Saturday, February 25, 2023

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

 



ရန်ကုန် ဖေဖော်ဝါရီ ၂၄

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများအား တွေ့ဆုံသည့်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်၊၊

အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာန ရန်ကုန်ရှိ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဦးစီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများအနေ ဖြင့်မိမိတို့ဌာနများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ ဦးစီးဌာနနှင့်ကိုယ်စားပြုသော ဝန်ကြီးဌာန၏တာဝန်များကို ကျေပွန်စွာထမ်းရွက်သွားရန် လိုအပ်ပါကြောင်း၊ တစ်ဦးချင်းအရည်အသွေးမြင့်မားရေးကို တည်ဆောက်ရန်သာမက အစဉ်အမြဲသင်ယူလေ့လာမှုများကို စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံအပေါ်သစ္စာရှိရန် အထူးအရေးကြီးကြောင်းနှင့် လုပ်ငန်းတာဝန်များ ကို ထမ်းဆောင်ရာတွင်လည်း ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ရေး အမြဲစဉ်းစားသုံးသပ်၍ မိမိတို့ဌာနများအလိုက် ညှိနှိုင်းတိုင်ပင်ပြီးပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန ဂုဏ်မြင့်အောင်ကြိုးပမ်းဆောင်ရွက်သွားရန် အလေးထားပြောကြားသည်။

ထို့အပြင် နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရန်နှင့် တိကျစွာလိုက်နာဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန၏သဘောသဘာဝအရ ဝန်ထမ်းများသည် ပြည်တွင်း/ပြည်ပ အလှည့်ကျတာဝန်ထမ်းဆောင်နေကြသူများဖြစ်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သိရှိနားလည်သဘောပေါက် ထားရန်လိုအပ်သကဲ့သို့ နိုင်ငံတကာရေးရာများကိုလည်း စဉ်ဆက်မပြတ်လေ့လာသိရှိနေရန် လိုအပ်ပါကြောင်း၊ မိမိနိုင်ငံ၏အခြေအနေအမှန်ကိုသိရှိပြီး နိုင်ငံတကာမျက်နှာစာတွင် အခြားသူများအား နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဦးကိုကိုလှိုင်တို့သည် အမှတ်(၃၇) သံတမန်လမ်း နိုင်ငံခြားရေးဝန်ကြီးဌာန တိုးချဲ့အဆောက်အဦရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံးတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက်များ၊ မူဝါဒများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ရှေ့လုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးသန့်ကျော်၊ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။

သတင်းစဉ်

No comments:

Post a Comment