Wednesday, February 22, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တတိယအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ပေးအပ်လှူဒါန်းခြင်းအခမ်းအနား တက်ရောက်

 


နေပြည်တော် ဖေဖော်ဝါရီ ၂၁

နေပြည်တော်ကောင်စီကကြီးမှူး၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးတို့အမှူးပြုသော မိတ်ဆွေသင်္ဂဟများကလှူဒါန်းသည့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်အဆူ ၄၃၂၀ တို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသ မဟာထေရ်မြတ်အမှူးပြုသော ဆရာတော်ကြီးကိုးပါးတို့ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး အမှူးပြုသော နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ အလှူရှင်များတက်ရောက်ကြသည်။

ရှေးဦးစွာ ဆရာတော်ကြီးကိုးပါးတို့က ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်အဆူ ၄၃၂၀ တို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူကြသည်။

ထို့နောက် သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှပရိသတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များ ရွတ်ဖတ်ပူဇော်အပ်သော မေတ္တသုတ် ပရိတ်တရားတော်မြတ်များကို နာယူကြသည်။

ယင်းနောက်     နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် အလှူရှင်များကပန်းပေါင်းစုံဗုဒ္ဓ ရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက် ထားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နေပြည်တော်တိုင်း သံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်၊ နေပြည်တော်ပျဉ်းမနား မြို့နယ် သရက်ကုန်းကျောင်းတိုက်ပဓာနနာယက ဆရာတော်ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ် ကြီးထံမှ အနုမောဒနာ တရားနာကြားကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးအမှူးပြုသော အလှူရှင်များက နေပြည်တော်ကောင်စီရုံးရှိ ဝန်ထမ်းများ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီရုံးဝန်ထမ်းများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ စစ်မှုထမ်းများ၊ နေပြည်တော်စည်ပင်သာယာဖွံ့ဖြိုးရေးဘဏ်ရှိ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများအတွက် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပေးအပ်လှူဒါန်းရာသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက လက်ခံရယူကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်ဂူတော်အတွင်း၌ ပထမအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၃၂၂၂ ဆူတို့အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၃၃၃၉ ဆူတို့အား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် လည်းကောင်း ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း အခမ်းအနားကိုကျင်းပပြီး လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment