မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ သံတမန်ဆက်သွယ်ထူထောင်မှုသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် (၇၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သံတမန်ဆက်သွယ်ထူထောင်မှု စိန်ရတုကာလတွင် မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေပြီး ကဏ္ဍပေါင်းစုံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံလက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အမြဲတမ်းမိတ်ဆွေနိုင်ငံ၊ အမြဲတမ်းမဟာမိတ်နိုင်ငံအဖြစ် ရပ်တည်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ်အနေဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကကျင်းပသည့် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံနှင့်ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး တိုးတက်ခိုင်မြဲစေရန် အစဉ်တစိုက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ ရုရှားနိုင်ငံကို မိတ်ကောင်းဆွေကောင်းအဖြစ် လေးစားတန်ဖိုးထားပြီး နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းနိုင်အောင် ဘက်ပေါင်းစုံမှ ဖော်ဆောင်သွားမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံပြည်သူများအချင်းချင်း ရင်းနှီးချစ်ကြည်စွာ ကူးလူးဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ၏ အချက်အချာနေရာတွင် တည်ရှိနေသည့်အတွက် ပထဝီနိုင်ငံရေးအရ အရေးပါသည့်နိုင်ငံဖြစ်သည်။ မြောက်ပိုင်း ဒေသတွင်နှင်းဖုံးသည့် တောင်တန်းကြီးများ၊ အလယ်ပိုင်းဒေသတွင် ထွန်ယက်စိုက်ပျိုးနိုင်သည့် မြေပြန့်လွင်ပြင်များနှင့် တောင်ဘက်ပိုင်းတွင် ပင်လယ်ပြင်နှင့် ကျွန်းစုများတည်ရှိနေသည့်အတွက် ရေမြေရာသီဥတု လွန်စွာကောင်းမွန်သကဲ့သို့ စားရေရိက္ခာနှင့်သဘာဝတွင်းထွက်ပစ္စည်းများထွက်ရှိသည့် တန်ဖိုးမဖြတ်နိုင်သော နိုင်ငံဖြစ်သည်။ တန်ဖိုးရှိသော ရေမြေရာသီဥတုနှင့် သဘာဝတရားများကို အကျိုးရှိစွာအသုံးချပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူနိုင်ငံသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာဝကပေးထားသော အခွင့်အလမ်းကောင်းများစွာရှိပြီးဖြစ်သည့်အတွက် စီးပွားရေးနှင့်ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်ရေးကို နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်နေသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နည်းပညာနှင့်အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်သည်။ အဆိုပါလိုအပ်ချက်ကို ကာလရှည်ကြာသံတမန်ဆက်ဆံရေး ထူထောင်ထားသည့် မိတ်ကောင်းဆွေကောင်း ရုရှားနိုင်ငံနှင့်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်။ ယခု (၇၅)နှစ်မြောက် စိန်ရတုသံတမန်ဆက်သွယ်ထူထောင်မှုကာလတွင် အဓိကအားဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ပညာသင်ကြားရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ နျူကလီးယားစွမ်းအင်နည်းပညာများ တိုးတက်ထွန်းကားလာရေးကို အထောက်အကူဖြစ်မည့် နျူကလီးယားစွမ်းအင်ဆိုင်ရာ သတင်းအချက်အလက်စင်တာတစ်ခုဖွင့်လှစ်ထားပြီး အဆိုပါနည်းပညာဖြင့် လူမှုစီးပွားဘဝနယ်ပယ်များတွင် ငြိမ်းချမ်းစွာအသုံးပြုတတ်အောင် အသိပညာ ဗဟုသုတများ မျှဝေဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် နှစ်နိုင်ငံကူးလူးဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်နိုင်ရေး၊ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍဆိုင်ရာတို့သာမက ကဏ္ဍပေါင်းစုံတွင် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို လက်ခံကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံ၏အကျိုးကို လိုလားသည့် မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့်မဆို လက်တွဲပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိသည်။ ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအပေါ် အမျိုးမျိုးသောဖိအားများ၊ ဝေဖန်မှုများ၊ နှောင့်ယှက်မှုများရှိနေသည့်ကြားတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေအပေါ် နားလည်သဘောပေါက်ပြီး ပူးပေါင်းကူညီ လက်တွဲဆောင်ရွက်ပေးကြသည့် ရုရှားနိုင်ငံအပါအဝင် နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်နှင့်အညီ နိုင်ငံများနှင့် ရင်းနှီးချစ်ကြည်စွာ ဆောင်ရွက်လျက်ရှိရာ အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းမဟာမိတ်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံနှင့် (၇၅) နှစ်မြောက် စိန်ရတုသံတမန်ဆက်သွယ်ထူထောင်မှုကာလတွင် မြန်မာ့လူမှုစီးပွားအကျိုး ဖြစ်ထွန်းမှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်
No comments:
Post a Comment