နေပြည်တော် ဖေဖော်ဝါရီ ၁၂
၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ. သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံရေးနှင့် ပြည်ထောင်စုကြီးထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်ရေး၊ ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသားလူမျိုးများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ် အောင်မြင်စေရေး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ညီလက်ညီလက်တွဲဆောင်ရွက်ရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်ဆောင်ရွက်ပေးရေး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရေးဟူသည့် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ဖြင့် အနှစ်သာရပြည့်ဝစွာ ကျင်းပခြင်းဖြစ်သည်။
ဦးစွာ (၇၆) နှစ်မြောက် ပြည်ထောင်စု နေ့နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၅ နာရီခွဲတွင် ကျင်းပရာ တိုင်းရင်းသားတိုင်းရင်းသူများနှင့်အတူ အလံတင်တပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်သည်။
ယင်းနောက် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားသို့ တက်ရောက်အလေးပြုကြမည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားတိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများသည် နံနက် ၅ နာရီမှစတင်၍ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမဥပစာရင်ပြင်သို့ ချီတက်နေရာယူကြသည်။
နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကိုနံနက် ၇ နာရီတွင် ကျင်းပရာတပ်မတော်(ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမဥပစာရင်ပြင်သို့ ချီတက်နေရာယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းက ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပသည့် မြို့တော်ခန်းမ ဥပစာရင်ပြင်ရှိ စင်မြင့်ပေါ်၌ နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌသည် တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုရာဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းကဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment