်ရွက်ရကြောင်း၊ မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှအသစ် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည် ရာနှုန်းပြည့် တည်ငြိမ်အေးချမ်းမှုမရှိသေးခြင်းနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခြေခံလိုအပ်ချက်များမှအစ ဖြည့်ဆည်းဆောင်ရွက်ရန် လုပ်ငန်းများ ရှိနေခြင်းတို့ကြောင့် အရေးပေါ်အခြေအနေကာလကို ၆ လ သက်တမ်းတိုးဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်၊ လူတိုင်းမဲပေးနိုင်ခွင့်ရှိရန်နှင့် နိုင်ငံတစ်ဝှမ်း ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံတိုင်းတွင် ဆန္ဒမဲပေးခြင်းကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ မဲပေးခြင်း၊ မပေးခြင်းမှာ ပြည်သူတစ်ဦးချင်း၏ဆန္ဒဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအားလုံး လွတ်လပ်စွာ မဲပေးနိုင်ရေး ဆောင်ရွက်ပေးရန်မှာ အစိုးရ၏တာဝန်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးချိန်တွင် ခြိမ်းခြောက်မှုများ၊ အကြပ်ကိုင်မှုများနှင့်ဖိအားပေးမှုများမရှိအောင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ မဲဆန္ဒရှင်များ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိအောင်ဆောင်ရွက်ရန်လိုကြောင်း၊ အချို့ EAO များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံအဝန်း ရာနှုန်းပြည့် တည်ငြိမ်အေးချမ်းမှုမရှိသည်ကိုတွေ့ရှိရပြီး တည်ငြိမ်အေးချမ်းမှုရှိအောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း။

လာမည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် လုပ်ဆောင်သင့်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ပါတီအရေအတွက်များပြားသော်လည်း ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အရွေးခံရသည့်ပါတီများ နည်းပါးခဲ့သည်ကို တွေ့ရကြောင်း၊ ၎င်းအခြေအနေသည် နိုင်ငံရေးပါတီများအနေဖြင့် ဒေသနှင့်ပြည်သူလူထုတို့၏ အမှန်တကယ်လိုလားချက်များကို ဖော်ဆောင်ပေးနိုင်ရန် အားနည်းမှုရှိနေပြီး ပြည်သူများ၏ ယုံကြည်ကိုးစားမှုနည်းပါးသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ဒေသနှင့်ပြည်သူများ၏ လိုလားချက်များကို အမှန်တကယ် အကောင်အထည်ဖော်ဆောင်ပေးနိုင်သော ပြည်သူကို အမှန်တကယ်ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ ဖြစ်ရန်လိုကြောင်း၊ အလားတူရွေးကောက်ပွဲတွင်ပါဝင်သည့် ပါတီများသည် လွှတ်တော်ထဲတွင် ကိုယ်စားပြုမှုများမှသာ ပြည်သူ၏အသံနှင့် တိုင်းပြည်မှဖြစ်စေချင်သည်များကို ပြောခွင့်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း၊ ပါတီများတွင် ဦးဆောင်သည့်သူများကိုလည်း ပြည်သူတို့ ၏လိုလားချက်၊ လိုအပ်ချက်များကို သိရှိနိုင်ရေး အခွင့်အလမ်းများ ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ လွှတ်တော်တွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ ကိုယ်စားပြုမှုများပြားလာစေရေး PR စနစ်ဖြင့် ကျင့်သုံးမည်ဆိုပါက ပိုမိုအဆင်ပြေမည်ဖြစ် ကြောင်း၊ ထို့ကြောင့် PR စနစ်ကိုကျင့်သုံးနိုင်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးရာတွင် လက်ခံမှုရှိသည်ကိုတွေ့ရကြောင်း၊ နိုင်ငံရေးပါတီများနှင့် ၎င်းတို့ကို ဦးဆောင်မည့်သူများ၏ အခြေအနေများကို ပြည်သူများမှ လေ့လာနိုင်ရန်အတွက်လည်း အချိန်တစ်ခုပေးရန် လိုအပ်ကြောင်း။

မဲစာရင်းနှင့်ပတ်သက်၍ မဲစာရင်းသည် လူဦးရေနှင့်သန်းခေါင်စာရင်းကို အခြေခံ၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှဆောင်ရွက်သည့် မဲပေးပိုင်ခွင့်ရှိသူစာရင်း၊ ရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက်သည့် မဲစာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မဲစာရင်းဟူ၍ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကောက်ယူသည့် လူဦးရေသန်းခေါင်စာရင်းသည် အခြေခံစာရင်းရှိသဖြင့် ပိုမိုတိကျမှန်ကန်နိုင်မည်ဖြစ်ပြီး အနည်းဆုံး ၁၀ နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူခြင်းသည် မဖြစ် မနေဆောင်ရွက်သင့်သည့် နိုင်ငံတကာစံနှုန်းတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ နောက်ဆုံး သန်းခေါင်စာရင်းကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ခန့်မှန်း လူဦးရေတွက်ချက်မှု အစီရင်ခံစာကိုထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့ခြင်းဖြစ်သဖြင့် ဆယ်နှစ်နီးပါးကြာမြင့်ပြီဖြစ်သောကြောင့် အချို့သော အချက်များကို ပြန်လည်အတည်ပြု ဆောင်ရွက်ရန်လိုအပ်သည်ကိုလည်း ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ ၂၀၂၀-၂၀၂၁-၂၀၂၂ ခုနှစ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် သွားလာမှုခက်ခဲမှုနှင့် သေဆုံးမှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုဖြစ်စဉ်များ၊ နိုင်ငံရေးပဋိပက္ခများကြောင့် ကိန်းဂဏန်းအချက်အလက်များသည် တိကျမှန်ကန်မှုရှိရန် အားနည်းချက်များရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ မဲစာရင်းများကို မှန်ကန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရာနှုန်းပြည့်အသင့်ဖြစ်မှုဖြစ်ရန်အတွက် အချိန်လိုအပ်ချက်ရှိခြင်းကြောင့် မိမိအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတကိုတင်ပြ၍ အရေးပေါ်အခြေအနေကာလကို ၆ လထပ်မံသက်တမ်းတိုးရန်လိုအပ်မှုကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့တင်ပြခဲ့ချိန်တွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဦးစားပေး ဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်ကို ယာယီသမ္မတကြီးမှ မေတ္တာရပ်ခံခဲ့ခြင်းကြောင့် အချို့သောမြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ တည်ငြိမ်အေးချမ်းရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။

တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်လျက်ရှိ

မိမိတို့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စတင်ဖွဲ့စည်းစဉ်ကတည်းကပင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ ၎င်းအပေါ်ဦးတည်ပြီး လုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အသစ်ထပ်မံချမှတ်ပြင်ဆင်၍ ဆောင်ရွက်လျက်ရှိပြီး ပထမအချက်အနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် အချို့သော မြို့နယ်များတွင် စစ်အုပ်ချုပ်ရေးအမိန့်များကို ထုတ်ပြန်၍ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်းသည် ပြည်သူများကို ထိန်းချုပ်ကန့်သတ်ခြင်းမဟုတ်ဘဲ ဒေသခံပြည်သူလူထုတို့၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ဆောင်ရွက်နေကြသည့် အကြမ်းဖက်သမားများ၏ လုပ်ဆောင်ချက်များကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို အလေးထားဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တည်ငြိမ်မှုရှိရန် လိုအပ်သည့်ဒေသများတွင် ပိုမိုအလေးထား ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း။

လူအများစုဖြစ်သည့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိ

ရှေ့လုပ်ငန်းစဉ် ဒုတိယအချက်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သာယာဝပြောရေးဟူသည် ရှေ့လုပ်ငန်းစဉ် ပထမအချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်ကို သတိပြုရန်လိုကြောင်း၊ စားရေရိက္ခာဖူလုံရေးအတွက် မိမိတို့နိုင်ငံတွင် အဓိကဆောင်ရွက်၍ရနိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်နေ ပြည်သူများအားလုံးနီးပါးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြင့် အသက် မွေးဝမ်းကြောင်းလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို အားပေးမြှင့်တင် ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံစီးပွားရေး အကျပ်အတည်းများရှိခဲ့ကြောင်း၊ သို့သော် ကုန်ဈေးနှုန်းကြီးမြင့်မှုမှလွဲ၍ စားသောက်ကုန်များ ပြတ်လပ်မှုမရှိခဲ့ကြောင်း၊ အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးခြင်းဖြင့် တိုင်းပြည်သာယာဝပြောမှုကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လူနည်းစု၏အကျိုးစီးပွားကို အားပေးခြင်းမဟုတ်ဘဲ လူအများစုဖြစ်သည့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုအားပေးဆောင်ရွက်ခြင်းသည် ပြည်နယ်များ၏ နယ်စွန်နယ်ဖျားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

အချို့တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆန်စပါးဝမ်းစာဖူလုံမှုထက်ကျော်လွန်သော်လည်း အချို့ဒေသများတွင် ဖူလုံမှုမရှိသည်ကိုတွေ့ရကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆန်ဖူလုံမှုမှာ ၁၄၂ ရာခိုင်နှုန်းရှိကြောင်း၊ ဆန်ဖူလုံမှုမရှိသည့် ဒေသများတွင် တစ်ဧကချင်းအလိုက် အထွက်နှုန်းများပြည့်မီအောင်ဆောင်ရွက်မည်ဆိုပါက ဒေသတွင်းဝမ်းစာဖူလုံမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဝမ်းစာဖူလုံမှုရှိပြီးဖြစ်သည့် ဒေသများတွင်လည်း တစ်ဧကချင်းအထွက်နှုန်းများကို ယခုထက် ပိုမိုတိုးတက်အောင်ထုတ်လုပ်နိုင်မည်ဆိုပါက ဆန်ထွက်ကုန်များကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်သောကြောင့် ပြည်ပဝင်ငွေများပိုမိုတိုးတက်လာမည်ဖြစ်ပြီး တောင်သူများ၏လူမှုစီးပွားဘဝ ယခုထက်ပိုမိုတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်ပါကလည်း အချို့နေရာများတွင် စိုက်ပျိုးမြေများ တိုးချဲ့ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိထွက်ရှိနေသည့် အထွက်နှုန်းထက် တစ်ဧကလျှင် ၅ တင်း ပိုမိုတိုးတက်ထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် များစွာအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းရှိကြောင်း၊ ပန်းတိုင်ရည်မှန်းချက်မှာ တစ်ဧကလျှင် တင်း ၁၀၀ ဖြစ်သော်လည်း ယခုအခါပျမ်းမျှအားဖြင့် တစ်နိုင်ငံလုံးတွင် တစ်ဧက ၇၅ တင်းသာ ထွက်ရှိလျက်ရှိကြောင်း၊ ထို့ကြောင့် စပါးတစ်ဧကလျှင် စပါး ၅ တင်းပိုမိုထွက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက စပါးတင်းပေါင်း ၇၅ သန်းပိုမိုထွက်ရှိလာမည်ဖြစ်ပြီး စပါးစိုက်တောင်သူများအတွက် ဝယ်လိုအား တက်လာစေမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက်လည်း ဝင်ငွေပိုမိုရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် တောင်သူတစ်ဦးချင်း တစ်ယောက်ချင်းစီ၏ ဝင်ငွေများတိုးပွားလာမှုမှအစပြု၍ ဒေသတွင်နေထိုင်သူများအားလုံး၏ ဝင်ငွေများ ယခင်ကထက်တိုးတက်ကောင်းမွန်လာပြီး ဒေသတွင်း လည်ပတ်သုံးစွဲငွေများပြားလာကာ လူမှုစီးပွားဘဝများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ မြင့်မားစေရေး မိမိအနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

လူသားအရင်းအမြစ်များ ကြွယ်ဝစေရေး ပညာရည်မြင့်မားရေး အားပေးဆောင်ရွက်လျက်ရှိ

စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ်ကောင်းများ လိုအပ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အတွက်လိုအပ်သည့် လူသားအရင်းအမြစ်များရရှိစေရေး ကျောင်းသား၊ ကျောင်းသူများပညာရည်မြင့်မားရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှုနှင့်ပတ်သက်၍ ယခုအချိန်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ထားသော်လည်း အချို့သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုံခြုံရေးအရ၊ စီးပွားရေးအရ ပညာပြန်လည်သင်ကြားမှု မရှိသည်များလည်းရှိကြောင်း၊ ပညာသင်ကြားရန်ပျက်ကွက်နေသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး လာမည့်ပညာသင်နှစ်တွင် ပညာသင်ကြားနိုင်စေရေး တာဝန်ရှိသူများအနေဖြင့် တိုက်တွန်း ဆောင်ရွက်ကြစေလိုကြောင်း၊ အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအခက်အခဲများကြားမှ ကျောင်းများကိုတက်ရောက်နိုင်ရေး ဖွင့်လှစ်ပေးထား ပြီးဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းနေနိုင်ရေး တိုက်တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးနိုင်ငံဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် ကျွမ်းကျင်လုပ်သားများ ရှိရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပေါင်း ၅၀ ရှိအခြေခံ ပညာကျောင်းများ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာဘာသာရပ်များကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ ပညာရည်မြင့်မားစေရန် နိုင်ငံသားတိုင်း KG+9 ထိ ပြီးမြောက်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာပြီးဆုံးသည့်အချိန်တွင် ထိုအထဲမှထူးချွန်သူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်များအလိုက် ကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရည်မြင့်မားသည့် လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်လျက်ရှိ

ရှေ့လုပ်ငန်းစဉ် တတိယအချက်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟူ၍ဖြစ်ပြီး နိုင်ငံရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကာ အုပ်ချုပ်ရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် လျော်ကန်သင့်မြတ်သည့် အုပ်ချုပ်မှုအာဏာကို မဖြစ်မနေခွဲဝေပေးရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်အုပ်ချုပ်ရေးဟူသည်မှာ အာဏာခွဲဝေကျင့်သုံးခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးသည့်အချိန်တွင် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဆောင်ရွက်ရမည်များကို ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၁၊ ၂၊ ၃၊ ၅) ပါ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတို့မှ ပြဋ္ဌာန်းရမည့် ထုတ်ပြန်ရမည့် ဥပဒေများ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ ပြည့်စုံစွာ ဆောင်ရွက်နိုင်မှုမရှိသေးသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်မှု အာဏာခွဲဝေမှုအားလုံးကို အကောင်အထည်ဖော်နိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့်ပတ်သက်၍ ထိရောက်သည့်ပါတီစုံဒီမိုကရေစီ လမ်းကြောင်း၊ တရားမျှတသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ ခိုင်မာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ပါတီများဖွဲ့ရာတွင် ခိုင်မာသည့် ပါတီများဖွဲ့စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်လျက်ရှိ

စတုတ္ထအချက်အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက် များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဟူ၍ ဖြစ်ပြီးဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုထားသည့်ဥပဒေဖြစ်ပြီး ပြည်သူတို့အပေါ်ထားရှိသည့် ကတိကဝတ်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည်လည်း အစိုးရနှင့် EAO များ အကြား၊ နိုင်ငံတကာအဖွဲ့အစည်းများအကြား ထားရှိခဲ့သည့် ကတိကဝတ်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကိုအခြေခံ၍ ငြိမ်းချမ်းရေးကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင်လည်း အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်များကို ဖော်ဆောင် နိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

ခြိမ်းခြောက်မှုနှင့် ဖိအားပေးမှုများမရှိသည့် မဲပေးမှုများဖြစ်ရန်လိုအပ်

ရှေ့လုပ်ငန်းစဉ်၏ နောက်ဆုံးအချက်ဖြစ်သည့် “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့် အချက်အား အကောင်အထည်ဖော်နိုင်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိပြီး ဖိအားကင်းစွာဖြင့် မဲပေးနိုင်မှသာလျှင် လွတ်လပ်၍တရားမျှတသည့် စစ်မှန်သည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အချို့သော နယ်မြေများ၌ ခြိမ်းခြောက်မှုများရှိခြင်းကြောင့် မဲရလဒ်များပြောင်းလဲသွားသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ဖိအားပေးမှုနှင့်ခြိမ်းခြောက်မှုများ မရှိအောင်ဆောင်ရွက်နိုင်မှသာ မဲရလဒ်များမှန်ကန်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အခြေခံသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့၏လိုလားချက်များ၊ ဖြစ်ချင်သည်များကို နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့်ချိန်ထိုး၍ အကောင်းဆုံးဖြစ်အောင် တပ်မတော်အနေဖြင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရအမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်နိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေး ပါတီများအတွက် လုံလောက်သည့်အချိန်တစ်ခုပေးရန် လိုအပ်နေသေးကြောင်း။

အရေးပေါ်သက်တမ်းကာလ ထပ်မံတိုးမြှင့်မှုအပေါ် ပြည်သူများ၏တုံ့ပြန်ချက်များ၊ လိုအင်ဆန္ဒများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂ နှစ်တာကာလ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ ယာယီသမ္မတထံသို့ အစီရင်ခံတင်ပြခဲ့ပြီး အရေးပေါ်အခြေအနေ သက်တမ်းကာလကို ၆ လ ထပ်မံတိုးခဲ့ရာ တွေ့ရှိရသည့် ဝေဖန်မှုများ၊ တုံ့ပြန်ချက်များနှင့် လိုအင်ဆန္ဒများကို လေ့လာဆန်းစစ်ခဲ့ကြောင်း၊ တွေ့ရှိချက်များအရ ရွေးကောက်ပွဲပြန်လည် ဆောင်ရွက်ပေးရန်၊ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ပေးရန်နှင့် ကုန်ဈေးနှုန်းကျဆင်းမှုရှိအောင် ဆောင်ရွက်ပေးရန်ဟူသည့် အချက် ၃ ချက်သည် အဓိကဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု ရှိရန်အတွက် အချို့သောမြို့နယ်များတွင် စစ်အုပ်ချုပ်ရေးအမိန့်ကိုထုတ်ပြန်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ရာတွင် ယခင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ်ခိုင်မာစေရေး တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်ဒီမိုကရေစီနှင့်လူ့အခွင့်အရေး အမည်ခံသူများအနေဖြင့် မဲစာရင်းမှားယွင်းမှုများအပေါ် ဥပဒေအရဖြေရှင်း ဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက်လမ်းစဉ်ကို ဆောင်ရွက်ခဲ့ခြင်းသည် မှားယွင်းသည့် နည်းလမ်းဖြစ်ကြောင်း၊ ထိုသို့ထပ်မံမဖြစ်ပွားစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲသည် တိုင်းပြည်တစ်ခု၏ သိက္ခာပင်ဖြစ်သဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပေါ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ရန် အချိန်လိုအပ်နေသေးကြောင်း။

ကုန်ဈေးနှုန်းကျဆင်းစေရေးနှင့်ပတ်သက်၍ ကုန်ဈေးနှုန်းများမြင့်တက်ရခြင်းမှာ ယခင်က ထုတ်ကုန်နည်းပါးပြီး သွင်းကုန်များများပြားခြင်းကြောင့် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ -၂၀၂၁ ခုနှစ်တွင် ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာနှင့်တစ်ဝန်း ကုန်ပစ္စည်းရှားပါးမှု၊ ပို့ဆောင်ရေးနှင့် လုပ်သားလိုအပ်ချက်များကြောင့် ကုန်ဈေးနှုန်များမြင့်တက်လာခဲ့ကြောင်း၊ ဓာတ်မြေဩဇာများ၊ စက်သုံးဆီများစသည့် သွင်းအားစုများ၏ ကုန်ဈေးနှုန်များမြင့်တက်လာခြင်းနှင့် လုပ်သားရှားပါးလာခြင်းများကြောင့် ထုတ်ကုန်များ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိသည့်နိုင်ငံဖြစ်သဖြင့် စက်သုံးဆီများဈေးနှုန်းမြင့်တက်လာချိန်တွင် လျှပ်စစ်ဓာတ်အားခများလည်း မြင့်တက်လာသည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း အခြေခံကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိခဲ့ကြောင်း၊ နိုင်ငံ့ဝင်ငွေတိုးတက်စေရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက် စေရေးအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ ကုန်ဈေးနှုန်းများကျဆင်းလာ မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရေး တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတကာဆက်ဆံရေး ကောင်းမွန်အောင်ဆောင်ရွက်

နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ၊ ဘင်းစတက်စ် အဖွဲ့ဝင်နိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများနှင့် ဆက်ဆံမှုကောင်းရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကိုစောင့်ထိန်းလျက် အခြားနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနိုင်ငံတွင်း၌ ဖြစ်ပေါ်နေသောအခြေအနေများသည် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း၊ ကျင်းပမည့်ရွေးကောက်ပွဲသည်လည်း မိမိတို့နိုင်ငံ၏ရွေးကောက်ပွဲဖြစ်ပြီး ကမ္ဘာ့ရွေးကောက်ပွဲမဟုတ်ကြောင်း၊ မိမိတို့နိုင်ငံသားများအတွက် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ် ကြိုးပမ်းလျက် ရှိသကဲ့သို့ မိမိတို့နိုင်ငံသည်လည်း ရှေ့သို့ရောက်ရှိစေရေး ဆက်လက်ကြိုးပမ်းအား ထုတ်နေရမည်ဖြစ်ကြောင်း၊ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward to Achieve Our Goal” ဆိုသည့်အတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့သို့ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိ၏အမြင်များကို ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးများကို ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို အကြံပြုဆွေးနွေး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကောင်စီဝင်များက တည်ငြိမ်အေးချမ်းမှုလိုအပ်နေသည့် အချို့ဒေသများ အမြန်ဆုံးတည်ငြိမ်အေးချမ်းစေရေး၊ တိုင်းရင်းသားဒေသများတွင် ခန့်အပ်ထားသော တိုင်းရင်းသားဘာသာစကားသင် နေ့စားလပေး ဆရာ၊ ဆရာမများ၏ကိစ္စရပ်များ၊ Application အသုံးပြု၍ Online ငွေချေးလုပ်ငန်း ဆောင်ရွက်နေသူများကို စိစစ်မှုများပြုလုပ်ပေးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ နေ့စားလပေး ဆရာ၊ ဆရာမများ၏ လစာ၊ ခံစားခွင့်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဆွေးနွေးသုံးသပ်၍ ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များ၊ ပညာရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်ပေးလျက် ရှိသည့်ကိစ္စရပ်များနှင့် Online ငွေချေးလုပ်ငန်းနှင့်စပ်လျဉ်းပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ စိစစ်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အသစ်ဖွဲ့စည်းထားသည့် ကောင်စီနှင့်ကောင်စီဝင် များအား ကြိုဆိုပါကြောင်း၊ ကောင်စီဝင်များအနေဖြင့် နိုင်ငံကိုကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်၍ မိမိတို့၏ဒေသအတွက်၊ နိုင်ငံတော်၏အကျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်၊ အမျိုးသားရေးရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်များအပေါ်အခြေခံပြီး နိုင်ငံတော်၏အတွက် အကျိုးရှိစေမည့် ကိစ္စရပ်များကို ဦးစားပေးတင်ပြခြင်း၊ ဆောင်ရွက်ခြင်းတို့ကိုလုပ်ဆောင်စေလိုကြောင်း၊ အချို့ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်နှင့် ထိုသို့တင်ပြမှသာ ကြန့်ကြာမှုမရှိဘဲ ဆောလျင်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များကို တာဝန်ပေးအပ်ရာတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံနှင့် လုပ်ငန်းတာဝန် အပေါ်မူတည်၍ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး အတတ်နိုင်ဆုံး တိုင်းရင်းသားအားလုံးကို ကိုယ်စားပြု ပါဝင်နိုင်အောင် ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း။

ကောင်စီဝင်များအနေဖြင့် တိုင်းပြည်အတွက် ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်ပြီး ကောင်စီသည် နိုင်ငံတော်တွင် အဆင့်အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည့်အတွက် ယင်းနှင့်လျော်ညီစွာ ပြောဆို၊ ပြုမူလုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်တစ်ဦးချင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ကိုယ်စားပြု၍ တာဝန်ယူ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် တိုင်းပြည်ကိုတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး ပြည်သူများလုံခြုံစိတ်ချ စိတ်ချမ်းသာစွာ နေနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးရန်လိုကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးရာတွင် ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးပြီး စီးပွားရေးကောင်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှာသာ တိုင်းပြည်၏ စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်လာပြီး တိုင်းပြည်၏ ဂျီဒီပီ တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ဆောင်ချက်များသည် သမိုင်းတစ်ခုကို တာဝန်ယူခြင်းဖြစ်သည့်အတွက် မှတ်ကျောက်တင်ခံနိုင်သော လုပ်ဆောင်ချက်များ ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် အရာရာကို အရှည်မျှော်တွေး၍ လုပ်ဆောင်ကြရန်လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment